ဟောင်ကောင် သွားလည်တဲ့ Transgender အမျိုးသမီးနှစ်ဦး ပြည်ဝင်ခွင့် ငြင်းပယ်ခံရ

ဟောင်ကောင်သို့ သွားရောက်လည်ပတ်ခဲ့တဲ့ Transgender အမျိုးသမီးနှစ်ဦးကို ဟောင်ကောင် လူဝင်မှု ကြီးကြပ်ရေးဌာနက ပြည်ဝင်ခွင့်မပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ လာရောက်တဲ့ အဆိုပါ Transgender အမျိုးသမီးနှစ်ဦးဟာ ဟောင်ကောင် လေဆိပ်မှာ ဟောင်ကောင်ကို လာရောက်လည်ပတ်တာနဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေး အရာရှိတွေရဲ့ စစ်ဆေးမေးမြန်းမှုတွေကို ကျေနပ်အောင် မဖြေကြားနိုင်တဲ့အတွက် အခုလို ငြင်းပယ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Transgender အမျိုးသမီးနှစ်ဦးဟာ လေဆိပ်မှာ လူဝင်မှု ကြီးကြပ်ရေးအရာရှိတွေရဲ့ စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရတဲ့အပြင် သူတို့ရဲ့ လိင်ဝိသေသခံယူ (Gender) ပြောင်းလဲမှု ပုံစံတွေနဲ့ ပတ်သက်လို့လည်း လက်မှတ်နှစ်စောင်ထိုးဖို့ ဖိအားပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။

တစ်စောင်ကတော့ သူတိုတွေဟာ လိင်ပြောင်းလဲ ခွဲစိတ်မှုတွေကို အပြည့်အဝ လုပ်ပြီးကြောင်း အာမခံတဲ့ လက်မှတ်နဲ့ နောက်တစ်စောင်ကတော့ သူတို့တွေအနေနဲ့ ထိုင်းနိုင်ငံကို ကိုယ့်သဘောနဲ့ကိုယ် ချက်ချင်း ပြန်ပါမယ်ဆိုတာကို ကတိပြုခိုင်းတဲ့ လက်မှတ်တို့ ဖြစ်ပါတယ်။

လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေဟာ သူတို့နှစ်ဦးကို လိင်တံတွေ ဖြတ်ပြီးပြီလားဆိုတဲ့ မေးခွန်းတွေကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

Transgender နှစ်ဦးဟာ လူဝင်မှုအရာရှိတွေရဲ့ ဖိအားပေး လက်မှတ်ထိုးခိုင်းမှုကို ငြင်းဆန်ခဲ့ပြီး ဘန်ကောက်ကို ပြန်လှည့်သွားခဲ့တယ်လို့ သိရတယ်။

အဆိုပါ Transgender အမျိုးသမီးနှစ်ဦးအနက် တစ်ဦးရဲ့ ရှေ့နေဖြစ်သူ Jonathan Man Ho-Ching ကတော့ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံမှု၊ အထင်မြင်သေးမှု ဖြစ်တယ်မဖြစ်ဘူးဆိုတာကို သူ့အနေနဲ့ မဆုံးဖြတ်နိုင်သေးဘူးလို့ သူ့ရဲ့အမြင်ကို ပြောဆိုခဲ့ပါတယ်။

ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရတဲ့ Transgender အမျိုးသမီးနှစ်ဦးဟာ ဟောင်ကောင်သို့ မသွားခင် ဆွစ်ဇာလန်၊ ဂျပန်၊ ထိုင်ဝမ်နဲ့ တောင်ကိုးရီးယားနိုင်ငံတွေကို ခရီးသွားဖူးပြီးသား ဖြစ်တယ်လို့ ပတ်စပို့စာအုပ်ပါ အချက်အလက်တွေအရ သိရပါတယ်။

သူတို့နှစ်ဦး ပြည်ဝင်ခွင့် ငြင်းပယ်ခံရတာနဲ့ ပတ်သက်ပြီး Transgender Resource Center ရဲ့ ဥက္ကဌဖြစ်သူ Joanne Leung Wing-yan ကတော့ သူတို့နှစ်ဦးရဲ့ ခရီးသွားရာဇဝင်အရ သူတို့တွေအပေါ် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေရဲ့ ကိုင်တွယ်မှုဟာ ဘယ်နည်းနဲ့မျှ လက်ခံနိုင်စရာ မရှိဘူးလို့ မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

“အဲဒီမှာ Transgender တွေနဲ့ ပတ်သက်ပြီး တခြားသူတွေလို တန်းတူမဆက်ဆံတာတွေ ရှိနေလိမ့်မယ်လို့ ကျွန်မကတော့ ထင်ပါတယ်” လို့ Joanne Leung Wing-yan က ပြောဆိုခဲ့ပါတယ်။

သို့သော် ဟောင်ကောင် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ Transgender အမျိုးသမီး နှစ်ဦးအနေနဲ့ သူတို့တွေဟာ အစစ်အမှန် ခရီးသွားဧည့်သည်တွေ ဟုတ်မဟုတ်ဆိုတာနဲ့ ပတ်သက်ပြီး ကျေနပ်လောက်အောင် မဖြေကြားနိုင်တဲ့အတွက် အခုလို ငြင်းဆန်ခဲ့တာဖြစ်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

ဟောင်ကောင် အာဏာပိုင်တွေရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအုပ်စုတွေကတော့ Transgender တွေကို လူ့ဂုဏ်သိက္ခာရှိရှိ ပိုမိုလေးစားစွာ ဆက်ဆံဖို့ တိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.