မြန်မာ့လက်ထပ်မှု ထုံးတမ်းဓလေ့နဲ့ LGBT

ကျနော်က ဗမာ့ဓလေ့တွေထဲမှာ လက်ထပ်ခြင်းဓလေ့ကို သိပ်နှစ်သက်တာ။ ဘာ ဘာသာရေး ထုံးစံမှမပါဘဲ လူမှုဓလေ့သက်သက် ဆီကူလာ ဖြစ်လွန်းလို့။ ဘာသာတရားကလည်း ကိလေသာ၊ တဏှာဖြတ်၊ သံသရာပြတ်အောင် လုပ်ဖို့က အန္တိမဆိုတော့ ဘာသာဓလေ့နဲ့ ဆက်စပ်စရာလည်း အကြောင်းမရှိဘူး။

အရင် ပြောလေ့ရှိပါတယ်။ ကျနော်က စာတွေမှာသာ (မနူးမနပ် စိတ်အား ထက်သန်နေတုန်းက ငါမကယ် သေဖွယ်ရာရှိ စိတ်ဓာတ်နဲ့) ကိုယ့်ပေါင် ကိုယ် ပယ်ပယ်နယ်နယ် လှန်ထောင်းချင် ထောင်းမယ်။ ဒါပေမယ့် ကမ္ဘာအရပ်အရပ်က နိုင်ငံခြားသားနဲ့ဆိုရင် ဗမာ့ဓလေ့က ကောင်းမွန်တဲ့ အကြောင်းတွေကို အကိုးအကားနဲ့ ဥပမာတွေ၊ ဒေသတွင်း တိုင်းပြည်တွေနဲ့ နှိုင်းယှဉ်ချက်တွေ၊ အထူးသဖြင့် အနောက်ဓလေ့ထက် ပိုလွတ်လပ်တဲ့ လက်ထပ်ခြင်းလို ကိစ္စမျိုးတွေဆို ဝေဝေဆာဆာ သာဓကပြု စကားလက်ဆုံကျတိုင်း ရှင်းပြလေ့ရှိတယ်။

ဗမာ့ဓလေ့မှာ အိမ်ထောင်ပြုမှုဓလေ့လောက် လွတ်လပ်တာ ဘာမှ မရှိဘူး။

ဟိုးအရင် ဘာသာထုံးတမ်းတွေနဲ့ ကင်းလွတ်တဲ့ ဆီကူလာ ဖြစ်မှုရဲ့ လူ့အဖွဲ့အစည်းကို အကျိုးပြုမှုသဘောတွေ ဆက်တိုက် ရေးလိုက်မဟဲ့ဆိုတဲ့ စိတ်တွေ ရှိတုန်းက လက်ထပ်ခြင်းဓလေ့ကို ရေးချင်တာ ထိပ်ဆုံးကပေါ့။ နောက်တော့လည်း ဟောရင်းသာ ပျံလွန်တောမှုမယ့် သဘော၊ ဆီသည်မ လက်သုတ်တွေအကြောင်းကို သိနားလည်ပြီး စိတ်ဖြေရင်းနဲ့ ရေးချင်သားချင် စိတ်လည်း မရှိတော့ မရေးဖြစ်ခဲ့ဘူး။
ဘာ ဘာသာရေးအထိမ်းအမှတ် အခမ်းအနား (Ceremony) မှ မပါဘဲ လင်ကိုယ် မယားကိုယ် နှစ်ယောက်တည်း သဘောတူ နေထိုင်ပြီး အရပ်က အသိအမှတ်ပြုရုံနဲ့လူမှုထုံးတမ်း၊ တရားဥပဒေထုံးတမ်း နှစ်ခုစလုံးနဲ့ တရားဝင်တဲ့ ဓလေ့ဆိုတာ နည်းနည်းနောနော လွတ်လပ်မှု မဟုတ်ဘူး။

ဗမာ့ဓလေ့မှာ အိမ်ထောင်ပြုမှုဓလေ့လောက် လွတ်လပ်တာ ဘာမှ မရှိဘူး။

ပုဆိုးတန်းတင် အကြင်လင်မယားဆိုတာ တကယ်တော့ သိပ်လွတ်လပ်တဲ့ Living together တမျိုးပဲ။ ထမင်းလက်ဆုံ စားရုံ၊ ပုဆိုးတန်းတင်ရုံနဲ့ အရပ်က သူတို့ကို မောင်နှံ့တစ်စုံအနေနဲ့ အသိအမှတ်ပြု လူမှုဘဝမှာ လက်ခံနိုင်တဲ့ ခံယူချက်၊ သဘောထားက သိပ်ကျယ်ပြန့်တဲ့ စိတ်နေစိတ်ထားနဲ့ အတွေးအခေါ်ပဲ။

ဗမာ့လူမှုအသိုင်းအဝန်းမှာ လိင်တူချစ်သူတွေဆိုရင် နှာခေါင်းရှုံ့ မေးငေါ့ချင်ကြတယ်။ လိင်တူ လက်ထပ်ခွင့်ကို ဥပဒေအရကော၊ လှုမှုထုံးတမ်းအရပါ လက်မခံကြဘူး။ ဒါက တကယ်တော့ တစ်ဝက်ပဲ မှန်တယ်။ ဗမာလူမှုထုံးတမ်းရဲ့ လွတ်လပ်တဲ့ လက်ထပ်ခြင်းဓလေ့ကြောင့် တကယ်တော့ လိင်တူလက်ထပ်ခွင့်ကို လှုမှုထုံးတမ်းအရ လက်မခံဘူးဆိုတာ မမှန်ဘူး။

ငယ်ငယ်က စာသင်ရတဲ့ ဘုန်းကြီးကျောင်း ရှိတယ်။ ဘုန်းကြီးကျောင်းနဲ့ ကပ်လျက် အစိုးရဌာနမြေတစ်ခုမှ စျေးဆိုင်လေး တွေ ရှိတယ်။ တစ်ဆိုင်က ကျနော်တို့ ငယ်ငယ်က မုန့်စားနေကျ၊ ကြီးတော့ ကွမ်းစာ၊ ဆေးလိပ်သောက် လုပ်နေကျ ကွမ်းယာဆိုင်လေး။ အမျိုးသမီး လိင်တူချစ်သူ Lesbian နှစ်ယောက်ပေါင်းရဲ့ စီးပွားဆိုင်လေးပဲ။ သူတို့ကို ဘိုထီးနဲ့ ဘိုမလို့ အရပ်က ခေါ်ကြတယ်။ ပျော်ရွှင်တဲ့ အိမ်ထောင်ဘဝ တည်ဆောက်ပြီး သုခချမ်းသာ ရကြတယ်။ ကလေးတောင် ယူ မွေးစားထားလိုက်သေးဗျာ။ ချစ်လိုက်တာလည်း အများအားကျ ကြည်နူးစရာ။ အရပ်ကလည်း သူတို့ကို လင်မယား၊ ဇနီးမောင်နှံအဖြစ်ပဲ မြင်ကြ၊ အသိအမှတ်ပြုကြတယ်။

ဘာ ဥပဒေအရ လိင်တူလက်ထပ်ခွင့် အခွင့်အရေး (Gay or Lesbian Marriage Right) ကို ဒီမိုကရေစီ လူ့အဖွဲ့အစည်း အနောက်မှာလို တကူးတက သီးသန့် တောင်းနေစရာ မလိုဘူး။ အကြောင်းက ဗမာ့လူ့အဖွဲ့အစည်းမှာ လွတ်လပ်တဲ့ ထိမ်းမြားလက်ထပ်ခြင်းဓလေ့ ရှိနေပြီးသား ဖြစ်လို့ပဲ။

ဘာ ဥပဒေအရ လိင်တူလက်ထပ်ခွင့် အခွင့်အရေး (Gay or Lesbian Marriage Right) ကို ဒီမိုကရေစီ လူ့အဖွဲ့အစည်း အနောက်မှာလို တကူးတက သီးသန့် တောင်းနေစရာ မလိုဘူး။ အကြောင်းက ဗမာ့လူ့အဖွဲ့အစည်းမှာ လွတ်လပ်တဲ့ ထိမ်းမြားလက်ထပ်ခြင်းဓလေ့ ရှိနေပြီးသား ဖြစ်လို့ပဲ။ ကဲ… ဘယ်လောက် ဂုဏ်ယူစရာကောင်းလဲ။ ကျနော် အဲဒီအချက်ကို လေးငါးတန်း ကျောင်းသားဘဝ ဘိုထီး၊ ဘိုမဆိုင်မှာ ကျက်စားနေကတည်းက မြင်ခဲ့၊ သိခဲ့၊ နားလည်၊ အသိအမှတ်ပြု တန်ဖိုးထားတတ်ခဲ့တယ်။

ဆိုတော့… ဘာသာရေးနဲ့ ဥပဒေအရ ချုပ်နှောင်မှု မရှိတဲ့၊ လွတ်လွပ်စွာ တူနှစ်ကိုယ် သဘောတူ လက်ထပ်ပေါင်းသင်း နေထိုင်ခွင့် Living Together ကို ရှေးပဝေသဏီကတည်းက ကျင့်သုံးတဲ့၊ လက်ထပ်ထိမ်းမြားခြင်း ညီမျှတရားမျှတမှု (Marriage Equality) အရ လိင်တူလက်ထပ်ခွင့် အခွင့်အရေး (Same Sex Marriage Right) ကို တောင်းစရာ မလိုဘဲ အပြည့်အဝ ရရှိခံစားနေတဲ့ ကျယ်ပြန့်တဲ့ စိတ်ရင်းသဘောထားရှိတဲ့ ကျနော်တို့ ဗမာ့လူအဖွဲ့အစည်းရဲ့ ကောင်းမွန် အမြစ်တွယ်နေပြီဖြစ်တဲ့ ထုံးတမ်း၊ သဘောထား၊ ဓလေ့၊ အမြင်၊ ခံယူချက်တွေ ဗျာ…။

ဒါတွေကို ဘာလို့ အခုမှ ဘာသာ၊ လူမျိုး အကြောင်းပြ အရောင်တွေဆိုးချင်၊ သဘောထားတွေ ပြောင်းဖို့ ကြိုးစာချင်ကြတာလဲ။

မိတ်ဆွေတို့ ရှေးရိုးစွဲချင်သလား။ ဗမာ့ယဉ်ကျေးမှု၊ ဓလေ့တွေကို သိပ် ထိန်းသိမ်းနေချင်သလား။ ဒီလို ကိုယ့်ဆီ အခြေတည် ရှိနေပြီးသား (၂၁) ရာစုနဲ့ တန်းဝင်တဲ့ အတွေးအခေါ်၊ ဓလေ့ကောင်းတွေအတွက် ရှေးရိုးစွဲ၊ ဆက်လက် ထိန်းသိမ်းပစ်လိုက်စမ်းပါ။ ကျန်တဲ့ အပိုဆာဒါး လက်တွေ့အကျိုးမဲ့ အလုပ်မဖြစ်တဲ့ အတွေးအခေါ်တွေ၊ သတ်မှတ်ချက်တွေ ဝင်မစွက်လာစေပါနဲ့။

ငြိမ်းချမ်းအေး

၁၃ ၊ ဇွန် ၊ ၂၀၁၃

မှတ်ချက်။            ။ ငြိမ်းချမ်းအေ၏ Facebook စာမျက်တွင် LGBT တွေအပေါ် ခွဲခြားမှုနဲ့ ပတ်သက်၍ ၎င်း၏ သဘောထားအား ရေးသားထားသည်ကို ပြန်လည်မျှဝေဖော်ပြခြင်း ဖြစ်သည်။

ဆောင်းပါး ခေါင်းစဉ်အား အယ်ဒီတာအဖွဲ့မှ သင့်တော်သလို ပေးထားခြင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.