လိင်တူလက်ထပ်ခြင်းကို အာရှ ပထမဆုံးအဖြစ် ထိုင်ဝမ်နိုင်ငံတွင် တရားဝင်ခွင့်ပြု

ထိုင်ဝမ်နိုင်ငံက ဥပဒေပြုသူတွေက လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုတဲ့ ဥပဒေကြမ်းတစ်ရပ်ကို သဘောတူခွင့်ပြုခဲ့တာကြောင့် အဆိုပါခွင့်ပြုမှုဟာ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ကျွန်းနိုင်ငံလေးဖြစ်တဲ့ ထိုင်ဝမ်ကို အာရှပထမဆုံး လိင်တူ လက်ထပ်ခွင့်ဥပဒေကို ထုတ်ပြန်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေပါတယ်။

ထိုင်ဝမ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက ယခင်ဥပဒေဖြစ်တဲ့ အမျိုးသမီးနဲ့ အမျိုးသားတို့ ကြားမှာသာ လက်ထပ်နိုင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွှတ်ဟုဆိုကာ ပယ်ဖျက်အပြီး (၂)နှစ်အကြာမှာ ဆန္ဒမဲပေးမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တရားသူကြီးအဖွဲ့ဟာ ထိုင်ဝမ်နိုင်ငံပါလီမန်ကို ဥပဒေအသစ်တွေ ရေးဆွဲဖို့ (ဒါမှမဟုတ်) ပြင်ဆင်ဖို့အတွက် အချိန်(၂)နှစ် ပေးခဲ့တာ ဖြစ်ပါတယ်။

(AP Photo/Chiang Ying-ying)

အဆိုပါ ပြင်ဆင်ချိန်ပြည့်ဖို့ တစ်ပတ်သာလိုတော့တဲ့အချိန်မှာတော့ ထိုင်ဝမ် ဥပဒေပြုသူတွေဟာ လိင်တူ လက်ထပ်ခြင်းကို အမှန်တကယ် ခွင့်ပြုပေးမယ့် ဥပဒေကြမ်းတစ်ရပ်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီ ဥပဒေကြမ်းဟာ မေလ(၂၄)ရက်နေ့က စတင် အကျိုးသက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

Beijing Gender Health Education Institute ကို ဦးဆောင်သူ Xiaogang Wei ကတော့ အခုလို ဥပဒေကြမ်းပြဋ္ဌာန်းလိုက်တာဟာ အာရှအတွက်တင်မကဘဲ တစ်ကမ္ဘာလုံးမှာရှိတဲ့ LGBTQ အခွင့်အရေး လှုပ်ရှားမှုအတွက် သမိုင်းတွင်မယ့် ဖြစ်ရပ်တစ်ခုပါလို့ ဆိုပါတယ်။

“တရုတ်အစိုးရကတော့ လိင်တူလက်ထပ်တယ်ဆိုတာ တရုတ်ယဉ်ကျေးမှုအရ မသင့်တော်ဘူးလို့ဆိုကာ ရိုးရာယဉ်ကျေးမှုကို ရမယ်ရှာခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ ယဉ်ကျေးမှုတူညီတဲ့ ထိုင်ဝမ်မှာ ပြုလုပ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုဟာလည်း ပွင့်လင်းလာနိုင်တယ်၊ ကွဲပြားလာနိုင်တယ်၊ တိုးတက်လာနိုင်တယ်ဆိုတာကို သက်သေပြနေတာပါပဲ” လို့ Xiaogang Wei က ဆိုပါတယ်။

ထိုင်ဝမ်နိုင်ငံဟာ လိင်တူချစ်သူတွေ အများဆုံး စုဝေးနေတဲ့ နိုင်ငံဖြစ်ပြီး လိင်တူချစ်သူတွေကို လက်ခံပေးဖို့ ပြုလုပ်တဲ့ အခမ်းအနားတွေဟာလည်း အာရှတိုက်မှာ အကြီးကျယ်ဆုံး ဖြစ်ပါတယ်။ သို့သော်ငြားလည်း တန်းတူညီမျှ လက်ထပ်ထိမ်းမြားနိုင်ရေး ပြသနာကတော့ ထိုင်ဝမ် လူမှုအဖွဲ့အစည်းများကြားမှာ ခါးသီးစွာနဲ့ ကွဲပြားလို့ နေခဲ့ပါတယ်။ ယမန်နှစ်က ပြုလုပ်ခဲ့တဲ့ အငြင်းပွားဖွယ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာတော့ လိင်တူလက်ထပ်ခြင်းကို ခွင့်မပြုဖို့ ၆၇% သော ပြည်သူလူထုက မဲပေးဆန္ဒပြုခဲ့ကြပါတယ်။

လတ်တလောလများအတွင်းမှာတော့ ရှေးရိုးစွဲအဖွဲ့တွေဟာ လိင်တူလက်ထပ်မှု ပြုပြင်ပြောင်းလဲရေးတွေကို ဆန့်ကျင်တဲ့ စည်းရုံးလှုံ့ဆော်ရေးတွေ ပြုလုပ်ခဲ့ကြပြီး လိင်တူလက်ထပ်ခြင်းကို ခွင့်ပြုတဲ့နိုင်ငံတွေက ဥပဒေမျိုးဖြစ်တဲ့ လိင်တူလက်ထပ်ခြင်းကို ပြင်ဆင်အဓိပ္ပါယ်ဖွင့်ဆိုမယ့် ဥပဒေမျိုးကို ဆန့်ကျင်ခဲ့ကြပါတယ်။

ဥပဒေပြုသူတွေကို ပြင်ဆင်ပြောင်းလဲဖို့ အချိန်(၂)နှစ်ပေးခဲ့ပေမဲ့ အခြေအနေကတော့ ထူးခြားမှု မရှိခဲ့တာကြောင့် ထိုင်ဝမ်မှာရှိတဲ့ လိင်တူထိမ်းမြားခြင်းကို ဆန့်ကျင်သူတွေဟာ ဒီအခြေအနေကို အသုံးချခဲ့ပြီး လိင်တူလက်ထပ်မှုကို ထောက်ခံမှု ရှိမရှိ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

Chi ရဲ့ အမှုမှာ ကိုယ်စားပြုဆောင်ရွက်ပေးခဲ့တဲ့ ထိုင်ဝမ်ရဲ့ လူထုအခြေပြုမိတ်ဖက်အခွင့်အရေးများ မြှင့်တင်ရေးမဟာမိတ်အဖွဲ့ရဲ့ အမှု ဆောင် ဒါရိုက်တာဖြစ်သူ Victoria Hsu က
“ဒီဥပဒေကြမ်းဟာ လိင်ကွဲချစ်သူ မိသားစုတွေအပေါ် ဆုံးရှုံးနစ်နာစေမှု မရှိတဲ့အတွက် LGBTQ တွေအပေါ် လူတွေရဲ့ သဘောထားတွေ တိုးတက်ပြောင်းလဲလာဖို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။

ကျန်ခဲ့တဲ့ သောကြာနေ့က ဥပဒေပြုသူများဟာ ဥပဒေကြမ်းသုံးရပ်ကို မဲပေးနေစဉ်မှာတော့ ပါလီမန်အပြင်ဘက်မှ လိင်တူလက်ထပ်ခြင်းကို ထောက်ခံကြတဲ့ ထောင်နဲ့ သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ မိုးကို အံတုရင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒမဲပေးမှု အပြီးမှာတော့ ထိုင်ဝမ်နိုင်ငံရဲ့ သမ္မတဖြစ်သူ Tsai Ing-wen က
“ကျွန်တော်တို့ဟာ စစ်မှန်တဲ့ တန်းတူညီမျှမှုဆီကို အလှမ်းကြီးကြီးလှမ်းလိုက်တာဖြစ်ပြီး ထိုင်ဝမ်ကို ပိုပြီး ကောင်းမွန်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်စေဖို့ လုပ်ဆောင်ခဲ့တာပါ” လို့ သူ့ရဲ့ တွစ်တာအကောင့်ပေါ်မှာ အခုလို ရေးသားခဲ့ပါတယ်။

ဒီဥပဒေကြမ်းသုံးရပ်မှ တစ်ရပ်ကို ထိုင်ဝမ်နိုင်ငံရဲ့ ဝန်ကြီးအဖွဲ့က တင်သွင်းခဲ့တာဖြစ်ပြီး အကြွင်းမဲ့ အောင်မြင်ခဲ့ပါတယ်။ ကျန်ဥပဒေနှစ်ရပ်ကိုတော့ ရှေးရိုးစွဲအဖွဲ့များက အပြိုင်တင်သွင်းခဲ့ပေမဲ့ ကျရှုံးခဲ့ပါတယ်။

 

Source # CNN

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.