အောင်မြင်ထင်ရှား Lesbian (LGBT) ဘောလုံးသမားများ

ဘောလုံးအားကစားဆိုတာ ခပ်မာမာကစားရတဲ့ အားကစားအမျိုးအစားတစ်ရပ်အဖြစ် လက်ရှိအချိန်အထိ သတ်မှတ်ထားရှိဆဲ ဖြစ်ပါတယ်။ ပျော့ပျော့ညံ့ညံ့သမားတွေအတွက် နေရာမရှိဘူးဆိုတဲ့ သဘောပါ။ ဒါကြောင့်လည်း LGBT လို့ ဆိုလိုက်ရင်ဖြင့် ဒီအားကစားဆိုတာ ဒီလိုလူတွေနဲ့ မသင့်လျော်တဲ့ အားကစားနည်းအဖြစ် လူတွေက ချက်ချင်း မြင်ယောင်နေမိစေတာပေါ့။

နောက်ပြီး ဘောလုံးအားကစားနယ်ပယ် အသိုင်းအဝိုင်းကလည်း LGBT တွေကိုဆို မနှစ်မြို့တဲ့ သဘောထားကလည်း သမိုင်းနဲ့ချီအောင် ရှိနေလေတော့ ဒီအားကစားနယ်ပယ်မှာ LGBT တွေကို မဆိုစလောက် အရေအတွက်မှအပ မြင်ရကြားရမှု မရှိသလောက် ရှားနေစေတာကလည်း အဓိက အချက်ပဲ ဖြစ်ပါတယ်။ မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ ဘရာဇီး ကမ္ဘာဖလားဘောလုံးပြိုင်ပွဲရဲ့ ပြိုင်ပွဲတချို့မှာတောင် ပရိသတ်တချို့ဟာ LGBT တွေကို ရှုတ်ချတဲ့ စာတမ်းတွေကို ကိုင်ဆောင်ပြီး အားပေးကြတာ၊ မိမိတို့အသင်းရဲ့ ပြိုင်ဖက် တစ်ဖက်အသင်းသားရဲ့ ခြေထောက်ထဲ ဘောလုံးရသွားပြီဆိုတာနဲ့ အခြောက်လို့ ဝိုင်းအော်တာမျိုးတွေ ရှိခဲ့တာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာ ကမ္ဘာ့ဖလား ဘောလုံးအဖွဲ့ချုပ်ကလည်း ဒီကိစ္စကို ကိုင်တွယ်ဖို့ လက်ခံလာခဲ့ပါတယ်။

တစ်ကယ်တော့ အားကစားဆိုတာ လူအချင်းချင်းအကြား တန်းတူညီမျှမှုနဲ့ သည်းခံနိုင်စွမ်းတရားတွေ ထွန်းကားလာစေဖို့ပဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ဘောလုံးသမားတချို့ကလည်း ဘောလုံးသမားတွေထဲက LGBT ဘောလုံးသမားတွေ ကို မိမိတို့ ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး လူသိထင်ရှား ထုတ်ဖော်ပြောဆိုလာဖို့ အားပေးလာကြပြီး ပရိသတ်တွေကိုလည်း ဒီကစားသမားတွေအပေါ် အားပေးအသိအမှတ်ပြုကြဖို့ တိုက်တွန်းပြောဆိုတာတွေ ရှိလာတာကို တွေ့မြင်လာရပါတယ်။

ဖိနှိပ်မှုကို လိုလားသူနဲ့ ဆန့်ကျင်သူတွေအကြား အားပြိုင်ရင်း ဒီနှစ်ပိုင်းတွေမှာတော့ ဘောလုံးအားကစား နယ်ပယ်မှာ LGBT တွေကို တဖြည်းဖြည်း ခပ်စိပ်စိပ် တွေ့မြင်လာရပါပြီ။ ဒီထဲက နဂိုရင်း အောင်မြင်ကျော်ကြားဆဲ အမျိုးသမီး ဘောလုံးသမားတစ်ချို့ကို ထုတ်နှုတ်တင်ပြလိုက်ပါတယ်။ သူတို့တွေကတော့ မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ ကနေဒါ ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ (၂၀၁၅) မှာလည်း ပါဝင်ခြေစွမ်းပြခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။

သူတို့တွေဟာ ဘောလုံးကွင်းထဲမှာပဲ သက်ဆိုင်ရာနိုင်ငံတွေကို ကိုယ်စားပြုပြီး ဘောလုံးတစ်ခုတည်းကိုပဲ ကစားနေကြသူတွေ မဟုတ်ပါဘူး။ တစ်ကယ်တော့ သူတို့တွေဟာ ဘောလုံးကွင်းထဲမှာ ကစားနေကြရင်း တစ်ပြိုင်နက် တည်း လူသားတွေကြား တန်းတူညီမျှမှုနဲ့ မတူကွဲပြားမှုတွေအပေါ် သည်းခံနိုင်မှုတရားတွေ ထွန်းကားလာစေဖို့ မိမိတို့ ကျွမ်းကျင်ရာ အားကစားနဲ့ ဆောင်ရွက်နေကြသူတွေ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

1. Nadine Angerer – Germany

nadine

တစ်ဖက်အသင်းသားတွေရဲ့ ခြေထောက်ထဲ ဘောလုံးရောက်သွားပြီဆိုတာနဲ့ တစ်ပြိုင်နက် မိမိအသင်းသားတွေကို ဟစ်အော်သတိပေး အမိန့်ပေးရင်း အသင်းကို ထိန်းကျောင်း မောင်းနှင်တတ်တဲ့သူကတော့ Nadine Angerer ပဲ ဖြစ်ပါတယ်။

သူမဟာ ဂျာမနီအမျိုးသမီးဘောလုံးအသင်းရဲ့ ဂိုးသမားတစ်ဦးဖြစ်ပြီး အသင်းခေါင်းဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။

အခုအခါမှာ အသက် ၃၆ နှစ်ရှိပြီဖြစ်ပြီး ၂၀၁၄ ခုနှစ်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မှာ ကျား-မ နှစ်မျိုးလုံးကို သာယာသူ (Bisexual) တစ်ဦးအဖြစ် လူသိရှင်ကြား ဝန်ခံခဲ့သူတစ်ဦး ဖြစ်ပါတယ်။

 

2. Lisa Dahlkvist – Sweden

Sverige - Schweiz 3-0, Träningslandskamp Fotboll Dam

သူကတော့ အဖေ့ခြေရာကို နင်းနိုင်သူ သမီးပျိုပေါ့။ သူမရဲ့ အဖေဖြစ်သူ Sven Dhalkvist ကလည်း တစ်ချိန်က ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖြစ် ကစားခဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ စတင်ပြီး ဆွီဒင်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး အခုအခါမှာ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ သူမဟာ ကွင်းလယ်ကစားသမား တစ်ယောက် ဖြစ်ပါတယ်။

Lisa Dahlkvist ဟာ ၂၀၀၈ ခုနှစ်မှာ သူမဟာ လယ်စဘီယံတစ်ဦး ဖြစ်တယ်ဆိုတာကို လူသိရှင်ကြား ဖွင့်ဟဝန်ခံခဲ့သူ ဖြစ်ပါတယ်။

 

3. Katie Duncan – New Zealand

katie

အချစ်အတွက် မွေးရပ်မြေကို စွန့်၊ ချစ်သူရှိရာ တစ်ရပ်တစ်ကျေးကို မျက်စိစုံမှိတ် လိုက်ပါပြောင်းလဲခဲ့သူကတော့ Katie Duncan ပဲ ဖြစ်ပါတယ်။

သူမဟာ အရင်ကတော့ ကနေဒါနိုင်ငံသူတစ်ဦးဖြစ်ပြီး ကနေဒါကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ကနေဒါ အမျိုးသမီး ဘောလုံးအသင်းရဲ့ ဒုတိယအသင်း ခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့ဖူးသူတစ်ဦးလည်း ဖြစ်ပါတယ်။

အခုအခါမှာတော့ သူမဟာ နယူးဇီးလန်မှာ ချစ်သူကောင်မလေးနဲ့အတူ နေထိုင်ရင်း နယူးဇီလန်ဘောလုံးအသင်းမှာ ပါဝင်ကစားလျက် ရှိပါတယ်။

 

4. Nilla Fischer – Sweden

သူမကတော့ သူမရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကြောင့် ဆွီဒင်ပြည်သူတွေရဲ့ အသည်းကျော်ဖြစ်ခဲ့ရတဲ့ ဆွီဒင် အမျိုးသမီးလက်ရွေးစင် ဘောလုံးသမား Nilla Fischer ပဲ ဖြစ်ပါတယ်။

အခုအခါမှာ အသက် (၃၀) ရှိပြီဖြစ်တဲ့ သူမဟာ ချစ်သူကောင်မလေး Maria Micheala နဲ့ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။

သူမဟာ ကျား-မ တန်းတူညီမျှမှုအရေးနဲ့ LGBT အခွင့်အရေးအတွက် တိုက်ပွဲဝင် လုပ်ဆောင်ဖို့ မြဲမြန့်စွာ သန္နိဌာန်ချထားတဲ့သူတစ်ဦး ဖြစ်ပါတယ်။

“အားကစားသမား တစ်ယောက်အနေနဲ့ အားကစားနယ်ပယ်အတွင်းမှာ တည်ရှိနေတဲ့ ကျား-မ ခွဲခြားမှုတွေ၊ LGBT တွေအပေါ် ရွံရှာမုန်းတီးမှုတွေ၊ လူမျိုးရေး မုန်းတီးမှုတွေစတဲ့ ပုံသဏ္ဍာအမျိုးမျိုးနဲ့ တည်ရှိနေတဲ့ ခွဲခြားဆက်ဆံ မှုတွေကို တားမြစ်ပပျောက်စေချင်ပါတယ်။ ပိုအရေးကြီးတာက လူတိုင်းလူတိုင်း ကိုယ် ကြိုက်နှစ်သက်ရာ အားကစား နယ်ပယ်အသီးသီးမှာ ပါဝင်ခွင့်ရဖို့ပါပဲ။ ကျွန်မအတွက် ဒါဟာ လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေးပဲလေ… နော်” လို့ Nilla Fischer က ပြောဆိုခဲ့ပါတယ်။

သူမဟာ ၂၀၁၄ ခုနှစ်မှာ ဆွီဒင်နိုင်ငံရဲ့ ‘LGBTQ Person of the Year’ ဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။

 

5. Isabell Herlovsen – Norway

နောက်ထပ် အဖေတူ သမီးလေးတစ်ယောက်ပါ။

သူမကတော့ Isabell လို့ခေါပြီး နော်ဝေနိုင်ငံရဲ့ အမျိုးသမီးလက်ရွေးစင် ဘောလုံးသမားတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့အဖေဖြစ်သူ Kai Erik Herlovsen ကလည်း တစ်ချိန်တုန်းက နော်ဝေးနိုင်ငံရဲ့ အမျိုးသားလက်ရွေးစင် ဘောလုံးသမားတစ်ဦး (ကွင်းလယ်ခံစစ် ကစားသူ) ဖြစ်ခဲ့ဖူးပါတယ်။ ၎င်းအပြင် နော်ဝေးနိုင်ငံ အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြဟောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အဖေတူ သမီးလို့ဆိုရင် မမှားနိုင်ဘူးပေါ့။

သူမဟာ ၂၀၀၅ ခုနှစ်မှာ UEFA (ဥရောပဘောလုံး အဖွဲ့ချုပ်) က ကျင်းပတဲ့ ဥရောပဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲရဲ့ အငယ်ဆုံး ကစားသမား တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ ထိုစဉ်က သူမအသက်ဟာ ၁၆ နှစ်နဲ့ ၃၄၈ ရက်သာ ရှိပါသေးတယ်။

သူမဟာ ၂၀၁၁ ခုနှစ်မှာ လယ်စဘီယံတစ်ယောက်အဖြစ် လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုခဲ့ပါ တယ်။

 

6. Michelle Heyman – Australia

michelle

သူမဟာ အသက် ၂၆ နှစ်ရှိပြီဖြစ်ပြီး ဩစတြေးလျ အမျိုးသမီးဘောလုံးလိဂ်မှာ ကစားနေတဲ့ ရှေ့တန်း ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ ဘောလုံးသမားတစ်ဦးအဖြစ် အောင်မြင်မှုများစွာကို ရရှိခဲ့ဖူးတစ်ဦး ဖြစ်ပြီး အထင်ရှားဆုံးကတော့ ၂၀၀၉ ခုနှစ်မှာ ဩစတြေးလျ အမျိုးသမီးဘောလုံး လိဂ်ပြိုင်ပွဲရဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုနဲ့ ဂိုးသွင်းအများဆုံးဆု (ရွှေဖိနပ်ဆု) တွေကို ရရှိခဲ့ပါတယ်။

Michelle Heyman ဟာ ဘောလုံးသမားတစ်ယောက်အနေနဲ့ အောင်မြင်မှုတွေ ရနေပေမယ့်လည်း သူမရဲ့ လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး လျှို့ဝှက်ထားသူတစ်ဦးတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး အရှိကိုအရှိတိုင်း လက်ခံကာ ပွင့်ပွင့်လင်းလင်း လက်ခံနေထိုင်သူ တစ်ယောက်ဖြစ်တဲ့အတွက် လူသိထင်ရှား ဖွင့်ဟဝန်ခံစရာ မလုံလောက်အောင် ရှင်းရှင်းလင်းလင်း ရှိလှပါတယ်လို့ သူမက ပြောဆိုခဲ့ပါတယ်။

 

7. Hedvig Lindahl – Sweden
hedvigဟူး…

ပါးစပ်နဲ့ နှုတ်သီးဖျားကနေ လေခပ်ပြင်းပြင်းကို မှုတ်ထုတ်လိုက်ပြီးတဲ့နောက် တစ်ဖက်အသင်းသားဆီက အရှိန်ပြင်းစွာနဲ့ ပြေးထွက်လာမယ့် ဘောလုံးကို သူမ စူးစိုက်စွာ ကြည့်နေလိုက်ပါတယ်။

ဒီအချိန်မှာ သူမနဲ့ ဘောလုံးအကြားက အကွာအဝေး၊ လေထု၊ အရှိန်၊ လျှင်မြန်မှု၊ ပါဝါ… ဒါတွေသာ ရှိပါတော့တယ်။

သူမအတွက် စက္ကန့်ရဲ့အပိုင်းအခြား အနည်းငယ်အတွင်း တွက်ချက်မှုများစွာကို ပြုလုပ်ခဲ့ပြီးတဲ့နောက်… သူမ မြက်ခင်းပေါ် ခုန်လှဲလိုက်ပါတယ်။ ဘောလုံးဟာ သူမရဲ့ လက်အစုံအတွင်း အသားကျလျက်…။ မကြာခင်မှာ အားပေးသူ ပြည်သူတွေရဲ့ ဟစ်အော်သံ၊ အသင်းဖော်တွေရဲ့ လာရောက်ဂုဏ်ပြုမှုတွေနဲ့အတူ… ဟုတ်ပါပြီ သူမ လက်ထဲမှာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ဆုပ်ကိုင်ထားလိုက်နိုင်ခဲ့ပါပြီ။

သူမကတော့ သက်တော်ရှည် ဆွီဒင် အမျိုးသမီးလက်ရွေးစင် ဘောလုံးသမားတစ်ဦး ဖြစ်ပါတယ်။ ကစားသမား သက်တမ်းတလျှောက် ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၉ နဲ့ ၂၀၁၄ ခုနှစ်တွေမှာလည်း ဆွီဒင်နိုင်ငံရဲ့ အကောင်းဆုံး ဂိုးသမားအဖြစ် ရွေးချယ်သတ်မှတ်ခံခဲ့ရပါ တယ်။ ဒါကြောင့် နိုင်ငံလက်ရွေးစင် ကစားသမားတစ်ယောက်အနေနဲ့ သူမဟာ အောင်မြင်မှု ညွန်းကိန်းတွေဟာ အမြင့်ဆုံးတွေမှာပဲ ရှိလိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ Hedvig Lindahl ဟာ လက်ရှိမှာလည်း အင်္ဂလန်က ချယ်ဆီးအမျိုးသမီးဘောလုံးအသင်းမှာလည်း ဂိုးသမားတစ်ဦးအဖြစ် ပါဝင်ကစားလျက် ရှိနေပါတယ်။

သူမဟာ ၂၀၁၁ ခုနှစ်မှာ သူမရဲ့ ချစ်သူကောင်မလေးဖြစ်တဲ့ Sabine Willms နဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ သားယောက်ျားလေးကို မွေးဖွားနိုင်ခဲ့ပါတယ်။

 

8. Erin McLeod – Canada

erin

သူမဟာ အခုအခါမှာ အသက် ၃၂ နှစ်ရှိပြီဖြစ်ပြီး နိုင်ငံဂုဏ်သိက္ခာအတွက် ကျွမ်းကျင်ရာ နယ်ပယ်အလိုက် ထွန်းပြောင်စေခဲ့ဖူးသူ၊ ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာလည်း မိမိနိုင်ငံအသင်းနဲ့အတူ ကြေးတံဆိပ် ရရှိခဲ့ဖူးတစ်ဦး ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမဟာ ဆွီဒင် အဆင့်မြင့်တန်းက FC Rosengård ဘောလုံးအသင်းမှာ ဂိုးသမားအဖြစ် ပါဝင်ကစားလျက် ရှိနေပါတယ်။

၂၀၁၅ ခုနှစ် ဂျူလိုင်လ (၈) ရက်နေ့မှာ သူမဟာ Huston Dash ဘောလုံးအသင်းရဲ့ အသင်းဖော် ကစားသမား ဖြစ်သူ Ella Masar နဲ့ မေတ္တာမျှသဖြင့် လက်ထပ်လိုက်ပြီဖြစ်ကြောင်း တွစ်တာ (Twitter) လူမှုကွန်ယက်ကတဆင့် လူသိထင်ရှား ကျေညာခဲ့ပါတယ်။

သူမဟာ လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ LGBT တွေနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်သော၊ ခွန်အား ဖြစ်စေသော စာများကို အခါအားလျော်စွာ ရေးသားလေ့ရှိသူလည်း ဖြစ်ပါတယ်။

“အသက်လေး ရလာတာနဲ့အမျှ တစ်နေ့တစ်ခြား ကျွန်မ သိလာတာက ကိုယ်ဘဝရဲ့အဖြစ်အမှန်အတိုင်း၊ အရှိကိုအရှိအတိုင်း လက်ခံနေထိုင်တတ်ဖို့ ဘယ်လောက် အရေးကြီးသလဲဆိုတာကို သိလာရတာပါပဲ။ အရှိကို အရှိအတိုင်း လက်ခံနေထိုင်တတ်ဖို့အတွက် သတ္တိရှိဖို့ လိုပါတယ်။ ဒါမှသာ လူငယ်တွေဟာ သူတို့ကို လက်ခံ အသိအမှတ်ပြုမယ့် ကမ္ဘာပေါ်မှာ ရှင်သန်နေထိုင်ခွင့် ရမှာလေ…” လို့ Erin McLeod က ရေးသားခဲ့ဖူးပါတယ်။

 

မှတ်ချက်။               ။ gaystarnews.com မှ ကူးယူဖော်ပြပါသည်။

ဆက်လက်ဖော်ပြပါအုံးမည်…

မြတ်မော်ဦး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.