လူငယ်ရေးရာမူဝါဒ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲခြင်း အစည်းအဝေးမှာ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်လူငယ်များကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားဖို့တိုက်တွန်းခဲ့တဲ့ စူးရှရှင်းသန့်

လူငယ်ရေးရာမူဝါဒ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲခြင်းအတွက် ထပ်မံကျင်းပမယ့်အစည်းအဝေးတွေမှာ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်လူငယ်တွေကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားပေးဖို့ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု မြန်မာနိုင်ငံလူငယ်မှုဝါဒမဟာဗျုဟာ ရေးဆွဲရေး၊ ပြည်တောင်စုအဆင့် လူငယ်ရေးရာကော်မတီဝင် စူးရှရှင်းသန့်မှ ပထမအကြိမ်အစည်းအဝေးမှာ အကြံပြုတင်ပြခဲ့တယ်လို့ သိရပါတယ်။

လူငယ်ရေးရာမူဝါဒ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲခြင်း ပထမအကြိမ်အစည်းအဝေးကို နေပြည်တော်မှာ မတ်လ(၂၆)ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး နောက်ထပ် အစည်းအဝေး (၃)ကြိမ်လောက် ထပ်မံပြုလုပ်သွားဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။

“ဒီတစ်ပတ် အစည်းအဝေးကလည်း တစ်ရက်တည်းဆိုတော့ နောက်ထပ်အစည်းအဝေးတွေကျမှ မဟာဗျူဟာဆွဲဖို့ ဖြစ်မှာပေါ့။ ဒီအစည်းအဝေးကတော့ ဘာတွေလုပ်မလဲဆိုတာ ဆွေးနွေးတာပဲ ရှိတယ်။ နောင်လာမည့် မဟာဗျူဟာရေးဆွဲရေး စီမံကိန်းတွေမှာ သတ်မှတ်တဲ့ Issue တွေဖြစ်တဲ့ LGBT ၊ မသန်စွမ်း၊ အမျိုးသမီးနဲ့ ရွှေ့ပြောင်းစသဖြင့် အထူးအလေးပေးရမယ့် လူငယ်များ ခေါင်းစဉ်အောက်မှာ အကုန်လုံးCover ဖြစ်နိုင်အောင် ကျွမ်းကျင်ပိုင်နိုင်တဲ့ လူငယ်တွေ ဒါမှမဟုတ် အဲဧရိယာမှာ တကယ်ခံစားနေရတဲ့ လူငယ်တွေကို အထူးဧည်သည်အနေနဲ့ ဖိတ်ကြားပြီး အစည်းအဝေးမှာ တက်ရောက်ဖို့ ဆွေးနွေးခဲ့ပါတယ်”ဟု စူးရှရှင်းသန့်က ပြောပါတယ်။

သူမကတော့ ၂၀၁၆ ခုနှစ်ကတည်းက မန္တလေးတိုင်းဒေသကြီး လူငယ်ဖိုရမ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်တွေမှာ ကိုယ်စားပြုပါဝင်ခဲ့သူဖြစ်သလို မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု မြန်မာနိုင်ငံ လူငယ်မှုဝါဒရေးဆွဲရေး မူကြမ်းကော်မတီ၊ ပြည်တောင်စုအဆင့် ကော်မတီဝင်အဖြစ် ၂၀၁၈ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ အစည်းအဝေးကိုတိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဒုတိယအကြိမ်မြောက် လူငယ်ရေးရာမူဝါဒ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲခြင်း အစည်အဝေးကို မေလ(၃)ရက်မှ (၅)ရက်နေ့အထိ ကျင်းပရန်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.