IDAHOT အထိမ်းအမှတ်အနေနဲ့ သက်ဆိုင်ရာ နယ်ပယ်အလိုက် ထူးချွန်ထင်ရှားသူ LGBT များကို မန္တလေးမြို့ LGBT အဖွဲ့အစည်းများက စုပေါင်းပြီး ဆုများ ပေးအပ်ချီးမြှင့်

မြန်မာနိုင်ငံ LGBT အခွင့်အရေးလှုပ်ရှားမှု (၁၀) နှစ်တာ ကာလအတွင်း LGBT အရေး စွမ်းစွမ်းတမံ လှုပ်ရှားသူများအား ဂုဏ်ပြုဆု ချီးမြှင့်မှုကို မေလ (၁၇) ရက်က မန္တလေးမြို့ Hotel Marvel မှာ ကျင်းပခဲ့တဲ့ IDAHOT အခမ်းအနားမှာ ပေးအပ်ခဲ့ပါတယ်။

ဆုပေးအပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး “အခုက (၁၀) နှစ်ထဲကိုလည်း ရောက်လာပါပြီ။ အရင်ရှေ့ကတည်းက လုပ်နေသူတွေကော၊ အခုလက်ရှိ လုပ်နေတဲ့သူတွေအတွက်လည်း စွမ်းဆောင်ရည်တွေ ပိုတက်အောင် အသိအမှတ်ပြုတဲ့ သဘောပါ။ သူတို့အချင်းချင်းကြားမှာ ပိုတန်ဖိုးရှိအောင်ပါ။ ပေးတဲ့ဆု (၅) ဆုတွေထဲမှာ LGBT တွေရဲ့ Talent ပါတယ်” လို့ CAN Myanmar အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးဆည်းဆာညီညီက ပြောပါတယ်။

IDAHOT အထိမ်းအမှတ်နေ့မှာ ပေးအပ်တဲ့ ဆုပေးပွဲ အခမ်းအနားမှာ “လိင်စိတ်ကွဲပြားသူ၏ မိခင်အထူးဂုဏ်ပြုဆု”၊ “လိင်စိတ်ကွဲပြားသူများ၏ ဆွေသဟာအထူးဂုဏ်ပြုဆု”၊ “လိင်စိတ်ကွဲပြားသူများအရေး စွမ်းဆောင်ရည်ချွန်ဆု”၊ “မြန်မာနိုင်ငံ လိင်စိတ်ကွဲပြားသူများအရေး စွမ်းဆောင်ရည်ချွန် တစ်သက်တာဆု”နဲ့ “မြန်မာနိုင်ငံ လိင်စိတ်ကွဲပြားသူများအရေး လှုပ်ရှားဆောင်ရွက်ပေးခဲ့သော အောက်မေ့သတိရ ဂုဏ်ပြုဆု” ဆိုပြီး ဆုအမျိုးအစား (၅) မျိုး သတ်မှတ်ကာ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

အခုလို ဆုရွေးချယ်ချီးမြင့်တာဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး CAN Myanmar၊ Try အဖွဲ့၊ Bright Pride -Myanmar Lesbian အဖွဲ့၊ MSN Networt နဲ့ Myanmar Tomboy Group တို့မှ အဆိုပြုပေးကြကာ တစ်နှစ်တစ်ကြိမ် ပုံမှန်ပေးအပ်နိုင်အောင် ကြိုးစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ထင်မှတ်မထားဘူး။ မမျှော်လင့်ထားတဲ့ ဆုလေးမို့ အတိုင်းမသိ ဝမ်းသာမိတယ်။ သူများတွေအမြင်မှာတော့ ဟားဗတ်လို တက္ကသိုလ်က ပေးတာလည်း မဟုတ်ဘူး။ နိုင်ငံတော်က ပေးတာလည်း မဟုတ်ဘူး။ ကျွန်မအမြင်မှာတော့ ကိုယ့်လုပ်ခဲ့တဲ့ အလုပ်နေရာမှာ ကိုယ့်ကို အသိအမှတ်ပြုခံရတာ ပိုပြီးအလေးအနက်ထားစရာလို့ မြင်မိတယ်။ LGBT တွေအတွက် ဆိုတာထက် ကျွန်မကိုယ်တိုင် တကယ်ကို စိတ်ဝင်တစား လုပ်ပေးချင်ခဲ့တဲ့အတွက် LGBT တွေအရေးမှာ ပူးပေါင်းပါဝင် ဆောင်ရွက်လာတာ ၂၀၀၈ ကနေ ၂၀၁၈ အထိဆိုရင် (၁၀)နှစ်ရှိပါပြီ။ အခု ကိုယ့်ပတ်ဝန်းကျင်က အခုလို အသိအမှတ်ပြုပေးကြတဲ့အတွက် ဝမ်းသာမိသလို ရှေ့ဆက်ပိုပြီး ဒီထက်မက လုပ်ဆောင်နိုင်ဖို့ ခွန်အားတွေလည်း ဖြစ်မိပါတယ်” လို့ အဆိုပါ ဆုပေးပွဲမှာ “လိင်စိတ်ကွဲပြားသူများ၏ ဆွေသဟာ အထူးဂုဏ်ပြုဆု” ချီးမြှင့်ခံခဲ့ရတဲ့ ဒေါ်မြတ်နိုးဖြူက ပြောပါတယ်။

ဒေါ်မြတ်နိုးဖြူဟာ ရန်ကုန်အခြေစိုက် LGBT အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်တဲ့ Kings N Queens အဖွဲ့ရဲ့ ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်ပြီး MGLM ရဲ့ Mrs. Myanmar အိမ်ထောင်ရှင်အလှမယ်ဆုကို မကြာသေးခင်ကမှ ရရှိထားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဆုအနေနဲ့ “လိင်စိတ်ကွဲပြားသူ၏ မိခင်အထူးဂုဏ်ပြုဆု” ကို ဒေါ်မြင့်မြင့်စန်းက ရရှိခဲ့ပြီး လိင်စိတ်ကွဲပြားသူများ၏ ဆွေသဟာ အထူးဂုဏ်ပြုဆု”ကို ဒေါ်မြတ်နိုးဖြူက ရရှိခဲ့ပါတယ်။ “လိင်စိတ်ကွဲပြားသူများအရေး စွမ်းဆောင်ရည်ချွန်ဆု” နဲ့ “မြန်မာနိုင်ငံ လိင်စိတ်ကွဲပြားသူများအရေး စွမ်းဆောင်ရည်ချွန် တစ်သက်တာဆု”ကိုတော့ ဦးချစ်ကိုကိုနဲ့ ဦးအောင်မျိုးမင်းတို့က အသီးသီးရရှိခဲ့ပါတယ်။

ထူးခြားချက်အနေနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ LGBT အရေး လုပ်ဆောင်ခဲ့သူတစ်ဦးကိုလည်း ဆုချီးမြှင့်ပေးအပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ၎င်းပုဂ္ဂိုလ်ကတော့ ကချင်အမျိုးသား နောနော်လခေါင်ဖြစ်ပြီး မြန်မာနိုင်ငံမှာ LGBT အရေးကို ပထမဦးဆုံး ရှေ့ပြေးလမ်းပြအနေနဲ့ အစပျိုးလှုပ်ရှားခဲ့ကြတဲ့ ပထမမျိုးဆက်ရဲ့ ခေါင်းဆောင်တစ်ယောက်လို့လည်း သတ်မှတ်နိုင်ပါတယ်။

နောနော်လခေါင်ဟာ ယခုပေးအပ်တဲ့ ဆုချီးမြှင့်ပွဲအခမ်းအနားမှာ “မြန်မာနိုင်ငံ လိင်စိတ်ကွဲပြားသူများအရေး လှုပ်ရှားဆောင်ရွက်ပေးခဲ့သော အောက်မေ့သတိရ ဂုဏ်ပြုဆု” ကို ရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.