ယောက်ျားချင်း ချစ်သူများနှင့် လိင်ကျန်းမာရေး

ဦးစွာ ဧရာဝတီ မဂ္ဂဇင်းက တစ်ခါတုန်းက ရေးသားခဲ့တဲ့ အမျိုးသားချင်း လိင်တူဆက်ဆံခြင်း၏ ဆိုးကျိုးများ ဆိုတဲ့ ဆောင်းပါးနှင့် ပက်သက်ပြီးတော့ ကျွန်တော့်အမြင်များကို ပြောပြချင်ပါတယ်။ စာဖတ်သူတွေ အားလုံးကို အရေးကြီးဆုံး ပြောချင်တာတစ်ခုကတော့ ဘယ်သူ ဘာပဲရေးရေး ကိုယ်တိုင်ချင့်ချိန်ပြီး လေ့လာစုံစမ်းမှုတွေ မပြုလုပ်ဘဲ ဘာကိုမှ အလွယ်တကူ မယုံစေလိုပါ။ ကျွန်တော် ရေးသားထားတာ အပါအဝင် ဘယ်သူရေးရေး subjectivity လို့ခေါ်တဲ့ လူတိုင်းက ကိုယ့်အမြင်နဲ့ ဆွဲယူပြီးရေးသား ပြောဆိုကြတာ သဘာဝပါ။

ဧရာဝတီ မဂ္ဂဇင်းဆောင်းပါးရဲ့ ရှုထောင့်ကတော့ အမျိုးသားချင်း လိင်တူဆက်ဆံခြင်းက အလွန်အန္တရာယ်များပြီး သဘာဝကို ဆန့်ကျင်တဲ့ အရာလို့ ပြောထားပါတယ်။ အဲ့ဒါနှင့်ပက်သက်လို့ ကြည့်မယ်ဆိုရင် သူကိုးကားပြီး ရေးသားထားတဲ့ အရင်းမြစ်က Facts About Youth – Health Risks of the Homosexual Lifestyle ဆိုတဲ့ အင်တာနက် စာမျက်နှာကနေ ကိုးကားထားတာပါ။ ဒီစာမျက်နှာက လိင်တူချစ်သူတွေကို လုံးဝဆန့်ကျင်တဲ့ အနေအထားနှင့် ရေးသားထားတာပါ။

အဲ့ဒီ Website မှာ လိင်တူချစ်သူတွေကို လိင်ကွဲချစ်သူတွေအဖြစ် ပြောင်းလဲအောင်လုပ်တဲ့ Conversation Therapy နှင့်ပက်သက်တဲ့ ကြေညာတွေတောင် ပါနေပါသေးတယ်။ ဒီလို ကုထုံးတွေက တရားမဝင်လို့ အနောက်တိုင်းနိုင်ငံက အစိုးရတွေက လိုက်ပိတ်နေရတာပါ။ အင်တာနက်မှာ ဒီ Websiteလို လိင်တူချစ်ချင်းဟာ မကောင်းတဲ့ အရာဆိုတဲ့ အမြင်နဲ့ရေးထားတဲ့ Website တွေ သိန်းပေါင်းများစွာရှိသလို လိင်တူချစ်ခြင်းဆိုတာ ဘေးကင်းပြီး အများတန်းတူ သဘာဝတစ်ခုဖြစ်တယ်ဆိုတဲ့ Websiteတွေလည်း သိန်းနဲ့ချီပြီး ရှိပါတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့တွေက ကိုယ့်ဘာသာ ချင့်ချိန်ပြီး မလေ့လာပဲ တစ်နေရာထဲကနေ ပြောတဲ့အရာတွေကို တစ်ဖက်သတ် ယုံကြည်မယ်ဆိုရင် သိပ်သိပ္ပံနည်းမကျပါဘူး။

ဒါကြောင့် ဒီဆောင်းပါးကို ဖတ်မိလို့ မိမိ ဘဝကိုကိုယ် စိတ်ပျက်ခဲ့မယ်ဆိုရင် ဘာမှ စိတ်ဓာတ်ကျစရာ မလိုပါဘူး။

ဆောင်းပါးကပြောသလို

“အမျိုးသားချင်း လိင်တူဆက်ဆံခြင်းက အမျိုးသမီးတွေနဲ့ လိင်ကွဲဆက်ဆံခြင်းထက်ပိုပြီး ကျန်းမာရေး အရအန္တရာယ်များပါ တယ်။ လိင်ဆက်ဆံဖော် များတာကြောင့်သာ မဟုတ်ဘဲ အမျိုးသားချင်း လိင်ဆက်ဆံမှုရဲ့ သဘာဝကြောင့်လည်း ဖြစ်ပါ တယ်။”

လို့ပြောရင်တော့ လူတစ်စုလောက်က ဘေးများတဲ့ လိင်ဆက်ဆံပုံကို ကျင့်သုံးလို့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေရရှိတာနှင့် လိင်တူဆက်ဆံသူတိုင်း အဲ့ဒီလို ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း (Safe Sex)ကို မကျင့်သုံးလို့၊ လိင်ဆက်ဆံဖော်များလို့ ကျန်းမာရေး အန္တရာယ်များတယ်ဆိုရင် လိင်တူချစ်သူတွေမှ အန္တရာယ်ရှိတာ မဟုတ်ပါဘူး။ လိင်ကွဲချစ်သူတွေအပါအဝင် ဘေးကင်းတဲ့ လိင်ဆက်ဆံခြင်းကို မကျင့်သုံးတဲ့ လူတိုင်း အန္တရာယ်ရှိတာပါ။ ဆိုလိုချင်တာက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ လိင်မှုဘဝ နေထိုင်သွားလာပုံအပေါ်သာ မူတည်တာပါ။ လိင်ဆက်ဆံဖော်များပြီး ဘေးကင်းဖို့ အကာအကွယ်မသုံးပဲ မဆင်ခြင်သူတိုင်းမှာ အန္တရာယ်ရှိတာပါ။ လိင်တူချစ်သူတွေနှင့်ပဲ ဆိုင်တယ်လို့ ပြောလို့မရပါဘူး။ ကျန်းမာတဲ့ ယောက်ျားချင်း စုံတွဲအကြားမှာ ကိုယ့်လက်တွဲဖော်နှင့် ဘေးကင်းတဲ့ လိင်ဆက်ဆံခြင်းဖြင့် နေထိုင်ပါက ဘာမှဖြစ်စရာ အကြောင်းမရှိပါဘူး။ သူလိုကိုယ်လို ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်သွားမှာပါပဲ။

မတူကွဲပြားတဲ့သူတွေ စိတ်ဓာတ်ကျအောင် အဆိုးမြင်တဲ့ပုံနှင့် လူတိုင်း ဒီလိုပဲ ဖြစ်တယ်ဆိုပြီး ပုံသေမှတ်အောင် ဆိုးတဲ့ကြောင်းတွေကို မသဲမကွဲနှင့် ရေးမယ့်အစား လူတိုင်းကို လိင်ကျန်မာရေး အသိပေးတာကမှ ပိုအကျိုးရှိပါမယ်။

ကဲ ဆိုတော့… လိင်တူဆက်ဆံတာ ဘယ်လောက်အန္တရာယ်များလဲ… အဖြေကတော့ လိင်တူဆက်ဆံခြင်းဆိုတာ အခြား သူလိုကိုယ်လိုပါပဲ။ ကျန်းမာတဲ့ ယောက်ျားနှစ်ယောက် တစ်ဦးကိုတစ်ဦး သစ္စာရှိစွာ အတူလက်တွဲ သွားသရွေ့ ယောက်ျားနှင့် မိန်းမ စုံတွဲတွေလိုပဲ အသက်ထက်ဆုံး ပေါင်းသင်းသွားလို့ ရပါတယ်။

အဲ့ဒါဆို… တစ်ဦးတည်း နေထိုင်ရတဲ့ လွတ်လပ်မှုကို နှစ်သက်ပြီး ရံဖန်ရံခါသာ လိင်ဆက်ဆံလိုသူတွေအတွက်ကကော… လွယ်ပါတယ် – ကိုယ်နှင့် ဆက်ဆံမယ့်သူရဲ့  စစ်မှန်တဲ့ နောက်ကြောင်းနှင့် သူ့ရဲ့ ကျန်းမာရေး အခြေအနေကို မသိဘူးဆိုရင် အမြဲတမ်း အကာအကွယ်သုံးပါ။ သူ့မှာ ဘာရောဂါရှိပြီး ကိုယ့်ကို ဘာရောဂါပေးနိုင်တယ်ဆိုတာ မပြောနိုင်ဘူးလေ။ ကိုယ့်ကိုယ်ကို ကာကွယ်တာ အကောင်ဆုံးပါပဲ။

တစ်ခုရှိတာက ကျွန်တော်တို့ လိင်တူချစ်တွေအတွက်က လိင်ကွဲချစ်သူတွေလို နောက်ကြောင်း ပြန်ကြည့်စရာ မလိုဘူးဆိုပြီး ပူပင်ရမယ့်အရာတစ်ခု လျော့သွားတော့ စိတ်ပါတိုင်း ကြိုက်တဲ့သူနှင့် ဆက်ဆံပြီး ပြီးသွားလို့ရတယ်ဆိုတဲ့ အသိအတွက်ကြောင့် ကျွန်တော်တို့အတွက် လိင်ဆက်ဆံဖော် ရှိချင်သလောက် ရှိနိုင်တဲ့အခါ အချင်းချင်းရောဂါပေးဖို့ ဖြစ်နိုင်ခြေ အခွင့်အလမ်း ပိုများတဲ့အတွက် သူများတွေထက် အထူး ပိုဆင်ခြင်သင့်တာပါ။

ဒါဆိုရင် ဘေးကင်းစွာ လိင်ဆက်ဆံခြင်း (Safe Sex) ဆိုတာ ဘာပါလဲ။ ကျွန်တော် ဆရာဝန်တစ်ယောက် မဟုတ်ပါ။ ကျွန်တော်သိသလောက်ကို GMFAဆိုတဲ့ ယူကေက လိင်တူချစ်သူတွေရဲ့ လိင်ကျန်းမာရေးအသိပေးတဲ့ အဖွဲ့အစည်းရဲ့ ရေးသားမှုတွေကို ကိုးကားပြီးတော့ ဘာသာပြန် ဖော်ပြပေးပါမယ်။

အဓိက လိင်ဆက်ဆံခြင်းရဲ့ အဓိကရန်သူကြီးကတော့ Sexually Transmitted Infection လို့ခေါ်တဲ့ လိင်မှတဆင့် ပိုးကူးစက်ခြင်း ဖြစ်ပါတယ် (အတိုကောက် STI လို့ သုံးပါမယ်)။ အခြားနေ့စဉ် အပြုအမူတွေလိုပဲ လိင်ဆက်ဆံခြင်းကလည်း ရောဂါအမျိုးအစားအပေါ် မူတည်ပြီး ရောဂါပိုး ကူးစက်စေနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ အဲ့ဒီတော့ လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်တဲ့ ရောဂါတစ်ခုချင်းစီရဲ့ ကူးစက်ပုံကို သိထားရင် မိမိကော ဆက်ဆံဖေါ်ပါ မကူးစက်အောင် ရှောင်ကြဉ်လို့ ရနိုင်တာပေါ့။

HIV

ကိုယ်သေချာမသိသေးတဲ့ လူတစ်ယောက်နှင့် လိင်ဆက်ဆံခြင်း၏ အဓိက ခြိမ်းခြောက်မှုကတော့ HIV/AIDS ပါ။ အကယ်၍ တစ်ဦးတစ်ဦးမှာ ပိုးရှိနေတာကို မသိထားခဲ့လျှင် နောက်တစ်ယောက်ကို ကူးစက်သွားမှာ ဖြစ်ပါတယ်။

(ဤဆောင်းပါးကိုလည်း ဖတ်ပါ – HIV ရှိသူ လက်တွဲဖော်နှင့် အသက်ထက်ဆုံး ပေါင်းသင်းသွားဖို့ ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်း)

HIV ဆိုတာ ဘာလဲ

Human Immunodeficiency Virus ဆိုတဲ့ ပိုးဟာ လူ့ရဲ့ ခုခံအားစနစ်ကို အားလျော့စေတဲ့ virus (ဗိုင်းရပ်) ပိုး အမျိုးအစားတစ်ခုပါ။ သူ့ကို မကုသပဲ ပစ်ထားမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တဖြည်းဖြည်း နည်းပါးသွားစေပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အခြားရောဂါတွေ ၀င်လာနိုင်အောင် ပြုလုပ်တဲ့အတွက် ပစ်ထားလို့ မရပါဘူး။ HIV ရှိနေသူကို HIV+ (အိပ်အိုင်ဗီ ပေါ့ဆတစ်) လို့ပြောပါတယ်။ အခုခေတ် ဆေးပညာတိုးတက်လာတဲ့အတွက် ကုသမှုနည်းပညာတွေ ပိုမိုကောင်းမွန် ထိရောက်လာပေမယ့် လုံးဝပျောက်ကင်းအောင် လုပ်လို့ မရနိုင်သေးပါဘူး။

HIV ကို မကုသပဲ လစ်လျူရှုထားရင် AIDS (Acquired Immune Deficiency Syndrome) အဆင့်ကို ရောက်သွားပါတယ်။ AIDS ဆိုတာ ခုခံအား ကျဆင်းသွားလို့ အခြားရောဂါတွေ အလွယ်တကူဝင်ရောက်ပြီး သူတို့ရဲ့ ရောဂါလက္ခဏာတွေ ပြလာတဲ့အဆင့်ကို ပြောတာပါ။ ဒါပေမယ့် HIV ကို သွေးစစ်လိုက်လို့ စောစောသိပြီး ပိုးကို ထိန်းထားနိုင်ပါက AIDS အဆင့်ကိုရောက်ဖို့ သိပ်မဖြစ်နိုင်တော့ပါဘူး။

လူတစ်ယောက်မှာ HIV ပိုးရှိလားဆိုတာ အမြင်နှင့် ခန့်မှန်းလို့ မရပါဘူး။ သွေးစစ်ပြီး သိထားမှသာ သူက HIV+ ဖြစ်ကြောင်း ပြောပြနိုင်တာပါ။ တခါတစ်ရံ ငြင်းပယ်ခံရမှာ၊ နှိမ့်ချခံရမှာ၊ အဆိုးမြင်ခံရမှာဆိုတဲ့ ကြောက်စိတ်တွေကြောင့် ကိုယ့်ကိုယ်ကို သွေးမစစ်ရဲတာတွေ၊ ရှိလည်း ပြောမပြရဲတာတွေ ရှိပါတယ်။ ယခုခေတ်မှာ ဖုန်းက dating app တွေဖြစ်တဲ့ jack’d တို့ grindr တို့ကနေတဆင့် ဒါမှမဟုတ် အခြားနေရာတွေမှာ ယောက်ျားနှစ်ယောက်တွေ့တဲ့အခါ သိပ်အကြာကြီး ဆွေးနွေးတဲ့ အဆင့်ထိမရောက်ပဲ လိင်ဆက်ဆံဖို့ အလွယ်တကူ ဖြစ်နိုင်တာကြောင့် HIV ပိုးရှိမရှိ မပြောဖြစ်ကြပါဘူး။ ထို့အပြင် HIV ပိုးရှိတဲ့ သူတော်တော်များများက သူတို့မှာ ပိုးရှိနေတာ မသိကြပါဘူး။

ဒါဆို HIV ကူးစက်ဖို့ ဘယ်လောက်လွယ်သလဲ

HIV က အခြားပိုးတွေလောက် ကူးရတာ မလွယ်ပါဘူး။ လိင်ဆက်ဆံတဲ့နှစ်ဦးမှာ တစ်ဦးက ပိုးကောင်ရေ (Viral Load) အရမ်းများတဲ့ အချိန်မှာ အကာအကွယ်မပါပဲ ဆက်ဆံရင်တော့ ကူးစက်ဖို့ အလွယ်လေးပါ။ ဆက်ဆံနေတဲ့သူထဲက တစ်ယောက်ယောက်မှာ အခြားရောဂါတွေရှိနေလျှင် ပို၍ ကူးစက်လွယ်ပါတယ်။ စအိုနှင့် လိင်ဆက်ဆံခြင်းက အဓိက ကူးစက်နိုင်ပြီး ပါးစပ်နဲ့ လိင်ဆက်ဆံတာကတော့ အလွန်ကူးနိုင်ချေ နည်းပေမယ့် ကူးစက်နိုင်ပါတယ်။

ဒါဆို HIV ကူးစက်မှု မဖြစ်နိုင်အောင် ကူးစက်တဲ့နည်းတွေကို ကာကွယ်ထားရင် ရပါတယ်။ အကြမ်းဖျဥ်းအားဖြင့် ကာကွယ်နည်းတွေကတော့ ကွန်ဒုံး အသုံးပြုခြင်း၊ လိင်ထိုးသွင်းတဲ့ ဆက်ဆံနည်း အသုံးမပြုချင်း (ဥပမာ အချင်းချင်း လက်နှင့် သုတ်ထွက်စေခြင်း) နှင့် HIV ပိုး နှစ်ဦးစလုံးတွင် မရှိအောင် သေချာစေခြင်းတို့ ဖြစ်ပါတယ်။

အကယ်၍ HIV ကူးစက်တာကို ၇၂ နာရီအတွင်း သိခဲ့လျှင် (သို့) သံသယရှိခဲ့လျှင် post-exposure prophylaxis (PEP) ကို သုံးပြီးတားဆီး၍ ရနိုင်ပါသေးတယ်။ ကူးစက်ပြီး ၇၂ နာရီအတွင်းသာ ထိရောက်ပါတယ်။

HIV ဘယ်လိုကူးစက်လဲ

HIV ပိုးဟာ လူ့ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ အရည်တွေဖြစ်တဲ့ သွေး နှင့် သုတ်ရည်တွေထဲမှာ ရှိနေနိုင်ပါတယ်။ ပိုးရှိသော သွေးကိုသွင်းခြင်းမှ ကူနိုင်သလို ယောက်ျားတစ်ဦးနှင့် တစ်ဦး ၎င်းအရည်များ တိုက်ရိုက်ထိတွေ့စေနိုင်တဲ့ အပြုအမူများဖြစ်တဲ့ ဆေးထိုးအပ် မျှဝေသုံးခြင်း၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းတို့မှ အဓိက ကူးစက်ပါတယ်။ ယောက်ျားနှစ်ယောက်ကြားမှာ HIV ကူးစက်နိုင်ဖို့ဆိုလျှင် –

  • တစ်ယောက်က HIV ပိုးရှိသူ ဖြစ်ရပါမယ်။ သူ့ရဲ့ ပိုးကောင်ရေ viral load ကလည်း ကူးစက်နိုင်လောက်တဲ့ အရေအတွက်ထိ များပြားရပါမယ်။
  • လိင်ဆက်ဆံရာမှာ သွေး၊ သုတ်ရည်နှင့် စအိုအတွင်းမှ ချွဲ (mucus) များနှင့် ထိတွေ့မှု ပါ၀င်ရပါမယ်။
  • ၎င်းအရည်များက HIV ပိုး မရှိသူရဲ့ သွေးစီးကြောင်းထဲ ၀င်သွားရပါမယ်။

ဒါ့ကြောင့် ပိုးရှိသူရဲ့ ကိုယ်တွင်းအရည်တွေက နောက်တစ်ယောက်ရဲ့ ခန္ဓကိုယ်ထဲ ၀င်သွားရင် ပိုးမရှိသူက HIV+ (positive) ဖြစ်သွားပါမယ်။ ယောက်ျားချင်း လိင်ဆက်ဆံသူတွေအဖို့ သွေး၊ သုတ်ရည် နှင့် စအိုတွင်းမှ ချွဲထဲမှာ ပိုးကောင်ရေ အများကြီး ရှိနေနိုင်ပါတယ်။ စအိုတွင်းရှိ ချွဲထဲမှာ ပိုးကောင်ရေ အများဆုံး ရှိနိုင်တယ်လို့ သုတေသနတွေက ပြောပါတယ်။ ဒါကြောင့် စအိုထဲကို လိင်ထိုးသွင်းတဲ့ လိင်ဆက်ဆံမှုက ကူးနိုင်ခြေ အများဆုံး ဖြစ်ပါတယ်။ တံတွေးနှင့် ဆီးထဲမှာ ပိုးမရှိနိုင်ပါဘူး။ ပါးစပ်နှင့် လိင်ဆက်ဆံရာမှာ တံတွေးထဲမှာ ရှိတဲ့ အက်စစ်က HIV ပိုးကို သေစေနိုင်တဲ့အတွက် ကူးစက်နိုင်မှု နည်းပါးပေမဲ့ ဆက်ဆံသူ၏ ပါးစပ် နှုတ်ခမ်းနှင့် သွားဖုံးတွေ ပေါက်ပြဲပြီး အနာဖြစ်နေရင်တော့ ကူးစက်နိုင်ပါတယ်။ သုတ်ရည်ထဲက HIV ပိုးက လူ့ခန္ဓာကိုယ်အပြင်ရောက်တဲ့အခါ လေနှင့် ထိရင်တော့ အချိန်အနည်းငယ်အတွင်းမှာပင် သေပါတယ်။

HIV သည် သွေးစီးကြောင်းထဲကို ၀င်နိုင်တဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။

  • တိုက်ရိုက် ကူးဝင်ခြင်း။ ဥပမာ ပျက်စီးနေသော အရေပြားမှတဆင့် ထိတွေ့ခြင်း၊ ဖေါက်ထွင်းနိုင်သော အရာများ (ဥပမာ အပ်) နှင့် ခွဲစိတ်သော ပစ္စည်းများမှတဆင့်၊
  • (mucous membranes) ချွဲရှိသော အမြှေးပါးမှတဆင့် စသည်တို့ ဖြစ်ပါတယ်။

အမြှေးပါးတွေဆိုတာ လူ့ခန္ဓာကိုယ်ကို ကာကွယ်တဲ့ အလွှာပါးလေးတွေကို ပြောတာပါ။ ဥပမာ ပါးစပ်၊ မျက်ခွံအတွင်းပိုင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းမှာ ရှိပါတယ်။ ထိုအမြှေးပါးတွေမှတစ်ဆင့် သူတို့နှင့် ချိတ်ဆက်ထားတဲ့ သွေးကြောလေးတွေထဲကို HIV ပါသော အရည်စိမ့်ဝင်သွားရင် HIV ကူးပါတယ်။ ယောက်ျားချင်း လိင်ဆက်ဆံသူတွေအတွက် ကူးစက်နိုင်တဲ့ အမြှေးပါးတွေကတော့ စအိုတွင်းမှ အမြှေးပါး၊ လိင်တံထိပ်မှ အရေပြား နှင့် လိင်တံထိပ်ခေါင်း၊ urethra ခေါ်  ဆီးလမ်းကြောင်း၊ ပါးစပ်နှင့် လည်ချောင်းတို့ ဖြစ်ပါတယ်။ ပါးစပ်နှင့် လည်ချောင်းမှလွဲ၍ ကျန်တဲ့ အမြှေးပါးနေရာတွေက မပေါက်ပြဲပေမဲ့လည်း စိမ့်ဝင်သွားပါက ကူးစက်နိုင်ပါတယ်။ အကယ်၍ ပေါက်ပြဲပါက ကူးစက်မှုကို ပိုမို ဆိုးရွားစေပါတယ်။ အားလုံးထဲမှာ စအိုထဲမှ အမြှေးပါးက အရည်တွေကို သွေးထဲသို့ စုပ်ယူမှုအား အကောင်းဆုံးဖြစ်လို့ ကူးစက်ရအလွယ်ဆုံး ဖြစ်ပါတယ်။

HIV ကူးစက်တယ်ဆိုတာ လိင်ဆက်ဆံပုံပေါ်မှာ အများကြီးမူတည်ပါတယ်။ ကူးစက်ဖို့ အလွယ်ကူဆုံးပုံစံကတော့ HIV ပိုးရှိပြီး ကုသမှု မခံယူတဲ့ ယောက်ျားတစ်ဦးက HIV ပိုးမရှိတဲ့ ယောက်ျားနှင့် ကွန်ဒုံးမသုံးပဲ လိင်ဆက်ဆံပြီး စအိုအတွင်းမှာ သုတ်ထုတ်လွတ်တာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိုးကူးစက်နိုင်တဲ့ အရေအတွက်ရှိတဲ့ HIV တွေကို ပိုးမရှိတဲ့သူရဲ့ ခန္ဓာကိုယ်ထဲကို စအိုကတဆင့် စုပ်ယူသွားမှာမို့ပါ။

နောက်တစ်ခုကတော့ ကိုယ်နှင့် ကိုယ့်အဖော်ရဲ့ ခန္ဓာကိုယ်မှာ ပေါက်ပြဲခြင်းနှင့် သွားဖုံး သွေးယိုနေပါက ကူးစက်ဖို့ လွယ်ကူစေပါတယ်။ ပြီးတော့ ကြမ်းတမ်းစွာ လိင်ဆက်ဆံပါက စအိုအတွင်း ကြွက်သားများ ပွန်းပဲ့စေပြီး ရောဂါကူးစက်ဖို့ လွယ်ကူစေပါတယ်။

ဒီလက္ခဏာတွေက သာမန်ဖျားနာခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ အကောင်းဆုံးကတော့ လွန်ခဲ့တဲ့ ၆ ပတ်အတွင်းက သင် တစ်ယောက်ယောက်နှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့ပြီး ဒီလက္ခဏာတွေ တိုက်တိုက်ဆိုင်ဆိုင် ရရှိလာရင် ဆရာဝန်ပြပြီး သွေးစစ်လိုက်တာ ကောင်းပါတယ်

HIV ကူးစက်ပြီးနောက်ပြီး ဖြစ်ပေါ်သော လက္ခဏာများ

Seroconversion illness (SCI) လို့ခေါ်တဲ့ ကူးစက်ပြီးပြီးချင်းနောက်ပိုင်း အောက်ပါ လက္ခဏာများကို လူ ၆၀ ရာခိုင်နှုန်းသည် ၂ ပတ်မှ ၆ ပတ်အတွင်း ခံစားရတတ်ပါတယ်။

  • A sore throat – လည်ချောင်းနာခြင်း
  • Fever အဖျားဝင်ခြင်း
  • Body aches ခန္ဓာကိုယ် ကိုက်ခဲခြင်း
  • A rash အရေပြားပေါ်တွင် အဖုအပိန့် အနီကွက်ထခြင်း
  • Mouth ulcers ပါးစပ်အနာပေါက်ခြင်း
  • Joint pain အဆစ်ကိုက်ခြင်း
  • Loss of appetite ခံတွင်းပျက်ခြင်း
  • Weight loss ကိုယ်အလေးချိန်ကျခြင်း
  • Muscle pain ကြွက်သားနာခြင်း
  • Feeling overly tired or sick အလွန်မောပန်းခြင်း (သို့) နေမကောင်းဖြစ်ခြင်း။

ဒီလက္ခဏာတွေက သာမန်ဖျားနာခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ အကောင်းဆုံးကတော့ လွန်ခဲ့တဲ့ ၆ ပတ်အတွင်းက သင် တစ်ယောက်ယောက်နှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့ပြီး ဒီလက္ခဏာတွေ တိုက်တိုက်ဆိုင်ဆိုင် ရရှိလာရင် ဆရာဝန်ပြပြီး သွေးစစ်လိုက်တာ ကောင်းပါတယ်။

ဘယ်လို ကာကွယ်မလဲ

ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံခြင်းဖြင့် HIV အပါအဝင် အခြား လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ကွန်ဒုံးကို မှန်ကန်စွာ အသုံးပြုလျှင် ကွန်ဒုံးကနေ ပိုးရှိတဲ့ အရည်များသည် ခန္ဓာကိုယ်နှင့် ထိတွေ့ခြင်းမှ ကာကွယ်ထားပြီး ရောဂါကူးစက်မှုများကို တားဆီးပါတယ်။ ယောက်ျားတွေရဲ့ လိင်တံက ပုံသဏ္ဍာန်အမျိုးမျိုးရှိတာကြောင့် ကိုယ်နဲ့ အတော်ဆုံး ကွန်ဒုံးကို ရှာဝယ်ပါ။

Latex ကွန်ဒုံး နှင့် non-latex ကွန်ဒုံးဆိုပြီး နှစ်မျိုးရှိပါတယ်။ သုတ်ပိုးသတ်ဆေးဖြစ်တဲ့ nonoxynol-9 (N-9) ပါတဲ့ condom တွေက စအိုအတွင်းသားတွေကို ယားယံစေတဲ့အတွက် ရှောင်သင့်ပါတယ်။

ကွန်ဒုံးအပြင် လိင်ဆက်ဆံရာမှာ ချောမွေ့စေဖို့ ချောဆီကိုလည်း မှန်မှန်ကန်ကန်သုံးဖို့ လိုပါတယ်။ ချောဆီကို လုံလောက်အောင် မသုံးခြင်း၊ မှာယွင်းစွာ သုံးခြင်းတို့ကြောင့် ကွန်ဒုံးပေါက်ပြဲစေနိုင်တာကို သတိထားပါ။ ရေသုံးပြီး ပြုလုပ်ထားတဲ့ ချောဆီ Water-based lubes (ဥပမာ K-Y, Wet Stuff and ID Glide) နှင့် ဆီလီကွန်သုံး ချောဆီ silicone-based lubes တွေကို latex ကွန်ဒုံးနှင့် သုံးလို့ရပါတယ်။ ဒါပေမဲ့ ဆီသုံးပြီး ပြုလုပ်ထားတဲ့ Oil-based lubricants တွေကတော့ latex ကွန်ဒုံးတွေကို ပေါက်ပြဲစေနိုင်ပြီး non-latex ကွန်ဒုံးနဲ့ပဲ သုံးလို့ရပါတယ်။ ဆီသုံးပြီး ပြုလုပ်ထားတဲ့ ချောဆီတွေက ဥပမာ ဟင်းချက်ဆီ၊ moisturisers, sun lotions, baby oil, ထောပတ် အစရှိသည်တို့ ဖြစ်ပါတယ်။ တံတွေးကို ကွန်ဒုံးအတွက် ချောဆီအနေနှင့် မသုံးသင့်ပါ။ ကွန်ဒုံးကို ခြောက်သွေ့စေပြီး ပေါက်ပြဲစေလို့ပါ။

ကွန်ဒုံးပျက်သွားရင်တော့ လွယ်ပါတယ် နောက်တစ်ခု ထပ်စွပ်ပါ။ ပျက်စီးနေတဲ့ ကွန်ဒုံးနှင့် ဆက်လက်လိင်ဆက်ဆံခြင်းက ကွန်ဒုံးမသုံးပဲ ဆက်ဆံတာနှင့် အတူတူပါပဲ။ နောက်တစ်ခုက ကွန်ဒုံးနှစ်ထပ်သုံးတာက တစ်ခုတည်းသုံးတာထက် ပိုလုံခြုံတယ်ဆိုတာ လုံးဝမှားပါတယ်။ နှစ်ထပ်ဆိုရင် သူတို့အချင်းချင်း ပွတ်တိုက်ပြီး ပြဲသွားနိုင်ပါတယ်

ကွန်ဒုံးတွေ လိင်ဆက်ဆံနေစဉ် ပေါက်ပြဲပျက်စီးသောအခါ ရောဂါကူးစက်စေနိုင်ပါတယ်။ ပေါက်ပြဲစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့

  • ကွန်ဒုံးမှားယွင်းစွာ စွပ်ထားခြင်း၊
  • လိင်တံတွင် မစွပ်သေးခင် ကွန်ဒုံးကို ဖြည်ချခြင်း၊
  • ဆီသုံးပြီး ပြုလုပ်ထားတဲ့ချောဆီတွေနှင့် latext ကွန်ဒုံးကို အသုံးပြုခြင်း၊
  • လုံလောက်သော ချောဆီမသုံးခြင်း၊
  • မှားယွင်းသော နေရာတွင် ချောဆီသုံးခြင်း (ဥပမာ ကွန်ဒုံးမစွတ်ခင် လိင်တံတွင် ချောဆီသုတ်ခြင်း၊ စအိုအနားတဝိုက်နှင့် အတွင်းတွင် လုံလောက်စွာ မရှိခြင်း)၊
  • ကွန်ဒုံးတစ်ခုတည်းနှင့် အကြာကြီး ဆက်ဆံခြင်း
  • ရက်လွန်နေသော ကွန်ဒုံးသုံးခြင်း (ကွန်ဒုံးအိတ်တွင် ကုန်ဆုံးရက်ကို အမြဲစစ်ပါ)။
  • ကွန်ဒုံး အရွယ်မကိုက်ခြင်းတို့ ဖြစ်ပါတယ်။

ကွန်ဒုံးပျက်သွားရင်တော့ လွယ်ပါတယ် နောက်တစ်ခု ထပ်စွပ်ပါ။ ပျက်စီးနေတဲ့ ကွန်ဒုံးနှင့် ဆက်လက်လိင်ဆက်ဆံခြင်းက ကွန်ဒုံးမသုံးပဲ ဆက်ဆံတာနှင့် အတူတူပါပဲ။ နောက်တစ်ခုက ကွန်ဒုံးနှစ်ထပ်သုံးတာက တစ်ခုတည်းသုံးတာထက် ပိုလုံခြုံတယ်ဆိုတာ လုံးဝမှားပါတယ်။ နှစ်ထပ်ဆိုရင် သူတို့အချင်းချင်း ပွတ်တိုက်ပြီး ပြဲသွားနိုင်ပါတယ်။

ဘာပဲပြောပြော ကိုယ်နှင့် လိင်ဆက်ဆံမည့်သူ၏ HIV အခြေအနေကို အတိအကျမသိရဘူးဆိုလျှင် ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံတာ အလုံခြုံဆုံးပင် ဖြစ်ပါတယ်။

အခြား STI များ

HIV သည် ပျောက်ကင်းအောင် ကုသ၍ မရသေးတာကြောင့် အန္တရာယ်အများဆုံးဟု အဆုံးသတ်မှတ်ထားပေမယ့် အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့အခါမှာ HIV နှင့်အတူ အခြားရောဂါပိုးတွေလည်း ကူးစက်နိုင်သေးတာကို သတိထားရပါမယ်။ (Sexually Transmitted Infection) STI လို့ခေါ်တဲ့ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေဟာ Bacteria ဘက်တီးရီးယား၊ virus ဗိုင်းရပ် နှင့် parasite ကပ်ပါးပိုးများ စသည်တို့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ တချို့က သူ့အလိုလို ပြန်ပျောက်သွားပြီး အချို့က ဆေးသောက်လိုက်ရင် ပျောက်သွားပါတယ်။ အချို့ကတော့ ရက်များကြာတတ်ပြီး မကုသပဲ ပစ်ထားပါက ခန္ဓာကိုယ်ကို ထိခိုက်မှုတွေ ဖြစ်စေပါတယ်။

ကူးစက်နိုင်တဲ့ရောဂါ ဥပမာအချို့ကတော့ Chlamydia, Crabs, Gonorrhoea (ဆီးပူညောင်းကျ), Hepatitis A, Hepatitis B, Hepatitis C (အသဲရောင် အသားဝါ အေပိုး ဘီပိုး နှင့် စီပိုး၊ စီပိုးသည် HIV နှင့်ကူးစက်ပုံတူပြီး ကုသရန် ခက်ခဲပြီး အကုန်ကျများပါတယ်), Herpes (ရေယုန်) , HPV, Scabies, Syphilis (ကာလသားရောဂါ) နှင့် Warts (ကြွက်နို့) တို့ပဲ ဖြစ်ပါတယ်။ (တစ်ခုချင်းစီ အသေးစိတ် ဘာသာပြန်ရေးပေးဖို့ အချိန်မရတဲ့အတွက် တောင်းပန်ပါတယ်။ အင်တာနက်ပေါ်မှာ အသေးစိတ်ကို ရှာဖွေဖတ်ရှုကြဖို့လည်း တိုက်တွန်းပါတယ်။ GMFA စာမျက်နှာမှာလည်း အင်္ဂလိပ်လို ဖတ်လို့ ရပါတယ်။)

အခုတော့ အားလုံးကို ခြုံပြီး ရောဂါလက္ခဏာတွေနှင့် ဘေးကင်းတဲ့ လိင်ဆက်ဆံပုံကို ဆက်ပြောပါမယ်။

အချို့ရောဂါပိုးတွေက ကူးစက်ပြီးနောက်ပိုင်း ဘာလက္ခဏာမှာ မပြတဲ့အတွက် ကိုယ့်မှာ ရှိလို့ရှိမှန်းမသိပဲ နောက်တစ်ယောက်ကို လိင်ဆက်ဆံရာမှာ ကူးစက်ပါတယ်။ ဒါပေမယ့် တော်တော်များများကတော့ ရောဂါလက္ခဏာတွေ ပြကြပါတယ်။ ခြုံပြောရရင်

  • လိင်တံ၊ ဝှေးစေ့နှင့် စအို အတွင်း/တဝိုက်/အပေါ် ယားယံခြင်း၊
  • ဆီးသွားလျှင် အိမ်သာတက်လျှင် ပူလောင်ခြင်း (သို့) ယားယံခြင်း၊
  • ပုံမုန်ထက်ပိုပြီး ဆီးသွား/အိမ်သာတက်လိုခြင်းနှင့် သွားသောအခါ မထွက်ခြင်း၊ အနည်းငယ်သာ ထွက်ခြင်း၊
  • လိင်အင်္ဂါပေါ်တွင် အစက်အပြောက်၊ အဖု နှင့် အနီကွက်များ ပေါ်လာခြင်း၊
  • ပြည်များ လိင်အင်္ဂါမှ ထွက်ခြင်း၊
  • အဖုများ၊ အလုံးများထွက်ခြင်းတို့ကို အကြမ်းဖျဥ်း သတ်မှတ်လို့ ရပါတယ်။

လတ်တလောမှာ လိင်မဆက်ဆံခဲ့ပေမယ့်လည်း ၎င်းလက္ခဏာတွေကို တွေ့ပါက ဆရာဝန် ချက်ချင်းပြသင့်ပါတယ်။ မကုသပဲ လစ်လျုရှုပြီး သူ့အလိုလို ပျောက်ကင်းအောင် စောင့်မယ်ဆိုပါက ခန္ဓာကိုယ်ကို ဆိုးဝါးတဲ့ ထိခိုက်မှုတွေ ဖြစ်သွားစေနိုင်ပါတယ်။

သင်သည် လိင်ဆက်ဆံဖော် အသစ်တွေနှင့် အမြဲပုံမှန်လို လိင်ဆက်ဆံမှုတွေကို ပြုလုပ်နေသူဖြစ်ပါက တစ်လတစ်ခါ ပုံမှန် ဆရာဝန်နှင့် ဆေးစစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။

မှတ်ထားဖို့က ကျန်းမာပြီး ရောဂါကင်းစင်တဲ့ ယောက်ျားနှစ်ယောက် လိင်ဆက်ဆံတဲ့ အခါမှာတော့ ဒီရောဂါတွေ ကူးစရာ အကြောင်းမရှိပဲ ဘေးကင်းပါတယ်။

Safe Sex Practices ဘေးကင်းသော လိင်ဆက်ဆံမှု

ယခုဆက်လက်ပြီး လိင်ဆက်ဆံပုံ တစ်ခုခြင်းစီအလိုက် ဘယ်လောက် အန္တရာယ်ရှိနိုင်ပြီး ဘယ်လို ဘေးကင်းစွာ လိင်ဆက်ဆံရမလဲဆိုတာကို ပြောပါမယ်။

သုတ်မလွတ်ခင် pre-cum လို့ခေါ်တဲ့ သုတ်ရည်ကြည်ထဲမှာလည်း HIV ရှိနေတတ်ပါတယ်။ သုတ်ရည်ထက်တော့ ကောင်ရေနည်းပါးပါတယ်။ ဂေးတော်တော်များများက ပါးစပ်နှင့် ဆက်ဆံရာမှာ ကွန်ဒုံး သုံးလေ့မရှိပါ။ သို့သော် ကွန်ဒုံးနှင့် ဆက်ဆံပါက ၎င်းအရည်များကို ထိတွေ့ခြင်းမှ ကာကွယ်ရာ ရောက်ပါမယ်

Oral Sex ပါးစပ်နှင့် လိင်ဆက်ဆံခြင်း

ပါးစပ်ဖြင့် ဆက်ဆံခြင်းဖြင့် HIV ပိုးကူးနိုင်သော်လည်း ကူးစက်ခြင်း ဖြစ်ပွားမှု အလွန်ရှားပါးပါတယ်။ သို့သော်လည်း မကူးနိုင်ဟု ပြောလို့မရပါ။ ဘာကြောင့်လဲဆိုတော့ လည်ချောင်းက ရောဂါကူးရန် မလွယ်ကူစေပဲ တံတွေးထဲမှာလည်း ပိုးသတ်တဲ့ အင်ဇိုင်းတွေ ပါ၀င်တာကြောင့် HIV ပိုးကောင်ရည် အလွန့်အလွန်များမှသာ ကူးနိုင်ပါတယ်။ အထူးသဖြင့် ခံတွင်းထဲမှာ သုတ်မလွှတ်ဘူးဆိုရင် ပိုးကူးနိုင်ခြေ ပို နည်းသွားပါမယ်။ အမြန်မျိုချခဲ့ရင် အစာအိမ်ထဲက အက်စစ်တွေက ရှိသမျှ ပိုးတွေကို သတ်ပစ်မှာပါ။ သို့သော် သုတ်မလွတ်ခင် pre-cum လို့ခေါ်တဲ့ သုတ်ရည်ကြည်ထဲမှာလည်း HIV ရှိနေတတ်ပါတယ်။ သုတ်ရည်ထက်တော့ ကောင်ရေနည်းပါးပါတယ်။ ဂေးတော်တော်များများက ပါးစပ်နှင့် ဆက်ဆံရာမှာ ကွန်ဒုံး သုံးလေ့မရှိပါ။ သို့သော် ကွန်ဒုံးနှင့် ဆက်ဆံပါက ၎င်းအရည်များကို ထိတွေ့ခြင်းမှ ကာကွယ်ရာ ရောက်ပါမယ်။

သို့သော် ပါးစပ်နှင့် ခံတွင်းတွင် အနာများဖြစ်ခြင်း၊ သွားဖုံးများကွဲခြင်း ဖြစ်ပေါ်နေပါက ရောဂါကူးစက်ရန် အလားအလာ ဖြစ်စေပါတယ်။ အထူးသဖြင့် လိင်မဆက်ဆံမီ သွားတိုက်ခြင်း၊ ပါးစပ်ကို ဆေးနှင့် ဆေးကြောခြင်း ပြုလုပ်မည်ဆိုပါက သတိထားရပါမယ်။ သွားတိုက်ပြီးပြီးချင်း သွားဖုံးများ အက်ကွဲနေတတ်တဲ့အတွက်ကြောင့် သတိထားရမှာ ဖြစ်ပါတယ်။

HIV ကူးစက်နိုင်မှု အလွန်နည်းပါပေမဲ့ chlamydia၊ ဂနို၊ ရေယုန် နှင့် ကာလသားရောဂါတွေတော့ ကူးစက်နိုင်ပါတယ်။ ကွန်ဒုံးသုံးပြီး ကာကွယ်ရင် ရနိုင်ပေမယ့် အများစုက ကွန်ဒုံးရဲ့ ရာဘာအရသာကြီးကို မကြိုက်တဲ့အတွက် ဒါတွေကို အမှုမပြုပါဘူး။ ကိုယ်က လုံခြုံချင်တယ်ဆိုရင်တော့ ကွန်ဒုံးသုံးပြီး ပါးစပ်နှင့် ဆက်ဆံပါက ကာကွယ်နိုင်ပါတယ်။ သင် ကာကွယ်ဆေး မထိုးထားပါက အသည်းရောင်အသားဝါ ဘီပိုးလည်း ကူးနိုင်ချေ အနည်းငယ်ရှိပါတယ်။

သင်မသိတဲ့ သူတစ်ယောက်နှင့် လိင်ဆက်ဆံခဲ့ပြီး ကူးစက်မယ်လို့ သံသယရှိခဲ့လျှင် အမြဲပုံမှန် ဆေးစစ်ခြင်းဖြင့် စောစီးစွာ ကုသပျောက်ကင်းနိုင်ပါတယ်။

Anal Sex စအိုဖြင့် လိင်ဆက်ဆံခြင်း

အထက်တွင် ဖော်ပြထားသည့်အတိုင်း စအိုမှ လိင်ဆက်ဆံခြင်းသည် HIV ကူးစက်ရန် အဖြစ်နိုင်ဆုံး အပြုအမူဖြစ်သည်။ ပုံမှန်အားဖြင့် ကွန်ဒုံးက ရောဂါများကို ကာကွယ်နိုင်သော်လည်း ကွန်ဒုံးမပါပဲ ရောဂါရှိသူနှင့် ဆက်ဆံခြင်းသည် အန္တရာယ်အများဆုံး ဖြစ်သည်။ အထူးသဖြင့် စအိုအတွင်းတွင် သုတ်ထုတ်လွှတ်ခြင်းက ကူးစက်ရန် ပိုမိုလွယ်ကူစေသည်။

အချို့က ကွန်ဒုံးမပါပဲ ဆက်ဆံပြီး သုတ်ရည်ကို စအိုထဲမလွှတ်လျှင် ရောဂါမကူးနိုင်ဟု ထင်ပါက မှားပါတယ်။ Pre-cum သုတ်ရည်ကြည်တွေမှာလည်း HIV ပိုး ရှိနိုင်ပါသည်။ နောက်တစ်ခုက ယောက်ျားချင်း လိင်ဆက်ဆံရာတွင် လုပ်သူ (top)က မကူးနိုင်ပဲ ခံသူ (bottom)ကပဲ ကူးနိုင်ဆိုတာကလည်း မှားပါတယ်။ အမှန်တကယ်မှာ ခံသူအတွက် ကူးစက်ဖို့ ပို၍လွယ်ကူပေမဲ့ နှစ်ဦးစလုံးသည် အခြေအနေအရ အချင်းချင်း ရောဂါကူးစက်ဖို့ ဖြစ်နိုင်ပါတယ်။ ခံသူရဲ့ စအိုအတွင်း ပိုးရှိနေပါက လိင်တံတွင် ကွန်ဒုံးမစွပ်ထားလျှင် လိင်ထိပ်ခေါင်းမှ စိမ့်ဝင်၍ ကူးမယ်ဆိုလျှင် သီအိုရီအရ ဖြစ်နိုင်ပါတယ်။

HIV နှင့်အတူ အခြား STI တွေလည်း အကာကွယ်မဲ့ဆက်ဆံပါက ကူးစက်နိုင်ပါတယ်။ အချို့သော STI တွေကတော့ ကွန်ဒုံးစွပ်ထားသော်လည်း ကူးနိုင်ပါသေးတယ်။

လိင်ဆက်ဆံစဉ် ကွန်ဒုံးပေါက်ပြဲပါကလည်း ကူးစက်နိုင်ပါတယ်။

အထူးသဖြင့် အုပ်စုလိုက် လိင်ဆက်ဆံပါက ပို၍ အန္တရာများပါတယ်။ လိင်တံထိုးသွင်းသူက တစ်ဦးနှင့် ဆက်ဆံပြီးတိုင်း ကွန်ဒုံးလဲသင့်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် ကွန်ဒုံးတွင် ကပ်ပါလာသော အရည်ကြည်များ နှင့် အချွဲများဖြင့် နောက်တစ်ယောက် စအိုထဲသို့ ထည့်ပါက ပထမတစ်ယောက်တွင် ပိုးရှိရင် ဒုတိယတစ်ယောက်ကို ကူးစက်ပါတယ်။

Mutual Masturbation အပြန်အလှန် လက်နှင့် သုတ်လွှတ်စေခြင်း

ကိုယ့်ဖာသာကိုယ် တစ်ကိုယ်ရည် အာသာဖြေခြင်းကတော့ အန္တရာယ်အကင်းဆုံးပါပဲ။ ယောက်ျားအချင်းချင်း လက်နှင့် အပြန်အလှန် အာသာဖြေပေးပြီး သုတ်လွှတ်စေခြင်းကလည်း ဘေးကင်းတဲ့ လိင်ဆက်ဆံမှုပါပဲ။ HIV လုံးဝကူးမှာ မဟုတ်လို့ စိတ်ချလက်ချ သွားလာလို့ ရပါတယ်။

ဒါပေမဲ့ အခြားပိုးတွေ ရှိနိုင်တဲ့သူရဲ့ သုတ်ရည်ကို နောက်တစ်ဦး လိင်တံခေါင်းတွင် ပွတ်သပ်ပေးပါက ၎င်းပိုးတွေ သီအိုရီအရ ကူးနိုင်ခြေ ရှိပါတယ်။ သို့သော် အခြား လိင်ဆက်ဆံတဲ့ အပြုအမူတွေနှင့် နှိုင်းယှဉ်ပါက အန္တရာယ်အကင်းဆုံး ဖြစ်ပါတယ်။ ဘေးဖြစ်မယ်ဆိုရင်တော့ ကိုယ့်အဖော်က စိတ်မထိန်းနိုင်လို့ အတင်းဆွဲဆောင့်မှသာ ထိခိုက်တာတွေ ဖြစ်မှာပဲ ရှိတာပါ။

နောက်တစ်ခု… တစ်ကိုယ်ရည် အာသာဖြေခြင်းကြောင့် အရပ်ထဲမှာ လျှောက်ပြောနေတဲ့ လက်မှာ အမွှေးပေါက်တာတို့၊ မျက်လုံးကန်းတာတို့၊ အားပြတ်တာတို့ တစ်ခုမှ မဖြစ်ပါဘူး။ ကျန်းမာရေးအတွက် အလွန်ဘေးကင်းပါတယ်။

Kissing နမ်းခြင်း

နှုတ်ခမ်းချင်း စုပ်နမ်းလို့ HIV ကူးတယ်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဒါကြောင့် အားရပါးရ ကြိုက်သလောက် နမ်းလို့ ရပါတယ်။ တစ်ခုတော့ ရှိတယ် ရေယုန်တော့ ကူးနိုင်ပါတယ်။ သူ့ပါးစပ်မှ အနာပေါက်နေရင်တော့ သတိထားပေါ့။

Rimming ပါးစပ်နှင့် စအို ဆက်ဆံခြင်း

ဒီအပြုအမူကနေ HIV ကူးတယ်ဆိုတာ မတွေ့ဖူးသေးပါ၊ ဒါပေမယ့် အခြား STI ပေါင်းစုံကတော့ အလွယ်တကူသာ ၀င်လာနိုင်ပါတယ်။ ဒီနေရာမှာ တစ်ကိုယ်ရည် သန့်ရှင်းမှုဆိုတာ အလွန့်အလွန်ကို အရေးပါတာပါ။ ကိုယ့်အဖော်မှာ တစ်ကိုယ်ရည် သန့်ရှင်းမှုမရှိရင် အန္တရာယ်များပါတယ်။ အသဲရောင် အသားဝါ အေပိုး၊ ဘီပိုး၊ ဂနိုရောဂါ၊ ၀မ်းကိုက်ပိုးတွေအားလုံး ဒီနည်းနဲ့ အလွယ်တကူ ကူးနိုင်ပါတယ်။ အထူးသဖြင့် အဖော်က ၀မ်းပျက်ဝမ်းလျှော ဖြစ်နေရင်ပေါ့။ ဒီလို ဆက်ဆံလိုတယ်ဆိုရင် သန့်ရှင်းမှုကို အထူးဂရုစိုက်ထားပြီး ကျန်းမာရေး ကောင်းနေမှ ရမှာပါ။

Frottage လိင်တံချင်း ပွတ်သပ်ခြင်း

HIV အန္တရာယ် ကင်းပါတယ်။ လက်နဲ့ သုတ်လွှတ်စေမယ့်အစား လိင်တံချင်း သုတ်ထွက်ကျတဲ့အထိ ပွတ်တိုက်ကျတာကို ဆိုလိုတာပါ။ အရေပြားရောဂါလောက်သာ ရှိခဲ့ရင် ကူးမှာပါ။ ဥပမာ- ကြွက်နို့၊ ရေယုန်၊ ဝဲနာ…၊ ဒါပေမဲ့ ကံဆိုးရင်တော့ အသားချင်း ထိတဲ့အတွက် ကာလသားရောဂါ (Syphilis) လည်း ကူးနိုင်ပါတယ်။

သုတ်ရည်ထဲမှ HIV က လေနှင့်ထိတဲ့အခါ အချိန်တိုအတွင်း သေတယ်ဆိုပေမယ့် အချို့  STI ဖြစ်စေတဲ့ ပိုးတွေကတော့ သူ့လောက် မြန်မြန် မသေပါဘူး။ ဒီအချက်ကို သတိထားစေလိုပါတယ်

Cum Play သုတ်ရည်နှင့် ဆက်ဆံခြင်း

HIV + ဖြစ်သူ ယောက်ျားရဲ့ သုတ်ရည်ထဲမှာ ပိုးကောင်ရည် အမြောက်အများ ပါဝင်ပါတယ်။ အထက်မှာ ဖော်ပြထားသလို သွေးစီးကြောင်းနှင့် တိုက်ရိုက်ထိတွေ့ပါက ပိုးက အလွယ်တကူ ခန္ဓာကိုယ်ထဲ ဝင်နိုင်ပါတယ်။ သို့သော်လည်း သုတ်ရည်ထဲက HIVဟာ လေနှင့် ထိတဲ့အခါ အချိန်တိုအတွင်း သေပါတယ်။ ဒါ့ကြောင့် သုတ်ရည်ကို ခန္ဓာကိုယ်အပြင်မှာ ထုတ်လွှတ်ပြီးနောက် သုတ်ရည်နှင့် ဆော့ကစားမယ်ဆိုပါက အထိုက်အလျှာက် အန္တရာယ်ကင်းပါတယ်။ အနာတွေအပေါ် (သို့) ပေါက်ပြဲနေတဲ့ အရေပြားအပေါ် တိုက်ရိုက် မကျသရွေ့ပေါ့။ ဘေးကင်းစွာ ကစားမယ်ဖို့ရင် –

မျက်နှာပေါ်  သုတ်ထွက်မယ်ဆိုပါက သုတ်ရည်ထဲမှာရှိတဲ့ HIVက လေနှင့်ထိထိချင်း စက္ကန့်ပိုင်းကနေ မိနစ်ပိုင်းအတွင်း ပိုးသေတာကြောင့် အန္တရာယ် နည်းပါတယ်။ မျက်လုံးထဲ သူ့ကို မဝင်စေဖို့ ပြောပါ။ အလွန် စပ်ပါတယ်။ မျိုချမယ်ဆိုပါက ပါးစပ်ထဲမှာ အနာမရှိစေဖို့ အရေးကြီးပါတယ်။ လိင်မဆက်ဆံခင် တစ်နာရီအတွင်း သွားတိုက်ခြင်း ရှောင်ပါ။ သွားဖုံးတွေ ကျန်းမာပါစေ။ ဒါဆို သွေးကြောထဲကို HIV ၀င်နိုင်ဖို့ ဖြစ်နိုင်ချေ အလွန်နည်းပါးသွားပါမယ်။ ပါးစပ်ထဲရှိ တံတွေးနှင့် အစာအိမ်ထဲရှိ အက်စစ်က HIV ပိုးကို သတ်နိုင်ပါတယ်။ ကူးနိုင်ချေ အလွန်နည်းပါးတယ်ဆိုသော်လည်း သုတ်ရည်ပါးစပ်ထဲထည့်ပြီး သောက်ခြင်းကနေ HIV ကူးဖူးတဲ့ အဖြစ်မျိုးရှိခဲ့ဖူးတာမို့ လုံးဝမကူးနိုင်ဟု မဆိုလိုပါ။

သုတ်ရည်ထဲမှ HIV က လေနှင့်ထိတဲ့အခါ အချိန်တိုအတွင်း သေတယ်ဆိုပေမယ့် အချို့  STI ဖြစ်စေတဲ့ ပိုးတွေကတော့ သူ့လောက် မြန်မြန် မသေပါဘူး။ ဒီအချက်ကို သတိထားစေလိုပါတယ်။ ကိုယ့်ကို ဖျားနာစေမယ့် ပိုးတွေ ရှိနေနိုင်တာမို့ သတိထားရပါမယ်။ Gonorrhoea (ဂနို)၊ chlamydia နှင့် syphilis (ကာလသားရောဂါ) တွေတော့ ကူးနိုင်ပါတယ်။

Sex Toys လိင်အရုပ်များ

အရုပ်များကို သန့်ရှင်းစွာ မသုံးပါက STI ပေါင်းစုံ ကူးနိုင်ပါတယ်။ ကြမ်းတမ်းသော အရုပ်များ သုံးစွဲပါက စအိုအတွင်းသား ကြွက်သားတွေ ပေါက်ပြဲနိုင်ပါတယ်။ ဒါဆို ဘေးကင်းအောင် ဘယ်လို ကစားရပါမလဲ။

  • အရုပ်များကို ဝေမျှ သုံးစွဲခြင်း မပြုပါနှင့်။ တစ်ဦး ခန္ဓာကိုယ်ထဲကို ထည့်ပြီးသား အရုပ်ကို နောက်တစ်ဦးထဲထည့်တာ အလွန် အန္တရာယ်များပါတယ်။
  • တစ်ဦးသုံးစွဲပြီးလျှင် သေချာစွာ ရေနွေး၊ ပိုးသတ်ဆေးများနှင့် ဆေးကြောပြီးမှသာ နောက်တစ်ဦးနှင့် ဝေမျှသင့်ပါတယ်။ ဒါမှမဟုတ် အရုပ်ကို ကွန်ဒုံးစွပ်သုံးပြီး နောက်တစ်ဦး သုံးမည်ဆိုပါက ကွန်ဒုံးအသစ် လဲသုံးပါ။
  • အရုပ်တွေက ခန္ဓာကိုယ်ကို ထိခိုက်စေမယ့် အချွန်အတက်တွေ မာကြောမှုတွေ ရှိပါက ရှောင်ကျဉ်ပါ။ အထူးသဖြင့် စိတ်ကူးတည့်ရာ ကိုယ့်ဖာသာကိုယ် အရုပ်မထွင်ပါနှင့်။

ဘေးကင်းလုံခြုံဖို့ အရုပ်များကို ဝေမျှခြင်း မပြုရန် အရေးကြီးပါတယ်။

နောက်တစ်ခုက အိမ်မှာ လွတ်လွတ်လပ်လပ်ရှိလို့ သင်တစ်ကိုယ်တည်း အရုပ်နှင့် ဆော့ကစားမယ်ဆိုပါက၊ လက်ကိုင်မပါတဲ့ အရုပ်တွေ၊ လက်က ချော်ထွက်သွားနိုင်တဲ့ အရုပ်တွေနှင့် လက်တည့် မစမ်းပါနှင့်။ အကယ်၍ ခန္ဓာကိုယ်ထဲဝင်သွားရင် ဆေးရုံကို အရှက်တကွဲ အကျိုးနည်း ပြေးရပါမယ်။ ရယ်စရာတစ်ခု ဖြစ်နေသော်လည်း ဖြစ်တတ်တာမို့ သတိပေးတာပါ။

ကဲ…ဒီလောက်ဆိုလျှင် လိင်တူဆက်ဆံခြင်းနှင့်ပက်သက်တဲ့ လိင်ကျန်းမာရေးအကြောင်းကို အခြေခံလောက် နားလည်မယ်လို့ မျှော်လင့်ပါတယ်။ ရောဂါ ကင်းစင် ကျန်းမာသော ယောက်ျားနှစ်ဦး ဘေးကင်းစွာ လိင်ဆက်ဆံသရွေ့ မည်သည့် အန္တရာယ်မှ မရှိနိုင်သလို အခြားစုံတွဲတွေလို ပျော်ရွှင်ကျန်းမာတဲ့ သုခနှင့် ဘဝကို အတူဖြတ်သန်းသွားနိုင်မှာပါ။

 

မှတ်ချက်။         ။ လုလင်ဘလော့ဂ် http://gaylifeformyanmar.blogspot.co.uk/ မှ ကူးယူဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.