အမျိုးသမီးများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ လယ်စဘီယံနဲ့ Transgender တွေအတွက်ပါ ထည့်သွင်းစဉ်းစားဖို့ တိုက်တွန်းခဲ့

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ “Gender sensitive Guidelines to cost services for EVAW and to monitor and evaluate service delivery on EVAW” အလုပ်ရုံဆွေးနွေးပွဲမှာ အမျိုးသမီးများအား နည်းအမျိုးမျိုးဖြင့် အကြမ်းဖက်ခံမှုများတွင် LGBT ထဲမှ အမျိုးသမီးချင်း ချစ်သူများ၊ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲခံယူနေထိုင်သူတွေရဲ့ အရေးကိုပါ ထည့်သွင်းဆွေးနွေးသင့်ကြောင်း LGBT အခွင့်အရေးလှုပ်ရှားနေသည့် Colors Rainbow မှ အကြံပြုခဲ့တယ်လို့ သိရပါတယ်။

“LGBT တွေမှာလည်း အကြမ်းဖက်မှုခံရတာတွေ ရှိတယ်။ နောက်ပြီး လယ်စဘီယံတွေ၊ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲ ခံယူနေထိုင်တဲ့ Transgender အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးကိစ္စတွေကိုလည်း ထည့်သွင်း စဉ်းစားသင့်တယ်လို့ အကြံပြုဆွေးနွေးခဲ့ပါတယ်” ဟု Colors Rainbow မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေါ်ခင်မမအေး က ပြောပါတယ်။

၎င်းအပြင် အမျိုးသမီးအခွင့်အရေးအတွက် ဆောင်ရွက်နေကြသူတွေကြားမှာလည်း အမျိုးသမီးချင်း ချစ်သူတွေနဲ့ ဆန့်ကျင်ဘက် လိင်ကဲ့သို့ ပြောင်းလဲခံယူနေထိုင်သူတွေရဲ့အရေးကို လျစ်လျူရှုတဲ့သဘောမှာ ရှိနေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

“အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေသူတွေ ထင်မြင်တာက ဘာလဲဆိုရင် အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံရတဲ့ကိစ္စကို ကိုင်တွယ်ဖို့ကိုတောင့် လောလောဆယ် အတော်လေး လုပ်နေရတော့ LGBT တွေ လိင်အကြမ်းဖက်ခံရတဲ့ကိစ္စကိုတော့ နောက်မှ ဖြည်းဖြည်းချင်း ကိုင်တွယ်ဆောင်ရွက်သွား မယ်ဆိုတဲ့ သဘောမျိုး ရှိကြတယ်” ဒေါ်ခင်မမအေးက ပြောပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ဥပဒေတွေကို ရေးဆွဲရာမှာလည်း  LGBT တွေအတွက်ပါ လွှမ်းခြုံသက်ရောက်မှု ရှိစေနိုင်မယ့် အချက်တွေကိုပါ ထည့်သွင်းသင့်ကြောင်းကိုလည်း ထောက်ပြခဲ့တယ်လို့ ဆိုပါတယ်။

“Transgender အမျိုးသားတွေဆိုရင်လည်း သူတို့ကို အရက်မူးအောင်တိုက်ပြီး မုဒိမ်းလုပ်ခံရတာတွေ ရှိတယ်။ မုဒိမ်းကျင့်ခံရပြီး ကလေးတွေက ကိုယ်ဝန်တွေနဲ့ ကျန်ခဲ့ကြရတယ်။ တချို့ကျ မင်းက ယောက်ျားပဲဆိုပြီး အနိုင်ကျင့် ပြုကျင့်ခံရတာတွေ ရှိတယ်။ ကျွန်မတို့ကို Women ဆိုတဲ့ အမျိုးအစားထဲမှာ ပါတာလည်း ထည့်ပြီးစဉ်းစားသင့်တယ်။ ဒါလည်း အကြမ်းဖက်ခြင်း တစ်မျိုးပဲ။ အခု ရေးသားတင်ပြထားတဲ့ PoVAW Law (Protection of Violence Against Women Law) မှာဆိုရင် Gender ရဲ့ Identification မှာ LGBT မပါလာလို့ရှိရင် နောက်လုပ်မဲ့ အရာတွေက အဆင်မပြေမှုတွေ အတော်လေး ရှိလာနိုင်တယ်” ဟု ဒေါ်ခင်မမအေးက ပြောပါတယ်။

အဆိုပါ အစည်းဝေးကို နေပြည်တော်ရှိ Park Royal Hotel တွင် မေလ (၂)ရက်မှ (၄) ရက်ထိ ကျင်းပခဲ့ပြီး အစိုးရဌာန ဆိုင်ရာတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးမှ တာဝန်ရှိသူများ၊ ရှေ့နေချူပ်ရုံးမှ တာဝန်ရှိသူများနှင့် အမျိုးသမီးများအား နည်း အမျိုးမျိုးဖြင့် အကြမ်းဖက်ခံရခြင်းများကို လျော့ကျစေရန် လုပ်ဆောင်နေကြတဲ့ CSO ၊ NGO များ တက်ရောက်ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲတွင် အမျိုးသမီးများအား အကြမ်းဖက်မှု ပြဿနာများတွင် ဥပဒေရှိနေသော်လည်း လက်တွေ့ အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် ကုန်ကျမည့် စရိတ်များနှင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးအပြစ်များကို အဓိကဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.