သူငယ်ချင်းတွေကို ဘယ်လိုပြောရမယ် (How to Come Out to Your Friends)

“လူဟူသည် လူမှုသတ္တဝါ (social animal) ဖြစ်သည်” ဟု ဆိုလေ့ရှိကြပါတယ်။

လူတစ်ယောက်ဖြစ်သော စာဖတ်သူအနေဖြင့် မိမိအရင် ရှိနှင့်နေတဲ့ အခြားလူများကြားတွင် မွေးဖွားကာ ၄င်းတို့မှာ ရှိနှင့်သော ဘာသာစကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ မျိုးနွယ်စရိုက်၊ ဒေသစရိုက်စသည်များကို ထိတွေ့မှတ်သားရင်း ကြီးပြင်းကြရပါတယ်။

ဒါကြောင့် ကနဦးအစမှာ မိမိမွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင် လူမှုအဖွဲ့အစည်းရဲ့ အယူအဆများ၊ ထုံးဓလေ့ အစဉ်အလာများကိုပင် အမှန်များ၊ စံများအဖြစ် ခံယူတတ်ကြပြီး တဖြည်းဖြည်း အခြားသော လူမှုဝန်းကျင်များ၊ မတူသော လူမျိုးအဝန်းအဝိုင်းများ၊ ရေခြားမြေခြား ဒေသများနှင့် တွေ့ထိသိကျွမ်းရသည့်အခါတွင်မှ မိမိယဉ်ကျေးမှုနှင့် သူ့ယဉ်ကျေးမှု မတူကွဲပြားပုံ၊ မိမိ လူမျိုးဓလေ့စရိုက်နှင့် သူ့လူမျိုး ဓလေ့စရိုက် မတူကွဲပြားပုံ၊ သူ့မြို့ပြရပ်ရွာစနစ်၊ သူ့နိုင်ငံရေး စီးပွားရေးစနစ်နှင့် မိမိရပ်ရွာစနစ် မိမိနိုင်ငံရေး စီးပွားရေးစနစ် မတူကွဲပြားပုံ စသည်တို့ကို တွေ့မြင်ကာ ထိုမှဆက်ကာ လူအားလုံးတို့မှာ တူညီစွာရှိတတ်သည့် ယေဘုယျသဘာဝများ၊ လူမျိုး၊ ဘာသာ၊ ဒေသအလိုက် သီးခြားစီ ရှိတတ်သည့် မတူကွဲပြားသော လူမှုလက္ခဏာများကို တဖြည်းဖြည်း ခွဲခြားရိပ်စားမိလာရတတ်ပါတယ်။

ကဲ ဟုတ်ပါပြီ။ လူတစ်ယောက်အနေနဲ့ လူမှုအဖွဲ့အစည်းထဲဝယ် သူငယ်ချင်းမိတ်ဆွေများနဲ့ ပေါင်းသင်းဆက်ဆံ နေထိုင်ကြတာ ဘဘာဝတစ်ခုဆိုတာ ပြောပြီးပါပြီ။ ကနဦးအစပိုင်းမှာ မွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင် လူမှုအဖွဲ့အစည်းရဲ့ အယူအဆများ၊ ထုံးဓလေ့ အစဉ်အလာများကိုပဲ အမှန်များ၊ စံများအဖြစ် လူအများစုက ခံယူတတ်ကြတယ်ဆိုတာကိုလည်း ထပ်လောင်း ပြောပြခဲ့ပါတယ်။ ဆိုတော့ကာ အဆိုပါ လူအများစု ထိတွေ့ခံစား ဖြစ်တည်နေကြတဲ့ လိင်စိတ်တိမ်းညွှတ်မှု ကိစ္စရပ်တွေသည် သမားရိုးကျ မြင်နေကြ အသွင်တစ်ခုအဖြစ် ဆောင်နေပြီး အခု စာရေးသူ ပြောပြမယ့် လိင်စိတ်တိမ်းညွှတ်မှု ကွဲပြားတဲ့ကိစ္စ ဖွင့်ဟပြောဆိုခြင်း ပြုလုပ်လိုက်မယ်ဆိုရင် အပေါင်းအသင်းကဏ္ဍဝယ် အနှုတ်လက္ခဏာတစ်ရပ် အသွင်ဆောင်မလား သို့မဟုတ် သူငယ်ချင်း မိတ်ဆွေအားလုံးကို ဆုံးရှုံးရမည်ဆိုသော စိုးရိမ်မှုများ စာဖတ်သူ ခံစားမိတော့မှာပါ။ ဘာကြောင့်လဲဆိုတော့ စာရေးသူ ပြောခဲ့သလိုပါပဲ။ မိမိ လတ်တလော ရှင်သန်နေထိုင်နေကြတဲ့ အဝန်းအဝိုင်းမှာရှိတဲ့ လူအများစုက ကိုယ် ဖွင့်ဟပြောဆိုလိုက်တဲ့ လိင်မှုကိစ္စ တိမ်းညွှတ်မှု အကြောင်းအရာအပေါ် မှားယွင်းမှုတစ်ရပ်အသွင် အဦးဆုံး ရှုမြင်ကြမှာ သေချာသလောက်မို့ ဖြစ်ပါတယ်။

အခု စာဖတ်သူ ဖတ်ရမည့် အကြောင်းအရာတွေကတော့ အဆိုပါအခြေအနေတွေအပေါ် ဘယ်လိုဆိုတာ ခြုံငုံသုံးသပ်ဖို့၊ ဖွင့်ဟပြောဆိုဖို့ နည်းလမ်း သို့မဟုတ် စာဖတ်သူကိုယ်တိုင် မိမိဖြစ်တည်နေတဲ့ ဘဝတစ်ခုအပေါ် စွန့်ခွာချင်နေတဲ့ စိတ်အခြေအနေ ဖြစ်နေခြင်း ဒါမှမဟုတ် စာဖတ်သူ နေထိုင်ရှင်သန်ရာ လူမှုအသိုင်းအဝိုင်းနဲ့ ဆက်နွယ်မှုမရှိ ပြတ်တောက်နေမိခြင်း ကိစ္စရပ်တွေအပေါ် ဘယ်လိုရင်ဆိုင်သင့်တယ်ဆိုတဲ့ နည်းလမ်းအချို့ကို အကြံဉာဏ်ပေး ထောက်ပြသွားမှာ ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ ပထမဦးဆုံးအကြိမ် တစ်စုံတစ်ယောက်ကို ဖွင့်ဟပြောဆိုခြင်းဆိုတဲ့ ကိစ္စဟာ အခက်အခဲဆုံး ပြဿနာတစ်ရပ် ဖြစ်ကောင်းဖြစ်နေနိုင်သလို အဲလို ဖွင့်ဟပြောဆိုခြင်းဟာ အမှားတစ်ခုလို့လည်း ထင်မြင်နေမှာပါ။ စာရေးသူ ထောက်ပြမှုလေးတွေက စာဖတ်သူ အမြင်များ အကောင်းဘက်ကို ပြောင်းလာစေမယ် ထင်ပါတယ်နော်။

(၁) ကိုယ့်အခြေအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်

စာဖတ်သူကို မိတ်ဆွေသူငယ်ချင်းအဖြစ် လက်ခံပြီး သူများ သို့မဟုတ် စာဖတ်သူရဲ့ ရင်းနှီးသော ပတ်ဝန်းကျင်မှ မဟုတ်သော မိတ်ဆွေ သူငယ်ချင်းအချို့ ဒါမှမဟုတ် စာဖတ်သူ ဖွင့်ဟမယ့် သူငယ်ချင်းအုပ်စုအတွက် အကြီးမားဆုံးသော အကြောင်းရင်းတစ်ရပ်ဖြစ်မှာ သေချာသလောက် ဖြစ်ပါတယ်။ ကိုယ့်အကြောင်းကို ဖွင့်ဟပြောဆိုရမယ့် လူတွေဟာ အနည်းဆုံးတော့ စာဖတ်သူပြောတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး နှုတ်လုံစိတ်ချရတဲ့သူ ပြီးတော့ ဖွင့်ဟပြောဆိုသင့်သောသူများသာ ဖြစ်ရပါမယ်။ ကိုယ့်မိဘမောင်ဖွား၊ ပတ်ဝန်းကျင်ကို ပြန်လည်ဖောက်သည်ချမယ့် သူငယ်ချင်းမိတ်ဆွေကို စာဖတ်သူက ဖွင့်ဟပြောဆိုမိတယ်ဆိုရင် စာဖတ်သူ့ မိဘ အသိုင်းအဝိုင်းများရဲ့ အနုတ်လက္ခဏာဆောင်မယ့် တုံ့ပြန်ချက်တွေ(ဥပမာ- အိမ်ကနေ ကန်ထုတ်ခံရတာ၊ ခက်ထန် ကြမ်းတမ်းစွာ ဆက်ဆံပစ်ပယ်ခံရတာစသဖြင့်) ကြံုလာရနိုင်တယ်ဆိုတာကြောင့် အနည်းငယ်တော့ ဖြည်းဖြည်းလေးလေးနဲ့ စဉ်းစားချင့်ချိန်ပြီးမှ ဖွင့်ဟရပါမယ်။ ဘာကြောင့်ဆို စာဖတ်သူက မိဘအသိုင်းအဝိုင်းကို မှီခိုနေရတုန်း အခြေအနေ ဖြစ်နေခဲ့တာကြောင့်ပါ။ ဒီရွေးပိုင်ခွင့်က တော်တော် ဆိုးတာ။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းကိစ္စ ပြီးဆုံးသွားပြီ သို့မဟုတ် ကိုယ့်ဘာသာ အမှီအခိုကင်းကင်း နေနိုင်ပြီဆိုသော နောက်ဆုံး အခြေအနေမှာတော့ ဘာအကြောင်းအရာကိုမှ အလွန်အကျွံ စိုးရိမ်နေစရာ မလိုတော့ဘူး။ ကိုယ်ပြောသမျှ ကိုယ့်မိဘဆီ ပြန်ရောက်နိုင်ပေမယ့် ဖွင့်ပြောချင်လည်း ပြောနိုင်ပြီပေါ့။

(၂) အကောင်း မတုံ့ပြန်ရင် မဖွင့်ဟသင့်

ကိုယ် ဖွင့်ဟမယ့် သူငယ်ချင်းမိတ်ဆွေတွေက အကောင်းလက္ခဏာဆောင်မယ့် တုံ့ပြန်မှုတွေ ပြန်မရနိုင်ဘူးလို့ စာဖတ်သူအနေနဲ့ သိနေတယ်ဆိုရင် သူတို့ကို ဖွင့်ဟပြောဆိုခြင်း မပြုလုပ်ပါနဲ့။ သူတို့ကို ဖွင့်ဟနေမယ့်အစား ကိုယ့်ဖြစ်တည်မှုအပေါ် အရှိအတိုင်း လက်ခံပြီး အရာရာ ဖေးမထောက်ကူတတ်တဲ့ သူငယ်ချင်းအသစ် တစ်ယောက်ယောက်ကို ရှာပြီး ဖွင့်ဟရမှာပေါ့။ ကိုယ့်အပေါ် အရာရာ အနှုတ်လက္ခဏာဆောင်တဲ့ ဆိုးရွားတဲ့ ဆက်ဆံမှုတွေ ဒါမှမဟုတ် စာဖတ်သူပြောသမျှ ဆိတ်ဆိတ်နေ၊ မတုံ့ပြန်ခြင်းတွေစတဲ့ တုံ့ပြန်ချက်တွေကို ပေးတော့မယ့် သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံနေရပြီး စိတ်ဆင်းရဲနေရမယ့်အစား အသိအမြင် ကျယ်ဝန်းတဲ့၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်စွာ လက်ခံတတ်သော အပေါင်းအသင်း အုပ်စုတစ်ခုကို ထပ်မံမိတ်ဖွဲ့ပြီး ပေါင်းသင်းဆက်ဆံ နေလိုက်ခြင်းဖြင့် စာဖတ်သူ အရင်ကသိခဲ့သော သူငယ်ချင်းများထံမှ ရရှိမယ့် စိတ်ဓာတ်ကျစေသော ဆက်ဆံမှုတွေ မရရှိနိုင်တော့ပါဘူး။

ကိုယ့်ဖြစ်တည်မှု ကိုယ်ဘာဆိုတာ ဖွင့်ဟပြောဆိုခြင်းကို လက်ခံပေးတယ်၊ နားလည်ပေးတယ်ဆိုတဲ့ ပတ်ဝန်းကျင်ကောင်း၊ အခြေအနေကောင်းတစ်ရပ် စာဖတ်သူ ရရှိနေပြီဆိုရင် အခြေခံအကျဆုံး ပြင်ဆင်မှုကတော့ အလွန်စိတ်လှုပ်ရှားနေတာမျိုး မဖြစ်ဘဲ မျက်နှာချင်း ဆိုင်လိုက်ဖို့ ဖြစ်ပါတယ်

(၃) ဖွင့်ဟဖို့ အဆင်ပြေတယ်ဆိုပေမယ့် စိတ် သိပ်မလှုပ်ရှားနဲ့

ကိုယ့်ဖြစ်တည်မှု ကိုယ်ဘာဆိုတာ ဖွင့်ဟပြောဆိုခြင်းကို လက်ခံပေးတယ်၊ နားလည်ပေးတယ်ဆိုတဲ့ ပတ်ဝန်းကျင်ကောင်း၊ အခြေအနေကောင်းတစ်ရပ် စာဖတ်သူ ရရှိနေပြီဆိုရင် အခြေခံအကျဆုံး ပြင်ဆင်မှုကတော့ အလွန်စိတ်လှုပ်ရှားနေတာမျိုး မဖြစ်ဘဲ မျက်နှာချင်း ဆိုင်လိုက်ဖို့ ဖြစ်ပါတယ်။ ကိုယ့်ရည်းစားဖြစ်မယ့်သူနဲ့ ပထမဆုံးအကြိမ် ချိန်းဆိုတွေ့ဆုံကြဖို့ အချိန်၊ နေရာ၊ ၀တ်စားဆင်ယင်ပုံအဆုံး ကြိုတင်စီမံမိတတ်ကြသလိုပါပဲ ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှု ကိစ္စကို ဖွင့်ဟပြောဆိုမယ့် သူငယ်ချင်းတစ်ယောက် သို့မဟုတ် အုပ်စုတွေအတွက်လည်း ဗြုန်းကနဲ အံ့အားတသင့် မဖြစ်စေတဲ့ ပုံစံတစ်ခု လုပ်သင့်ပါတယ်ခင်ဗျ။ အထူးသဖြင့်တော့ အမျိုးသား သူငယ်ချင်းများအတွက် တော်တော် စဉ်းစားပြင်ဆင်ထားရပါမယ်။ ဘာကြောင့်ဆိုရင်တော့ စာဖတ်သူ ဖွင့်ဟပြောဆိုမယ့် ကိစ္စနဲ့ပတ်သက်ပြီး စာဖတ်သူကလည်း စိတ်လှုပ်ရှား၊ သူတို့ကလည်း ကြားရတဲ့ သတင်းအပေါ် စိတ်ခံစားမှု ရောင်စုံနဲ့ တုံ့ပြန်ကြမယ်ဆိုတာ ဖြစ်ရင်းစွဲမို့ပါ။ ပုံမှန် တွေ့ဆုံနေကျ၊ သွားလာနေကျ စကားလက်ဆုံ ကျနေကျ၊ အချိန် နေရာတစ်ခုခုမှာ ဖွင့်ဟပြောမယ်ဆိုရင်ကော အဆင်ပြေမပြေ စာဖတ်သူအနေနဲ့ အလားတူ ဆုံးဖြတ်ပြင်ဆင်ရပါမယ်။

(၄) မလိုလားတဲ့ တုံ့ပြန်ချက်များအပေါ်

အလွန်အမင်း ပုဂ္ဂိုလ်ရေးအရ ခင်တွယ်မိသူများက ကိုယ့်အပေါ် မလိုလားသော တုံ့ပြန်ချက်များ ပေးလာတဲ့အပေါ် လက်ခံပြီး စိတ်ဓာတ်ကျသွားလို့ မဖြစ်ပါဘူး။ အချို့သော လူပုဂ္ဂိုလ်တွေဟာ အစဦးပိုင်းမှာတော့ စာဖတ်သူ ဖွင့်ဟပြောဆိုတဲ့ ကိစ္စအပေါ် သဘောတူကြောင်း ကတိပေးနေခြင်း သို့မဟုတ် လက်ခံနေသော အသွင်မြင်ရပေမယ့် အနှုတ်လက္ခဏာဆောင်သော တုံ့ပြန်မှု ပေးနိုင်ပါတယ်။ အဲဒါတွေကို ပုဂ္ဂိုလ်ရေးအရ ခံစားမနေပါနဲ့။ စာဖတ်သူ ပထမဦးစားပေး ပေါင်းသင်းဆက်ဆံရမယ့် တန်ဖိုးကြီးလူသားများဆိုတဲ့ နေရာအတွက် သူတို့တွေက မဟုတ်တာ သေချာသလောက်ပါပဲ။ စာဖတ်သူကိုယ်တိုင် အနှုတ်လက္ခဏာဆောင်တဲ့ အတွေးခံစားချက်တွေနဲ့ ၀န်းရံမိနေခြင်း သို့မဟုတ် anti-gay ဂေးဆန့်ကျင်ရေး သဘောရှိတဲ့လူများ စာဖတ်သူ့ပတ်ဝန်းကျင်မှာ များပြားနေမယ်ဆိုရင်တော့ ငြင်းပယ်တဲ့ သတင်းများနှင့် ပတ်သက်၍ စာဖတ်သူကိုယ်တိုင် သဘာဝမကျဘူးဆိုတဲ့ သဘောတွေကို အဆုံးသတ်အနေနဲ့ နှလုံးသွင်းမိနေတော့မယ် ဒါမှမဟုတ် စိတ်ဓာတ်ကျဆင်းခြင်းဆိုသော ကိစ္စရပ်ဆီ ဦးတည်သွားမှာလည်း သေချာပါတယ်။ ဒီလို မဖြစ်ရအောင်ဆိုလျှင် စာဖတ်သူရဲ့ ဖြစ်တည်မှု၊ စာဖတ်သူ ဘာဖြစ်တယ်၊ ဘယ်သူဆိုတာ လက်ခံတတ်တဲ့ အပြုသဘောဆန်သော စိတ်ဓာတ်ပိုင်ရှင် သူငယ်ချင်းများအပေါ် အာရုံစိုက်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့သော သူများဟာ စာဖတ်သူက ဖွင့်ဟသော လိင်စိတ်တိမ်းညွှတ်မှုလိုမျိုး နည်းနည်းအကဲဆတ်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အတွေ့အကြံု ရှိတတ်တော့ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုအတိုင်းအတာ ဘယ်လောက် ရှိတယ်ဆိုတာ သိရလွယ်ပါတယ်။ ဒီတော့ စာဖတ်သူအနေနှင့် ဘယ်သူတွေဟာ ယုံယုံကြည်ကြည်နဲ့ ပထမနေရာထား ပေါင်းသင်းဆက်ဆံရမယ်ဆိုတာ သိနိုင်တာပေါ့နော်။

(၅) စိတ်ထဲမှာထား

မိသားစု၊ ပတ်ဝန်းကျင်၊ အပေါင်းအသင်းများစွာတွေထဲမှာ ရှိတတ်ကြတဲ့ လိင်တူခြင်း ကြိုက်နှစ်သက်သူများထဲမှ စုန်းပြူးအချို့ရဲ့ အကြောင်း စာဖတ်သူရဲ့ သူငယ်ချင်းမိတ်ဆွေများ သိမြင်နေကြတဲ့အပေါ် အတိုက်အခံလုပ် ပြောမနေဘဲ စိတ်ထဲမှာပဲ ထားလိုက်ပါ။ လူအပေါ်မှာပဲ မူတည်နေပြီး လိင်တူကြိုက်နှစ်သက်သူ ဂေးဖြစ်နေခြင်းကြောင့်ဆိုတာ မဟုတ်ကြောင်း သူတို့တွေသိဖို့ အချိန်အတိုင်းအတာတစ်ခု ပေး စံနမူနာအဖြစ် နေထိုင်ပြလိုက်နိုင်ပါတယ်။

(၆) အပြုသဘောဆောင်သူများကို ဆက်လက်ပေါင်းသင်း

စာဖတ်သူလိုမျိုး လိင်စိတ်ကွဲပြားသူတွေအပေါ် အပြုသဘောဆောင် အထောက်အကူပေးတတ်သော သူများနဲ့ သူငယ်ချင်းမိတ်ဆွေများအဖြစ် ဆက်လက်ပေါင်းသင်းနိုင်ပါတယ်။ ပြီးတော့ LGBT အဖွဲ့အစည်းများ သို့မဟုတ် အုပ်စုများမှာ ပေါင်းစည်းပါ၀င် လှုပ်ရှားချင်တယ်ဆိုရင်လည်း စာဖတ်သူအနေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ပူးပေါင်းလိုက်ပါနော်။ ဒါဟာ မိမိစိတ်ကို အပြုသဘောဆောင်စိတ်တွေ တိုးပွားစေပြီး စိတ်ဓာတ်ကျသော ခံစားမှုများ နည်းပါးသွားနိုင်လို့ပါပဲ။

ကိုယ့်အသက်အရွယ် ပတ်ဝန်းကျင်ရှိ LGBT လူပုဂ္ဂိုလ်များအနေနဲ့ သူတို့ကိုယ်သူတို့ ဘယ်လို ကောင်းမွန်သော ခံစားချက်တွေနဲ့ ရပ်တည်နေသလဲဆိုတာ လေ့လာကြည့်ပါ။ သူတို့တွေရဲ့ ဂုဏ်ယူဖွယ် အမူအကျင့်၊ အသက်မွေးဝမ်းကြောင်းပညာ တတ်မြောက်မှု၊ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ စတာတွေကို လက်တွေ့ကျင့်သုံးခြင်းဖြင့် စာဖတ်သူရဲ့ စံပြပုဂ္ဂိုလ်များသဖွယ် ကူညီလမ်းပြပေးသွားပါလိမ့်မယ်

ပြောစရာ အချို့ (Tips)

တကယ်လို့ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ စာဖတ်သူရဲ့ ဖြစ်တည်ခြင်း (ဂေးဖြစ်ခြင်း) အပေါ် လက်မခံဘူး သို့မဟုတ် အခြား ကြုံဆုံရတဲ့ အခြေအနေဆိုးများ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်ဖို့ခြင်း မပြုလုပ်ပါနဲ့။ လက်သင့်ခံခြင်း သို့မဟုတ် လက်မခံခြင်းဆိုတာ သူတို့ မရွေးချယ်တဲ့ ပုစ္ဆာတစ်ရပ်သာ ဖြစ်ပါတယ်။ ပြီးတော့ ဒီအခိုက်အတန့်လေးဟာ လိင်တူခြင်း ကြိုက်နှစ်သက်သူများကို မုန်းတီးသူ (Homophobic) ဟုတ်မဟုတ် စာဖတ်သူအနေနဲ့ လေ့လာနိုင်တဲ့အချိန်လည်း ဖြစ်နိုင်သလို သူတို့ရှုထောင့်ကနေကြည့်လျှင် စာဖတ်သူရဲ့ ဖွင့်ဟပြောဆိုခြင်း ကိစ္စရပ်ဟာ ခြောက်လှန့်သည့်အသွင် ဆောင်သွားခြင်း ဖြစ်မဖြစ်ဆိုတာလည်း သိနိုင်တယ်လေ။

အကယ်၍ စာဖတ်သူကိုယ်တိုင်နှင့် ပတ်သက်ပြီး ကိုယ့်ကိုယ်ကို မသေချာသလို ခံစားရတယ် သို့မဟုတ် စာဖတ်သူရဲ့ လိင်မှုလက္ခဏာရပ်နဲ့ ပတ်သက်ပြီး အငုံ့စိတ် ၀င်နေဆဲဆိုပါက အခြားသော လူပုဂ္ဂိုလ်များရဲ့ ငြင်းပယ်တဲ့ တုံ့ပြန်ချက် များစွာကို ညံ့ဖျင်းစွာ လက်ခံလိုက်တဲ့သဘော ဖြစ်နေပါမယ်။ ဘယ်အရာကိုပဲ လုပ်လုပ် ကိုယ့်ကိုယ်ကို စိတ်ချယုံကြည်မှုနှင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းဆိုတာတွေ တိုးပွားလာစေမယ့် အရာတွေကို ကြိုးစားလုပ်ဆောင်ရပါမယ်။ ကိုယ့်အသက်အရွယ် ပတ်ဝန်းကျင်ရှိ LGBT လူပုဂ္ဂိုလ်များအနေနဲ့ သူတို့ကိုယ်သူတို့ ဘယ်လို ကောင်းမွန်သော ခံစားချက်တွေနဲ့ ရပ်တည်နေသလဲဆိုတာ လေ့လာကြည့်ပါ။ သူတို့တွေရဲ့ ဂုဏ်ယူဖွယ် အမူအကျင့်၊ အသက်မွေးဝမ်းကြောင်းပညာ တတ်မြောက်မှု၊ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ စတာတွေကို လက်တွေ့ကျင့်သုံးခြင်းဖြင့် စာဖတ်သူရဲ့ စံပြပုဂ္ဂိုလ်များသဖွယ် ကူညီလမ်းပြပေးသွားပါလိမ့်မယ်။ အချို့သော အစိုးရမဟုတ်သော အဖွဲ့အစည်းများမှာတော့ LGBT တွေအတွက် အသင်းအဖွဲ့လေးတွေ၊ သင်တန်းလေးတွေ စီစဉ်ပေးထားတတ်တာကြောင့် စာဖတ်သူအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ အဲလို club လေးတွေရှိရင်ဖြင့် သွားရောက် ပူးပေါင်းကာ လေ့လာကျင့်ဆောင်ကြည့်ပါလားလို့…

ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှု ကိစ္စရပ်လိုမျိုး၊ လူ့အခွင့်အရေးပိုင်းဆိုင်ရာတွေကို အသေးစိတ် တွယ်ကပ်မနေတတ်တဲ့ နားလည်ပေးတတ်သော အလုပ်ပတ်ဝန်းကျင်မျိုးမှာ အလုပ်လုပ်နိုင်ဖို့ရယ်၊ အဲလို ပတ်ဝန်းကျင်မှာ လုပ်ကိုင်နေတဲ့ သူငယ်ချင်းများကို ရရှိခဲ့ရင်ဖြင့် စာဖတ်သူစိတ်ထဲက ဖွင့်ဟချင်တာတွေကို သူတို့နဲ့ စတင်ဖို့ ကြိုးစားနိုင်ပါလိမ့်မယ်။ ထူးထူးခြားခြား ဒါကို အထူးတလည် ပြောနေရခြင်းက ကိုယ့်ရဲ့ ဖြစ်တည်မှု၊ ကိုယ့်ရဲ့ဘဝအမှန်ကို နားလည်ပေးတတ်တဲ့ ပတ်ဝန်းကျင်နဲ့ သူငယ်ချင်းမိတ်ဆွေများကို ပေါင်းသင်းခွင့်ရတဲ့အခါမှာ ဒီလိုပါလားဆိုတာ ခံစားမိစေချင်တဲ့ စေတနာကြောင့်ပါ။

သတိပေးချက်များ (Warnings)

စာဖတ်သူရဲ့ ဖွင့်ဟဝန်ခံခြင်းဖြစ်စဉ်မှာ ရလဒ်ဆိုးရွားနေတယ်၊ ပြီးတော့ သို့မဟုတ် ကိုယ့်အခြေအနေကို ကြည့်ကာ စိတ်ဓာတ်ကျသော ခံစားမှုတွေ ရရှိနေရတယ်ဆိုရင် ကျွန်တော်တို့လိုလူမျိုးတွေကို အထောက်အကူပေးနိုင်တဲ့ ကုထုံးပညာရှင်တစ်ယောက်ရဲ့ အကူအညီကို ရယူကြည့်ဖို့ အကြံဉာဏ် ပေးပါရစေ။ ဒါဟာ ပျော့ညံ့ခြင်း အားနည်းချက်တစ်ခုရဲ့ သင်္ကေတတစ်ရပ် မဟုတ်ပါဘူး။ အခုအချိန် ကိုယ်ဖြတ်သန်းနေရတဲ့ အခက်အခဲ၊ စိတ်အခြေအနေ ကြံုဆုံရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင် ပရိုတစ်ယောက်ရဲ့ အကူအညီ အကြံဉာဏ်ကောင်းတွေ ရယူပြီး ဖြတ်သန်းဖို့ဆိုတာ အရေးပါပါတယ်။

တကယ်လို့ စာဖတ်သူဟာ လိင်တူခြင်း ကြိုက်နှစ်သက်သူများကို မုန်းတီးသူ သူငယ်ချင်းများနှင့် နီးနီးကပ်ကပ် နေထိုင်နေရတယ် ဆိုလျှင်တော့ ဒါဟာ ဒီအဝန်းအဝိုင်းကနေ ရွေ့ဖို့ အသေအချာ လှုပ်ရှားဖို့ အကောင်းဆုံး စိတ်ဝင်စားစရာ တစ်ရပ်ပါပဲ။ စာဖတ်သူအနေဖြင့် ကိုယ့်ကို ငြင်းပယ်ရန်လိုသော အနှုတ်သဘောဆောင်တဲ့ လူမှုပတ်ဝန်းကျင်တစ်ရပ် ၀န်းရံကာ နေထိုင်လိုစိတ် ရှိမယ်မထင်ဘူးနော် ဟုတ်တယ်…ဟုတ်။ (ကိုယ်ငှားနေတဲ့ တိုက်ခန်းပတ်လည်က အခန်းတွေ၊ အိမ်တွေ၊ အခန်းဖော်တွေ စသဖြင့်…)

Alex Aung 

စာကြွင်း။          ။ ဒီစာစုလေးကို ရေးသားရာမှာ အချို့သော စာသားတွေကိုတော့ ဆရာဖေမြင့်ရဲ့ စာအုပ်က ရယူထားသလို www.wikihow.com ကနေလည်း မှီးငြမ်းရေးသားထားပါတယ်။ လူတစ်ယောက်ပဲဖြစ်ဖြစ်၊ လူအုပ်စု တစ်ခုခုကိုပဲဖြစ်ဖြစ် ကိုယ့်အတွင်းရေးတစ်ခုကို ဖွင့်ဟဖို့ဆိုတာ ကြုံဆုံရတဲ့ အခြေအနေက ထပ်တူမဖြစ်နိုင်တော့ ပျှမ်းမျှသဘောလေးသာ ရေးဖြစ်ထားခြင်းကို နားလည်ပေးစေလိုပါတယ် ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.