ရောင်ပြန်ရုပ်ရှင်ဇာတ်ကားကြီးမှာ Lesbian တစ်ဦးအဖြစ်မြင်တွေ့ရမယ့် အကယ်ဒမီထွန်းအိန္ဒြာဗိုလ်

မြန်မာနှစ်ဆန်းတစ်ရက်နေ့ ၊ ဧပြီလ(၁၇)ရက်မှာ တစ်နိုင်ငံလုံး ရုံတင်ပြသတော့မယ့် ရောင်ပြန်ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်ကို ထူးခြားတဲ့ဇာတ်ရုပ်အဖြစ် Lesbian တစ်ဦးအသွင် သရုပ်ဆောင်ထားတာကို မြင်တွေ့ရပါတော့မယ်။

ဒီဇာတ်ကားကို ဒါရိုက်တာအဖြစ် လူမင်းက ရိုက်ကူးထားပြီး မေနက္ခတ်အဖြစ်(ထွန်းအိန္ဒြာဗိုလ်)ဟာ ဉာဏ်များတဲ့ ဗီလိန်ဇာတ်ကောင်တစ်ဦးအဖြစ်သာမက အမျိုးသားတွေကို စိတ်မဝင်စားပဲ မိန်းခလေးချောချောလှလှလေးတွေကိုသာ စိတ်ဝင်စားတဲ့ Lesbian အဖြစ် အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှေရည်၊ ပက်ထရစ်ရှာ၊ ထွန်းလွင်အောင်နဲ့ ဇာတ်ပို့သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

ဇာတ်အိမ်အရ သူမဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို အကွက်ကျကျစီမံခန့်ခွဲနေတဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်သလို တစ်ဖက်မှာလည်း ပရဟိတအလုပ်တွေကို ဗန်းပြလုပ်ကိုင်နေသူအဖြစ် Lesbian တစ်ယောက်ရဲ့ မေတ္တာတရားအရ ကိုကိုး(ဝတ်မှုံရွှေရည်)ကို ချစ်မြတ်နိုးရသူအဖြစ်လည်း သရုပ်ဆောင်ထားပါတယ်။

“ဒီဇာတ်ကားထုတ်လုပ်သူ အူဝဲက ဇာတ်ကားတစ်ခုလုံးက ဇာတ်ကောင်တွေကို မင်းသမီးတွေချည်း ဖြစ်ရမယ်၊ မင်းသားမပါရဘူးလို့ စီစဉ်ထားတာ။ အစတော့ ဗီလိန်နေရာကို မင်းသားတစ်ယောက်ထားမလို့ စဉ်းစားသေးတယ်။ အဲအခါ အူဝဲလုပ်ချင်တဲ့ မင်းသမီးချည်းပဲ ဇာတ်ကဖြစ်လာမှာ မဟုတ်ဘူး၊ ဗီလိန်နေရာကို မခိုင်ကြီးကို ကတုံးနဲ့ Lesbian လုပ်ခိုင်းသေးတာ။ကတုံးနဲ့ ဂိုဏ်းစတားမကြီးလိုပေါ့။ မခိုင်ကြီးက ကိုလူမင်းရယ် Lesbian လုပ်ဆိုလုပ်ပါမယ်၊ ကတုံးကြီးနဲ့တော့ မလုပ်ပါရစေနဲ့ ကြည့်ရတော်တော် ဆိုးပါမယ်ပေါ့။ ဒါနဲ့ ကတုံးနဲ့ မပါတော့တာ။ ဒီဇာတ်ကားမှာ မခိုင်ကြီးက Lesbian တစ်ယောက်ပေါ့။ သရုပ်ဆောင်ထားတယ်”လို့ ဒါရိုက်တာလူမင်းက ပြောပါတယ်။

ထွန်းအိန္ဒြာဗိုလ်ကြောင့် မိဘနှစ်ပါးသေဆုံးခဲ့ရတဲ့အပြင် ဘဝပါပျက်စီးခဲ့ရတဲ့ မေနိုင်း၊ ကိုကိုးတို့ ညီအစ်မနဲ့ အရိပ်တို့က မေနက္ခတ်ကို ပြန်လည်လက်စားချေတဲ့ လျှို့ဝှက်အက်ရှင်ဇာတ်ကားဖြစ်ကာ ဖက်ရှင်ဒီဇိုင်းအဆန်းများကို ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့ရဲ့ သုဒြာရုပ်ရှင်ထုတ်လုပ်ရေးက ပထမဆုံးပွဲဦးထွက် ပုံဖော်ထားတာဖြစ်ပါတယ်။

ရောင်ပြန်ရုပ်ရှင်ဇာတ်ကားကြီး The Gala Show ပြပွဲကြီးကို ဧပြီ(၅)ရက် ၊ ညနေ၆နာရီခွဲမှာ သမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့သလို ဧပြီ(၁ရ)ရက်မှာ တစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.