လသာမြို့နယ်မှာ လူ့အခွင့်အရေးနဲ့ LGBT အခွင့်အရေးဆိုင်ရာ အဆင့်မြင့် သင်တန်းပြုလုပ်ခဲ့
Colors Rainbow အဖွဲ့အစည်းက တိုင်းနဲ့ပြည်နယ် ဒေသအသီးသီးရှိ လူ့အခွင့်အရေးနဲ့ LGBT အခွင့်အရေးဆိုင်ရာ အခြေခံအဆင့် သင် တန်းတက်ပြီးထားတဲ့ LGBT တွေကို လသာမြို့နယ်ရှိ Best Western Chinatown Hotel မှာ (၃)ရက်ကြာ အဆင့်မြင့်သင်တန်း ပို့ချပေးခဲ့ပါတယ်။
ဒီသင်တန်းကို Colors Rainbow အဖွဲ့အစည်းအနေနဲ့ LBGT တွေဟာ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးအကြောင်း သိရှိနားလည်လာစေဖို့နဲ့ လူ့အသိုင်းအဝန်းကြား LBGTတွေ သဟဇာတဖြစ်စေဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
“ ဒီသင်တန်းက LGBT တွေ အဓိက ကြုံတွေ့နေရတဲ့ SOGIE သဘောတရားကို ရှင်းရှင်းလင်းလင်း နားလည်လာစေဖို့နဲ့ ရှေ့ဆက်ပြီး LGBT အတွက် ကိုယ်စားပြုနိုင်တဲ့သူတွေ ဖြစ်လာစေဖို့ အဓိက ရည်ရွယ်ပါတယ်။ LGBT အခွင့်အရေးတွေ လုပ်ဆောင်ရာမှာ လူထုအတွင်း LGBT တွေ အပေါ် လူသားတစ်ယောက်လို တန်ဖိုးထားတတ်ဖို့နဲ့ ပူးပေါင်းပါဝင်မှု ပိုအားကောင်းလာစေဖို့ ဒီအဆင့်မြင့် သင်တန်းကို ပို့ချပေးတာပါ” လို့ သင်တန်းစီစဉ်သူ ကိုအောင်ကျော်သူက ပြောသည်။
လူ့အခွင့်အရေးနဲ့ LGBT အခွင့်အရေးဆိုင်ရာ အဆင့်မြင့်သင်တန်းကို သြဂုတ်လ (၂၂) ရက်မှ (၂၄) ရက်နေ့အထိ သင်ကြားပေးခဲ့ကာ သင် တန်းသား၊ သင်တန်းသူ (၂၅) ဦး တက်ရောက်ခဲ့ပါတယ်။
“သင်တန်း မတက်ထားဘူးဆိုရင် ကိုယ်တိုင် အခက်ခဲတွေ ကြုံလာတဲ့အခါ ဘယ်လိုဖြေရှင်းရမလဲဆိုတာ မသိနိုင်ဘူးလေ။ SOGIE အကြောင်းကို ရှင်းပြတာ အကြိုက်ဆုံးပါပဲ။ ပိုပြီး သိလာရတယ်။ (Sex)လိင်ကို အခြေခံပြီး အပေါ်ယံကြည့် သုံးသပ်မယ်ဆိုရင် LGBT တွေကို ခွဲခြားဆက်ဆံလာမှု ပိုများလာမှာပဲ။ အခြား LGBT တွေကော၊ LGBT မဟုတ်သူတွေ အကုန်လုံးကို ဝေဖန်မှုအမှားတွေ မဖြစ်စေဖို့ မိမိကိုယ်တိုင် SOGIE အကြောင်းလေးကို ဝေငှာသွားမယ်”လို့ Transgender အမျိုးသမီး Jessia က ပြောပါတယ်။
ဒီအဆင့်မြင့် သင်တန်းမှာ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေး အကြောင်း၊ အုပ်စုလိုက် အခွင့်ရေးနဲ့ LGBT အခွင့်အရေး အကြောင်း၊ လိင်နဲ့ လိင်အပေါ် အခြေခံတဲ့ အမြင်၊ SOGIE သဘောတရား အကြောင်း၊ ခွဲခြား ဆက်ဆံခြင်း၊ အကြမ်းဖက် ခံရခြင်း၊ ပုံစံခွက် သွတ်သွင်းခြင်းနဲ့ ကွန်ယက်ချိတ်ဆက်ခြင်းစတဲ့ သင်ခန်းစာတွေကို သင်ကြားပေးခဲ့ပါတယ်။