လိင်တူချင်း လက်ထပ်မင်္ဂလာပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ နှစ်ဘက်မိဘသဘောတူ ကျင်းပပြုလုပ်ခဲ့

နှစ်ဘက်မိဘတွေ သဘောတူကြည်ဖြူပြီး ကျင်းပပြုလုပ်ခဲ့တဲ့ LGBT မင်္ဂလာပွဲတစ်ခုကို တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်မှာ ၂၀၁၈ ခုနှစ်၊ မေလ (၈) ရက်နေ့က ခမ်းခမ်းနားနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ထားဝယ်မြို့ပေါ်မှာ နေထိုင်ကြတဲ့ သတို့သား မောင်မျိုးမင်းဝင်းနဲ့ သတို့သမီးဖြစ်သူ သီရိသရဖီ (ခ) သားကြီး (Transgender အမျိုးသမီး) တို့ဟာ ငယ်သူငယ်ချင်းတွေ ဖြစ်ကြပြီး သူတို့ရဲ့လက်ထပ်မင်္ဂလာပွဲဟာ နှစ်ဘက်မိဘတွေရဲ့ တိုက်တွန်းမှုတွေနဲ့အညီ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီမင်္ဂလာပွဲမှာ အခက်အခဲတွေတော့ အများကြီး တွေ့ရတယ်။ သူနဲ့ ကျွန်မနဲ့က ငယ်ငယ်ကတည်းက သူငယ်ချင်းပါ။ မိဘတွေပြောပြီး ဇာတ်ပွဲသွားကြည့်တဲ့အခါ အဲညက သူငယ်ချင်းတွေ အိမ်မှာ အိပ်ဖြစ်လိုက်တယ်။ အဲ့တာကို ခိုးပြေးတယ်လို့ သတင်းတွေ ထွက်လာတယ်။ မိဘတွေက မယူလို့ မဖြစ်ဘူး ယူလို့ ပြောတယ်။ ဒါကြောင့် မိဘတွေက စီစဉ်လိုက်တာပါ။ ဒီပွဲကို ပတ်ဝန်းကျင်က ပြောတဲ့သူတွေ ရှိသလို အားပေးတဲ့သူလည်း ရှိပါတယ်။ ပွဲက အရမ်းစည်လို့ ထိုင်ဖို့တောင် နေရာမရှိဘူး။ LGBT သူငယ်ချင်းတွေကောပဲ” လို့ သတို့သမီးဖြစ်တဲ့ သီရိသရဖီ (ခ) သားကြီး (Transgender အမျိုးသမီး) က ပြောပါတယ်။

အခုလို LGBT တွေရဲ့ နှစ်ဘက်မိဘ အသိသက်သေတွေနဲ့ ပြုလုပ်ခဲ့တဲ့ လက်ထပ်တဲ့ မင်္ဂလာပွဲဟာ ထားဝယ်မြို့နယ်မှာ အထူးခြားဆုံး မင်္ဂလာပွဲတစ်ခုဖြစ်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကလည်း လိင်တူချင်း လက်ထပ်မှုဆိုင်ရာ ပြဋ္ဌာန်းဥပဒေတွေ မရှိပေမယ့် ကန့်ကွက်စရာ၊ ခွဲခြားဆက်ဆံဖို့ မရှိကြောင်းနဲ့ Transgender အမျိုးသမီးဖြစ်သူ သတို့သမီးရဲ့ ကိုယ်ကျင့်စာရိတ္တကိုလည်း ယုံကြည်တဲ့အကြောင်း မင်္ဂလာပွဲလာ ပရိသတ်တွေရှေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ပွဲက အရမ်းစည်တယ်။ ထူးခြားတာက LGBT မင်္ဂလာပွဲကို မိဘတွေ သဘောတူတာပဲ။ သတို့သားဘက်က အဖေကော အမေကော ရှိတယ်။ သတို့သမီးဖြစ်တဲ့သူဘက်ကတော့ အဖေကနေပြီးတော့ အသိသက်သေတွေ အနေနဲ့ လာလုပ်ပေးတယ်။ နောက်ထပ် ထူးထူးခြားခြားရှိတာက ရပ်ကွက်အုပ်ချုပ်ရေးမှူးပြောသွားတဲ့ စကားကလည်း အရမ်းကောင်းတယ်။ ယောက်ျားအချင်းချင်း၊ မိန်းမအချင်းချင်း ယူလို့ သူတို့ မခွဲခြားဘူး။ ဥပဒေအရ ပြဋ္ဌာန်းထားတဲ့ ဥပဒေမရှိပေမယ့် ဒီကောင်မလေးက သူတို့ရပ်ကွက်မှာ ငယ်ငယ်လေးကတည်းက ရိုးသားကြိုးစားတယ်၊ နာမည်ပျက်မရှိဘဲ ကြီးပြင်းလာတဲ့အတွက် အာမခံရဲတာလို့ ပြောပါတယ်” လို့ အဆိုပါ မင်္ဂလာပွဲသို့ တက်ရောက်ခဲ့သူ ထားဝယ်မြို့ခံတစ်ဦးဖြစ်တဲ့ ခရစ် (ခ) ငြိမ်းလွင်ဦးက ပြောပါတယ်။

ထားဝယ်မြို့နယ်၊ ဘုမ္မော်ရပ်ကွက်မှာရှိတဲ့ မြို့ဦးဘုန်းတော်ကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဒီလက်ထပ်မင်္ဂလာပွဲကို ထားဝယ်မြို့နယ်က LGBT တွေရော၊ Non LGBT တွေကပါ တခဲနက် အားပေးတက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.