၂၀၁၈ခုနှစ်ရဲ့ ဒုတိယအကြိမ်မြောက် ဝဿန် LGBT ရသစာပေ(ဝတ္တုတို)ပြိုင်ပွဲ  ဆုရစာရင်းထုတ်ပြန်

Colors Rainbow အဖွဲ့က ကြီးမှူးကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ဝဿန် LGBT ရသစာပေ(ဝတ္တုတို)ပြိုင်ပွဲ ၂၀၁၈ခုနှစ်ရဲ့ ဆုရစာရင်း တွေကို အောက်တိုဘာလ(၂၉)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီပြိုင်ပွဲကို LGBT ဆိုင်ရာ ရသစာပေအရေးအသားတွေ မြန်မာစာပေရေစီးကြောင်းအတွင်း ပိုမိုစီးဝင်လာစေရန်နဲ့ LGBT တွေရဲ့ လက်တွေ့ဘဝနဲ့ ခံစားမှုတွေကို မြန်မာလူထုအသိုင်းအဝိုင်းကြား ပျံနှံ့လာစေရန် ရည်ရွယ်ချက်နဲ့ ကျင်းပပေးတာဖြစ်ကြောင်း ၎င်းတို့ရဲ့ Facebook စာမျက်နှာဖြစ်တဲ့ LGBT Story Competitionမှာ ထုတ်ပြန်ထားတဲ့ ကြေညာချက်အရ သိရပါတယ်။

“ပေးပို့လာတဲ့ စာမူတွေထဲကမှ သတ်မှတ်ထားတဲ့ ပြိုင်ပွဲဝင်စည်းကမ်းတွေနဲ့အညီ စာမူတွေကို အဆင့်ဆင့်ရွေးချယ်ခဲ့ပါတယ်။ အဲထဲကမှ လက်ရွေးစင်စာမူ အပုဒ်(၃၀)ကို ထပ်မံရွေးထုတ်ပြီး ဒိုင်တွေဆီ ပို့ပေးတယ်။ ဒိုင်လူကြီးတွေက အကဲဖြတ်ပေးတဲ့ အမှတ်တွေကို ပြန်ပေါင်းပြီးတော့မှ ပထမ၊ ဒုတိယ၊ တတိယနဲ့ နှစ်သိမ့်ဆု နှစ်ဆုကို ရွေးချယ်ခဲ့တာပါ။ စာမူပြိုင်ပွဲ ဝင်ပြိုင်သူတွေထဲမှာ LGBT တွေအပြင်ကို Non LGBT တွေလည်း ဝင်ပြိုင်ကြတာ တွေ့ရတယ်။ LGBT တွေ ရုန်းကန်တွေနေရတဲ့ ဘဝတွေကို ထဲထဲဝင်ဝင်ခံစားပြီး ရေးသားထားတာကို တွေ့ရတော့ LGBT တွေရဲ့ဘဝကို နားလည်ပေးနိုင်သူတွေလည်း ရှိတယ်ဆိုတာ သိလိုက်ရပါတယ်”လို့ ဝဿန် LGBT ရသစာပေ(ဝတ္တုတို)ပြိုင်ပွဲရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ ပြိုင်ပွဲကို ပြိုင်ပွဲဝင်စာမှု (၁၀၀)ဝန်းကျင်ခန့် ပေးပို့ယှဉ်ပြိုင်ခဲ့ရာမှ ပြိုင်ပွဲဝင်စည်းကမ်းတွေနဲ့အညီ အဆင့်ဆင့်ရွေးချယ်ကာ ပထမ ၊ ဒုတိယ ၊ တတိယ နဲ့ နှစ်သိမ့်ဆုရှင်(၂)ဦး စုစုပေါင်း (၅)ဦးအပြင် အကောင်းဆုံး ဆန်ကာတင် စာရင်းဝင်ဝတ္တု(၁၀)ပုဒ်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

 

ဒုတိယအကြိမ်မြောက် ဝဿန် LGBT ရသစာပေ(ဝတ္တုတို)ပြိုင်ပွဲဝင်ကာလကို ဇွန်လ(၁)ရက်နေ့မှ အောက်တိုဘာလ(၁)ရက်နေ့အထိ သတ်မှတ်ခဲ့ပြီး ဒိုင်လူကြီးတွေအဖြစ် ဆရာမ မိချမ်းဝေ၊ ဆရာမ ယဉ်ယဉ်နု (မန္တလေး)နဲ့ ဆရာ ဆောင်းလုလင်တို့ကနေ အကဲဖြတ်ဒိုင်တွေအဖြစ် ပါဝင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.