မြိုတ်မြို့က LGBT နဲ့ Non-LGBT တစ်ရာကျော်ကို Myeik LGBT Institute မှ ဆန်နဲ့ စားသောက်စရာများလှူဒါန်း

မြိုတ်မြို့က LGBTအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Myeik LGBT Institute ကတော့ ဒုတိယအကြိမ်မြောက် COVID-19 ကာလမှာ စားဝတ်နေရေး ခက်ခဲနေတဲ့ LGBT နဲ့ Non-LGBT (၁၀၀)ကျော်ကို ဆန်နဲ့ စားသောက်စရာမုန့်တွေ လှူဒါန်းနေပါတယ်။

Myeik LGBT Institute က အောက်တိုဘာလ(၄)ရက်နေ့မှ စတင်ကာ အလှပြင်ဆိုင်၊ စက်ချုပ်ဆိုင်နဲ့ ဈေးဆိုင်စတဲ့ အလုပ်လုပ်ကိုင်နေသူ တွေကို အောက်တိုဘာလ(၁၀)ရက်နေ့အထိ လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

“ဒီအလှူကတော့ အသင်းကြေးတွေ စုထားတာရယ်၊ ပြင်ပက အလှူရှင်တွေလည်း ပါတာပေါ့။ မြိတ်က LGBT တွေအတွက် အလှပြင်ပစ္စည်း အများဆုံး ရောင်းချပေးနေတဲ့ အလှကမ္ဘာဆိုင်ကလည်း ဆင်းရဲတဲ့ LGBT သက်ကြီးရွယ်အိုတွေရယ် ပြင်ပက LGBT မဟုတ်တဲ့ သက်ကြီး ရွယ်အိုတွေကို လှူဒါန်းပေးတယ်။ ကျွန်တော်တို့ အခုဆိုရင် လှူတာ LGBT နဲ့ Non-LGBT ပေါင်း တစ်ရာကျော်နေပြီ။ အဓိကရည်ရွယ်ချက် ကတော့ COVID က ပထမလှိုင်းထက် ဒုတိယလှိုင်းက ပိုပြီးပြင်းထန်တယ်။ စီးပွားရေးကလည်း ပထမလှိုင်းမှာကတည်းက အများကြီးခံ ထားရတာလေ။ ဒုတိယလှိုင်းမှာလည်း ထပ်ပြီးခံစားရတဲ့အတွက် တောင့်မခံနိုင်ဘူးပေါ့နော်။ ဒါကြောင့် ပြင်ပအလှူရှင်တွေနဲ့ ကျွန်တော်တို့ အဖွဲ့တွေပေါင်းပြီး တတ်နိုင်သမျှ လှူဒါန်းတာပါ။ နောက်လှူဖို့လည်း ရှိပါသေးတယ်”လို့ Myeik LGBT Institute မှ တည်ထောင်သူတစ်ဦး ဖြစ်တဲ့ ကိုမျိုးက အခုလို ပြောပါတယ်။

Myeik LGBT Institute အနေနဲ့ ဇွန်လပိုင်း COVID-19 ကာလတုန်းကလည်း ဆင်းရဲနွမ်းပါးတဲ့ LGBT (၃၀)ကျော်နဲ့ Non-LGBT တွေကို ဆန်၊ ဆီ၊ ဆား၊ ငရုပ်စတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။

Myeik LGBT Institute အနေနဲ့ စက်တင်ဘာလ(၂၀)ရက်နဲ့ (၂၂)ရက်တွေမှာလည်း မြိုတ်မြို့က LGBT တွေရဲ့ ဆံပင်မိတ်ကပ်ဆိုင်တွေကို နှာ ခေါင်းစည်း ဝေငှခဲ့သလို Quarantine စင်တာတွေကိုလည်း ရေသန့်ဗူးတွေ လှူဒါန်းခဲ့ပါတယ်။

ဒီအဖွဲ့ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၇၀ ကျော်ပါဝင်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.