မြန်မာ့လူ့အဖွဲ့ အစည်းထဲက LGBT တွေကိုလည်း တခြားနိုင်ငံတွေလိုပဲ လူ့အခွင့်အရေးအပြည့်ရစေချင်သူ Bella (မြတ်သီရိလွင်) နှင့် တွေ့ဆုံမေးမြန်းခြင်း

အနုပညာကြယ်ပွင့် မော်ဒယ်သရုပ်ဆောင်ဖြစ်သူ Bella (ခ) မြတ်သီရိလွင်နဲ့တွေ့ဆုံပြီး ယဉ်ကျေးမှုကြားက LGBT တွေဆိုတဲ့ ခေါင်းစဉ်နဲ့ သူမရဲ့အမြင်တွေကို မေးမြန်းခဲ့ပါတယ်။

အရင်ဆုံး ညီမ ကိုယ်တိုင်မိတ်ဆက်ပေးပါဦး။

ညီမ ကတော့ Bella (ခ) မြတ်သီရိလွင် ပါ။ Miss World Myanmar 2016 ပါ။ သရုပ်ဆောင်အနေနဲ့ကတော့ MTV လောက်ပဲ ရိုက်ဖြစ်သေးတယ်။

လက်တလောမှာရော အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်နေလဲ။

လက်ရှိမှာ ကြော်ငြာ၊ ဘေဘုတ်နဲ့ MTV ရိုက်ဖြစ်နေတယ်။ ဓာတ်ပုံလေးတွေ ရိုက်ဖြစ်နေပါတယ်။

စန္ဒီမြင့်လွင်နဲ့ဆိုဖီယာရဲ့ သီချင်း MTV မှာ Lesbian အဖြစ် သရုပ်ဆောင်ထားတာနဲ့ပတ်သက်ပြီး လူပြောများနေတယ်။ အဲအတွက် ဘယ်လိုကြိုးစားခဲ့ရလဲ။

အဲ MTV လေး ရိုက်မယ်ဆိုတော့ ဒါရိုက်တာက ညီမတို့ဆီ နိုင်ငံခြား Lesbian ဗွီဒီယိုဖိုင်လေး ပို့ပေးတယ်။ အဲ့ mood လိုချင်တယ်ဆိုတော့ ညီမ အဲ mood အတိုင်း လုပ်ဖြစ်တယ်။ စစချင်းမှာရှက်ပေမဲ့ နောက်ပိုင်းရင်းနှီးတော့ လုပ်ရတာ အဆင်ပြေသွားပါတယ်။

Facebook မှာ ယောက်ျားယူမှာလား မိန်းမယူမှာလားဆိုပြီးတော့တောင် ဝေဖန်ခံရတဲ့အထိ ဖန်တီးနိုင်ခဲ့တယ်။ အဲ့တော့ ညီမအနေနဲ့ ဒီဘက် မြန်မာယဉ်ကျေးမှုအနေအထားမှာ သူများတွေမြင်တဲ့အမြင်၊ ဒီအပေါ်မှာရှင်သန်နေတဲ့ LGBT life အဲဒါကိုရော ညီမ ဘယ်လိုမြင်မိလဲ။

ဟုတ်ကဲ့ပါ။ မြန်မာနိုင်ငံက အခုခေတ်ကျတော့ တဖြည်းဖြည်း ဖွံဖြိုးလာပြီလေ။ အဲတော့ LGBTတွေလည်း တော်တော် ဖွံဖြိုးလာပြီလေ။ အဲတော့ Lesbian ပဲဖြစ်ဖြစ်၊ Gay ပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ချစ်နိုင်ကြပြီပေါ့။ Bella ကတော့ အားပေးတယ်။ သူတို့ က အချစ်ဖြစ်နေတာလေ။ အခုဆို ကိုဥက္ကာဆိုရင် သူ အနုပညာရှင်ဖြစ်လည်း ရဲရဲဝံ့ဝံ့နဲ့ ချပြတယ်။ Bella အဲဒါကို အရမ်းလေးစားတယ်။ ဆိုးတဲ့သူ ကောင်းတဲ့သူကတော့ နိုင်ငံခြားမှာရော ဒီမှာရော ရှိနေတာပဲလေ။ အကောင်းအဆိုး ဒွန်တွဲနေတာပေါ့။ Bella လည်း အနုပညာရှင်ပဲလေ။ ကိုယ်တိုင်က LGBT မဟုတ်ပေမဲ့ LGBTတွေကို support လုပ်ပေးပါတယ်။ သူတို့ကို အားပေးတယ်။ တစ်ချို့ ဆို အပြောခံရတာများတော့ ဟိုမသွားရဲ ဒီမသွားရဲနဲ့ လူအများထဲ မနေရဲတာ တွေ့ရတယ်။ အခုကတော့ အရမ်းပွင့်လင်းလာပြီလေ။ သူတို့အတွက် အရမ်းကောင်းတယ်။ လူသားချင်း ချစ်ကြတာလေ။ တခြားသူအပေါ် အပုတ်ချနေတာမှ မဟုတ်ပဲလေ။

ညီမအနေနဲ့ရော LGBT တွေရဲ့ လူ့အခွင့်အရေးအပေါ် ဘာများပြောချင်လဲ။

ညီမကတော့ Human Rights ပေါ့ ။ သူတို့လည်း Human Rights အပြည့်ရစေချင်တယ်။ ညီမကတော့ LGBT တွေဘက်က တောင်းဆိုတာ။ လိုအပ်တာရှိရင် ကူညီဖို့ အသင့်ပါပဲ။ သူတို့ဘက်က ရပ်တည်ဖို့ထောက်ခံဖို့ အသင့်ရှိတယ်။ လူတစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်တာမဟုတ်ရင် ထောက်ခံသွားမှာပါ။ အခုကတော့ အရမ်းဆိုးဝါးတဲ့အခြေအနေ မဟုတ်ဘူး။ ပွင့်လင်းလာပြီ။ လက်ခံလာပြီ။ လူအနည်းစုကသာ တိုက်ခိုက်နေတာပေါ့။

ဥပဒေရှုထောင့်ကနေကြည့်ရင် သာမန်လူတွေလို တရားဝင်လက်ထပ်လို့မရတဲ့ အခြေအနေတွေ ရှိတယ်လေ။ အဲ့တော့ ဒီအပေါ်မှာရော ညီမ ဘယ်လိုမြင်မိလဲ။

တရားဝင်… အဲလိုအခြေအနေရောက်ဖို့ကတော့ တော်တော်လိုဦးမှာပေါ့။ ၂၀၁၇ – ၂၀၁၈လောက်မှာ LGBT က ပွင့်လင်းလာတယ်။ တစ်ချို့က ကိုယ်ဟာ LGBT မှန်းသိပေမဲ့ လူတွေ ကဲ့ရဲ့မှာစိုးလို့ သိုသိုသိပ်သိပ် နေလာခဲ့ကြတယ်။ အခုနောက်ပိုင်း ဖွံဖြိုးလာတော့ သူတို့တွေဟာ သူတို့ကိုယ်တိုင် ယုံကြည်မှုရှိလာပြီး သူတို့ဟာ ဘယ်သူပါဆိုတာကို ဝန်ခံရဲလာတယ်။ အဲတော့ သူ့ဟာသူ တဖြည်းဖြည်းတော့ အဆင်ပြေမှာပါ။ မြန်မာပြည်မှာက အခုမှ အစပဲ ရှိသေးတယ်။ တခြားနိုင်ငံတွေမှာတော့ အတော်ပွင့်လင်းနေပြီပေါ့။

ကိုယ်တိုင်ဘယ်သူပါဆိုပြီး ဝန်မခံရဲသူရှိသလို ဝန်ခံခဲ့ပေမယ့်လည်း တစ်ဖတ်မှာ ဝေဖန်ပြောဆိုနေတဲ့သူတွေကိုရော ညီမအနေနဲ့ ဘယ်လိုပြောချင်လဲ။

Bella ပြောချင်တာက သူများရဲ့ ပါးစပ်ပေါက်နဲ့ အသက်မရှင်ပါနဲ့လို့ ပြောချင်တယ်။ လူတွေက ပြောတာက ပြောကြမှာပဲ။ လူတွေက နစ်နာအောင် အရမ်းပြောတတ်ကြတယ်။ တစ်ခါတစ်လေ Bella လည်း အပြောခံရတာတွေ ရှိတယ်။ အစကတော့ အရမ်းစိတ်ထိခိုက်တယ်။ နောက်ပိုင်း ဘယ်လိုမြင်လာလဲဆို သူတို့ကို ပိုသနားလာတယ်။ သူတို့မှာ တခြားစိတ်ရှုပ်စရာတွေရှိတယ်။ ဒါပေမဲ့ အဲဒါတွေကို အနုပညာရှင်တွေကိုဖြစ်ဖြစ်၊ တစ်ယောက်ယောက် အဲအပေါ် ပုံချလိုက်ရင် စိတ်က လွတ်လပ်သွားတယ်လို့ ညီမ မြင်တယ်။ အဲ့တော့ Bella ပြောချင်တာက LGBT အကြောင်းကို ဂဃနဏ မသိဘဲ သူများဆဲလို့ လိုက်ဆဲတဲ့သူရှိသလို ဂဃနဏသိပြီး လက်မခံတဲ့သူလည်း ရှိကြတယ်။ အဲတော့ ကိုယ်က LGBT ဖြစ်နေလည်း ပြောပြဖို့လိုတယ်။ Bella ကိုယ်တိုင်လည်း ဖြစ်နေရင်ပြောပြမှာပဲ။ Bella ကတော့ စကားအရ ပြောတာပါ။ ကိုယ်တိုင်က သာမန်မိန်းကလေးပါ။ LGBT ကို အားပေးတယ်။ Support လုပ်တယ်ပေါ့။ တစ်ချို့ အခုထိ ရှိတယ် အလုပ်ပျက်မှာစိုးလို့၊ ကိုယ်ချစ်တဲ့သူ ပြန်မချစ်မှာစိုးလို့၊ သူများပြောမှာစိုးလို့ အမျိုးမျိုးပေါ့၊ အဲ့ဒါလို အကြောင်း ပြချက်တွေကြောင့် ဝန်မခံရဲဘူးပေါ့။

တကယ်တော့ လူ့ဘဝက တိုတိုလေးပါ။ ကိုယ်ဘယ်သူဆိုတာ ဝန်ခံပြီး ပျော်ပျော်ကြီး နေထိုင်သင့်ပါတယ်။ တစ်ခုခုကို ကြောက်လို့ ကိုယ့်စိတ်ကို အတင်းပြောင်းလဲပစ်တာမျိုးက ကိုယ့်အတွက် အရမ်းပင်ပန်းပါတယ်။ အဲတော့ ကိုယ့်ကိုယ်ကို လက်ခံနိုင်ဖို့နဲ့ ကိုယ့်ချစ်သူ လက်ခံနိုင်ဖို့ အရေးကြီးပါတယ်။ ပတ်ဝန်းကျင်ဆိုတာ ကိုယ်ကောင်းရင် မမြင်ပေမယ့် ကိုယ်မကောင်းရင် မြင်တတ်တဲ့သူတွေပါ။ စာရွက်ဖြူပေါ်က အမည်းစက်လေးလိုပဲ အမည်းစက်လေးပဲ မြင်တယ်။ ဘေးက အဖြူကို မမြင်ဘူးပေါ့။ အဲတော့ ကိုယ်ဘာဖြစ်ချင်လဲ အဲ့အပေါ် အကောင်းဆုံးရပ်တည်ပါလို့ ပြောချင်တယ်။

ညီမအနေနဲ့ LGBT လှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားဖြစ်လား။

အဲလိုတော့ မလုပ်ဖူးသေးဘူး။ သူတို့နဲ့ ပတ်သက်တဲ့ MTV လေးတွေတော့ ရိုက်ဖြစ်တယ်။ lesbian ပေါ့။ မနီရဲ့ သီချင်းလေးတွေလည်း ရိုက်ထားတယ်။ တချို့ အင်တာဗျူးတွေမှာ သူတို့ life ကို support လုပ်ထားတယ်ဆိုတာ သူတို့လည်း သိပါတယ်။

ညီမအနေနဲ့ ဘာများဖြည့်စွက်ပြောချင်လဲ။

ညီမ အနုပညာလှုပ်ရှားမှုတွေ ဆက်လက်ကြိုးစားသွားမှာပါ။ LGBT အရေး လှုပ်ရှားတဲ့ အဖွဲအစည်းတွေလည်း တိုးတက်ပါစေ။ တခြားနိုင်ငံတွေလိုပဲ လူ့အခွင့်အရေးတွေ အပြည့်ရကြပါစေ။

မှုန်လေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.