ရွှေဘိုမြို့နယ်က Gay တစ်ဦးကို ဓါးဖြင့် (၅၇)ချက် ထိုးနှက်သတ်ဖြတ်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူ သုံးဦးကို ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်က Gay တစ်ဦးကို တန်ဖိုးငွေ စုစုပေါင်း (၃၈)သိန်းရလိုမှုဖြင့် ဓါးဖြင့် (၅၇)ချက် ထိုးနှက် သတ်ဖြတ်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူ သုံးဦးကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ ရွှေဘိုမြို့မရဲစခန်းမှ သိရပါတယ်။
“ သတ်တာက ပစ္စည်းလိုချင်လို့ သတ်တာပါ။ တရားခံတွေ ဖမ်းဆီးရဖို့ ပစ္စည်းပျောက်ကြေညာ ပို့တာတို့၊ ဖုန်းဆိုင်တွေ စစ်တာတို့ ၊ CCTV တွေ စစ်တာတွေကြောင့် အမှုမှန်ပေါ်လာတာပါ။ တရားခံတွေက အသက်(၁၈)နှစ်၊ (၁၉)နှစ် တွေပါ။ ခုတော့ ချုပ်ရမာန်ယူပြီး ချုပ်ထားပါတယ်။ နောက်ပိုင်း ကျန်တဲ့ သက်သေခံပစ္စည်းတွေ လိုက်သိမ်းမယ်။ ပြီးရင် အမှု ခိုင်မာအောင်တည်ဆောက်ပြီး တရားရုံးတင်သွားမှာပါ” လို့ ရွှေဘိုမြို့မရဲစခန်းမှ ဒုရဲမှူး မြင့်မောင်က ပြောပါတယ်။
အဆိုပါ တရားခံ သုံးဦးကို ရွှေဘိုမြို့မရဲစခန်းမှ မတ်လ (၂၅)ရက်တွင် (၂)ဦး၊ မတ်လ(၂၄)ရက် မနက်ပိုင်းတွင် (၁)ဦး ဖမ်းဆီးရမိခဲ့ပြီး ရွှေဘိုမြို့မှ အသက်(၁၈)နှစ် ဟိန်းမိုးဇော်၊ အသက်(၁၈)နှစ် ထိန်လင်းသူ(ခ) ဗုံတိုနဲ့ အသက်(၁၉)နှစ် နေလင်းအောင် တို့မှ ဓါး ၉လက်မ၊ အသွား ၃လက်မခွဲဖြင့် ထိုးသတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အသတ်ခံရသူ အောင်ကျော်ထက်(ခ) ထက်ထက် အသက်(၃၀)နှစ်မှာ ရွှေဘိုမြို့၊ အမှတ်(၁၀) ထူထောင်ရေးရပ်ကွက်တွင် နေထိုင်ကာ မတ်လ(၁၆) ရက်၊ မွန်းလွဲ (၁၂) နာရီခွဲအချိန်တွင် နေအိမ်မှ တစ်ဦးတည်း ထွက်သွားစဉ် ၄၆ယ/ ၃၆ – – – နံပါတ်ပါ အနက်ရောင် ဆိုင်ကယ် (၁) စီး၊ MI ဟမ်းဆက် (၁) လုံး၊ အခေါက်ရွှေ လက်စွပ်အပြား (၁)ကွင်းနဲ့ သံကြိုးပုံ ပလက်တီနမ် ဆွဲကြိုး (၁)ကုံး စုစု ပေါင်းတန်ဖိုး (၃၈) သိန်းကျပ်ခန့် ဝတ်ဆင်သွားခဲ့ကာ ညနေ (၄)နာရီမှ (၅)နာရီ အချိန်ခန့်တွင် ရွှေဘိုကန်တော်ကြီး ရေကာတာအနီး၌ ဓါးဖြင့် (၅၇) ချက် ထိုးသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
“အမှုက တရားခံတွေ မိသွားပါပြီ။ ကျွန်တော်တို့ အဖွဲ့ကတော့ သေဆုံးသူရဲ့ မိဘတွေကို ရှေ့နေငှားပေးမယ်လို့ ပြောထားပါတယ်”လို့ ရွှေဘိုမြို့ရဲ့ သပြေညိုရွှေဘိုပန်းအဖွဲ့မှ ဥက္ကဌ ကိုအီးတီက ပြောပါတယ်။
အဆိုပါ အမှုကို ရွှေဘိုမြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ- ၃၀၂ ၊ သေမှုသေခင်းအမှတ် ပ-၂၄၃/၂၀၁၉ ဖြင့် အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။