ဆေးလိပ်အစားထိုး E- Cigarettes များ

E- Cigarettes တွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် Herbert A.Gilbert ဆိုတဲ့ ပုဂ္ဂိုလ်က  စရမှာပဲ ဖြစ်ပါတယ်။ ၁၉၆၃ခုနှစ်မှာ ဆေးရွက်ကြီးအစားထိုး နီကိုဒင်း (Nicotine)မပါဝင်တဲ့ ပစ္စည်းတစ်မျိုးအဖြစ် မူပိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အစဦးပိုင်းမှာတော့ လူတွေရဲ့ အာရုံစိုက်မှုကို အနည်းငယ်သာရခဲ့ပြီး စီးပွားရေးဈေးကွက်အရ မအောင်မြင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်အထိ ဆေးလိပ်သောက်ခြင်းဆိုတာဟာ ဖက်ရှင်တစ်ခုအဖြစ် လူတွေကြားမှာ ခေတ်စားနေတုန်းပဲ ဖြစ်ပါတယ်။ နောက်ပိုင်း တရုတ်နိုင်ငံက ဆေးဝါးကျွမ်း ကျင်သူတစ်ဦးဖြစ်တဲ့ Hon Lik က ဂျင်ဆင်းထုတ်ကုန်များကို ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုမှာ ဆေးဝါးသုတေသနပညာရှင်အဖြစ် အလုပ်လုပ်နေသူ ဖြစ်ပါတယ်။ Hon Lik က သူရဲ့ဖခင်ဖြစ်သူဟာ ဆေးလိပ်အလွန်အကျွံ သောက်သုံးရာက အဆုပ်ကင်ဆာဖြစ်ပြီး သေသွားပြီးနောက်မှာ သူကိုယ်တိုင် ဆေးလိပ်ကို ဖြတ်ခဲ့ပါတယ်။

ဘေးအန္တရာယ်နည်းပြီး ဆေးလိပ်အစားထိုးပစ္စည်းတစ်ခုကို တီထွင်ခဲ့ပြီး ၂၀ဝ၃ ခုနှစ်မှာ E- Cigarettes ဒီဇိုင်းကို တရားဝင်မှတ်ပုံတင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ပြည်တွင်းဈေးကွက်ထဲမှာ ၂၀ဝ၄ ခုနှစ်လောက်ကစပြီး စတင်မိတ်ဆက်လာပါတယ်။ အင်တာနက်ကတစ်ဆင့် ဈေးကွက်ရှာဖွေမှုတွေ ပြုလုပ်ပြီး US ကို စတင်ရောင်းချခဲ့ပါတယ်။ ဥရောပဈေးကွက်ထဲကို E- Cigarettes တွေ စတင်ဝင်ရောက်လာတာကတော့ ၂၀ဝ၆ ခုနှစ်နဲ့ ၂၀ဝ၇ ခုနှစ်လောက်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Hon Lik ရဲ့ ဒီဇိုင်းကို US နဲ့တရုတ်နိုင်ငံက E- Cigarettes ထုတ်လုပ်သူတွေဟာ တရားမဝင် ပုံတူကူးချကြပါတယ်။ ပုံတူကူးချမှုတွေကြောင့် Hon Lik အနေနဲ့ ဈေးကွက်အမြတ်အစွန်းအရ ထိခိုက်နစ်နာမှုတွေလည်း ကြုံခဲ့ရပါတယ်။ တဖြည်းဖြည်းနဲ့ နိုင်ငံတကာဈေးကွက်မှာ E- Cigarettes တွေ နေရာရလာတာနဲ့အမျှ နိုင်ငံအနှံ့က စွန့်ဦးတီထွင်သူတွေလည်း ပုံစံမျိုးစုံနဲ့ တီထွင်လာကြပါတယ်။

စီးကရက်ထုတ်လုပ်နေတဲ့ ကုမ္ပဏီကြီးတွေဟာ E- Cigarettesတွေ ဈေးကွက်ထဲ ဝင်ရောက်လာချိန်မှာ အရေးမလုပ်ကြပါဘူး။ တချို့ဆို သူတို့ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ E- Cigarettes တွေကို ထုတ်လုပ်လာကြပါတယ်။ E- Cigarettes ကို သုံးစွဲသူတွေကတော့ Vapers လို့လည်း ခေါ်ကြပါတယ်။ Nicotine အစားထိုးဖြစ်ခြင်းက (စီးကရက်) ဆေးလိပ်ဈေးကွက်ကို စိန်ခေါ်မှုတစ်ခု ဖြစ်စေပါတယ်။ သုံးစွဲသူများက ဆေး လိပ်အစားထိုးဖြစ်တဲ့ Vapers တွေဟာ အန္တရာယ်ကင်းတယ်လို့ မြင်တာကြောင့် Vapers အစုအဖွဲ့များဆိုပြီး အွန်လိုင်းတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာလည်း E- Cigarettes သုံးစွဲသူတွေ အများအပြားရှိပါတယ်။ လူငယ်တွေကြားမှာလည်း ဆေးလိပ်သောက်သူ အချင်းချင်းက ဆေးလိပ်ဖြတ်ဖို့ပြောရင် Vapers သုံးဖို့ ပြောကြပါတယ်။ မကြာခင်ကပဲ အွန်လိုင်းမီဒီယာတွေမှာ နာမည်ကြီးအနုပညာရှင်တွေနဲ့ ကြေညာတာ တွေ့မိပါသေးတယ်။ ဆေးလိပ်အစားထိုးဖြစ်လို့ ဘေးအန္တရာယ်ကင်းတယ်လို့ ယေဘုယျ ကျွန်တော်တို့ ယူဆကြပေမယ့် ပါဝင်ပစ္စည်းတွေက ဘာတွေလဲ။ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေလဲ ဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးတင်ပြမှာ ဖြစ်ပါတယ်။

DNA အား ပျက်စီးစေခြင်း

New York ဆေးတက္ကသိုလ်တစ်ခုမှာ လေ့လာမှုအရ E- Cigarettes တွေရဲ့ အငွေ့ဟာ DNA ကို ပျက်စီးစေကြောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ အထူးသဖြင့် အဆုတ်၊ ဆီးအိမ်နဲ့ နှလုံးမှာရှိတဲ့ DNA တွေကို ပျက်စီးစေပြီးတော့ နှလုံးရောဂါနဲ့ ကင်ဆာရောဂါကို ဖြစ်ပွားနိုင်ချေများတာကို ကြွက်တွေနဲ့ စမ်းသပ်မှုမှာ တွေ့ရှိတာ ဖြစ်ပါတယ်။ လူတွေရဲ့ အဆုတ်နဲ့ဆီးအိမ်က ဆဲလ်တွေကို ပျက်စီးစေတတ်တာကိုလည်း တွေ့ရှိ ထားပါတယ်။

E- Cigarettes တွေဟာ မကြာသေးခင်ကပဲ တရှိန်ထိုး ခေတ်စားလာပါတယ်။ အွန်လိုင်းဈေးကွက်မှာပါ ကြော်ငြာအားကောင်းကောင်းနဲ့ ရောင်းကြ ဝယ်ကြတာကို တွေ့မြင်ရပါတယ်။ အထူးသဖြင့်တော့ ဆယ်ကျော်သက်တွေနဲ့ လူလတ်ပိုင်း အရွယ်တွေမှာ ဖြစ်ပါတယ်။ ဒီစီးကရက်တွေက အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး(FDA) အနေနဲ့ ဆေးလိပ်ဖြတ်တဲ့နေရာမှာ အကူအညီပေးတယ်ဆိုတာကို ထောက်ခံထားခြင်း မရှိပါဘူး။ သုတေသနပြုလုပ်ချက်တွေအရတော့ ဆေးလိပ်သောက်သူ (၈၀)ရာခိုင်နှုန်းကျော်က E- Cigarettes တွေဟာ ဆေးလိပ်ဖြတ်ဖို့အတွက် ကူညီပေးတယ်လို့ ယုံကြည်ပါတယ်။

အဆိပ်အတောက်ဖြစ်စေခြင်း

E- Cigarettes အများစုမှာ အဆိပ်အတောက်ဖြစ်စေတဲ့ အမျိုးမျိုးသော ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ Cinnamon တို့လို Citrus လိုမျိုးတွေဟာ နှလုံးကြွက်သားကိုလည်း ပျက်ယွင်းစေပါတယ်။

Cardiomyocytes တွေဟာ နှလုံးကြွက်သားတွေကို ဖြစ်စေတဲ့ ဆဲလ်တွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အလုပ်ကတော့ ခန္ဓာကိုယ်အနှံ့ သွေးတွေကို ညှစ်ထုတ်ဖို့ပဲ ဖြစ်ပါတယ်။ E- Cigarettes တွေမှာ ပါဝင်နေတဲ့ Cinnamaldehyde (သို့) Cinnamon တွေဟာ နှလုံးကြွက်သားညှစ်ခြင်းကိုသွားပြီး တားပါတယ်။ အခြား Eugenol (Clove)၊ Citronellol နဲ့ Limonene (Citrus)တွေဟာ နှလုံးခုန်နှုန်းကို မြန်စေပါတယ်။ ဒါကြောင့် ဒီပါဝင်ပစ္စည်းတွေဟာ နှလုံးရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေကို ပျက်ယွင်းစေပါတယ်။

E- Cigarettes အရည်တွေမှာ ပါဝင်နေတဲ့ အခြားအဆိပ်အတောက်ပစ္စည်းတွေကတော့ ကဒ်မီကမ် (Cadmium)၊ ခရိုမီယမ် (Chromium)၊ ခဲ (Lead)၊ မဂ္ဂနိ (Manganese)၊ နီကယ် (Nickel) တို့ပဲ ဖြစ်ပါတယ်။ သုတေသီတွေဟာ နေ့စဉ် E- Cigarettes အသုံးပြုတဲ့သူ (၅၆)ဦးကို သုတေသနတစ်ခု ပြုလုပ်ခဲ့ပါတယ်။ လေ့လာချက်တွေအရ အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေဟာ ပြန်လည်ဖြည့်ရတဲ့ အရည်တွေမှာ ပြင်းအားအနည်းငယ်သာ ပါဝင်သော်လည်း အန္တရာယ်ဖြစ်စေတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဓာတုပစ္စည်းတွေရဲ့ အန္တရာယ်ဖြစ်စေမှုနဲ့ အသက် ရှူလမ်းကြောင်း စနစ်ကို ပျက်ယွင်းစေတဲ့ အဓိက ပါဝင်ပစ္စည်းတွေကတော့ ခရိုမီယမ် (Chromium)၊ ခဲ (Lead)၊ မဂ္ဂနိ (Manganese)၊ နီကယ် (Nickel)တို့ပဲ ဖြစ်ပါတယ်။ သုတေသနမှာ ပါဝင်တဲ့သူတွေကို လေ့လာကြည့်တဲ့အခါ သူတို့ရဲ့ ဆီးတွေ၊ တံတွေးတွေမှာ နီကယ် (Nickel)၊ ခရိုမီယမ် (Chromium)တို့ မြင့်မားစွာ ပါဝင်နေတာကို တွေ့ရပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ နောက်တစ်ချက်ကတော့ E- Cigarettes မှာပါတဲ့ အပူပေးတဲ့ ကွိုင်လေးတွေကို နီကယ် (Nickel)၊ ခရိုမီယမ် (Chromium) နဲ့ အခြားပစ္စည်းတွေနဲ့ ပေါင်းစပ်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို E-Liquid တွေမှာ တွေ့ရနိုင်သလို အပူပေးကွိုင်လေးတွေဟာလည်း အန္တရာယ်ရှိ ဓာတုပစ္စည်းတွေကို ထုတ်လွှတ်တဲ့ အရာတစ်ခု ဖြစ်နေပါတယ်။အဆိပ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ အာဆင်းနစ် (Arsenic) ဟာလည်း ပြန်ဖြည့်ရတဲ့ E-Liquid တွေမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

New York မှာရှိတဲ့ Rochester Medical Center မှာ Dr.Irfan Rahman က E- Cigarettes တွေအကြောင်း လေ့လာချက်တွေ ပြုလုပ်အပြီးမှာ အချက်နှစ်ချက်ကို အဓိက ဖော်ထုတ်ခဲ့ပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားကို အဆိပ်အတောက် ဖြစ်စေခြင်းနဲ့ Oxidative Stress ဆိုတဲ့ အချက်နှစ်ချက် ဖြစ်ပါတယ်။ Oxidative Stress ဆိုတာကတော့ ဇီဝကမ္မဖြစ်စဉ်တွေ အဆင့်လိုက် ပျက်စီးမှုတွေကြောင့် အောက်စီဂျင်ရာဒီဂယ် (Oxygen Radicals) တွေ အများအပြား ထွက်လာခြင်းကို ဆိုလိုပါတယ်။ ဒီဖြစ်စဉ်ကြောင့် DNA တွေကို ထိခိုက်နိုင်သလို ကင်ဆာကိုတောင် ဖြစ်စေနိုင်ပါတယ်။ Monocytes လို့ခေါ်တဲ့ ဆဲလ်တွေဟာ ကိုယ်ခန္ဓာရဲ့ ရောင်ရမ်းမှု ဖြစ်စဉ်တွေမှာ တုံ့ပြန်လုပ်ဆောင်ဖို့အတွက် အရေးကြီးတဲ့ သွေးဖြူဥ ဆဲလ်တစ်မျိုး ဖြစ်ပါတယ်။ ဒီဆဲလ်တွေကို ထိခိုက်စေခြင်းဟာ E- Cigarettes တွေနဲ့ ခုခံအားစနစ်အကြားက ဆက်နွှယ်မှုကို ပြသခြင်းပဲ ဖြစ်ပါတယ်။

Oxidative Stress ကို လေ့လာဖို့အတွက် သုတေသီတွေဟာ ဓာတ်ပြုအောက်စီဂျင်တွေ (ROS-Reactive Oxygen Species) ထုတ်လုပ်မှုကို တိုင်းတာခဲ့ကြပါတယ်။ E-Liquid တွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ရောင်ရမ်းမှု၊ ဆဲလ်များအဆိပ်သင့်မှုနဲ့ ROS ထုတ်လွှတ်မှုကို များ ပြားစေပါတယ်။ တစ်ရှူးများကိုလည်း ပျက်စီးစေပါတယ်။

Public Health Consequences of E- Cigarettes ခေါင်းစဉ်နဲ့ ၂၀၁၈ ဇန်နဝါရီလကမှ ထုတ်ထားတဲ့ စာတမ်းတစ်စောင်မှာ ဖော်ပြထားတဲ့ အချက်လေးတွေကို အနှစ်ချုပ်အနေနဲ့ မျှဝေလိုပါတယ်။

  • E- Cigarettes တွေမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေပါဝင်ပြီး လေထုထဲကိုပါ ထုတ်လွှတ်ပါတယ်။
  • E- Cigarettes များဟာ အပူလောင်တာနဲ့ ထိခိုက်ဒဏ်ရာများ ဖြစ်စေပါတယ်။ အထူးသဖြင့် အရည်အသွေးညံ့ဖျင်းတဲ့ ပစ္စည်းတွေနဲ့  သေချာစွာ ထိန်းသိမ်းမှုမရှိတဲ့ အခြေအနေမျိုးတွေမှာ ဖြစ်ပါတယ်။
  • E- Cigarettes တွေမှာ အသုံးပြုတဲ့ အရည်တွေကို သောက်သုံးခြင်း၊ မျက်လုံးကို ထိတွေ့ခြင်းနှင့် အရေပြားကို ထိတွေ့ခြင်းတွေဟာ မူးဝေအော့အန်ခြင်း၊ တက်ခြင်းများကို ဖြစ်စေပါတယ်။ သောက်သုံးခြင်းက သေဆုံးတဲ့အထိ ဖြစ်စေပါတယ်။
  • E- Cigarettes တွေဟာ ဆဲလ်နဲ့တစ်ရှူးများ၏ လုပ်ဆောင်မှုကို ပျက်ယွင်းစေပါတယ်။
  • E- Cigarettes များဟာ အခြားမူးယစ်ဆေးဝါးများကို စွဲလမ်းသလိုပဲ စွဲလမ်းစေပါတယ်။
  • E- Cigarettes များဟာ ချောင်းဆိုး၊ ချွဲကျပ်ခြင်းများကို ပိုမိုဆိုးဝါးစေပြီး ပန်းနာရင်ကျပ်ရှိသူများအတွက် မသုံးစွဲသင့်ပါဘူး။

E- Cigarettes တွေကို လေ့လာတဲ့ သုတေသနတွေဟာ အငြင်းပွားစရာတွေ များပြားပါတယ်။နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်များရဲ့ အကျိုးစီးပွား(Interest) တွေဟာ မတူကြတာမို့ ကန့်ကွက်သူများကလည်း အကိုးအကား၊ အထောက်အထားတွေနဲ့ ဖော်ပြကြသလို၊ ထောက်ခံသူများကလည်း အကောင်းဘက်ကနေ လေ့လာပြောဆိုထားကြတဲ့ စာတမ်းတွေရှိပါတယ်။ တချို့စာတမ်းတွေမှာ အချက် အလက် ခိုင်လုံမှုကို အားကောင်းခြင်း၊ အသင့်အတင့်၊ အားနည်းစသဖြင့် ခွဲခြားထားတာတွေ ရှိပါတယ်။ အငြင်းပွားစရာတွေများလို့ ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ E- Cigarettes အကြောင်း ဆောင်းပါးပြန်ရေးတဲ့အခါ အချက်အလက်ခိုင်လုံမှု အားကောင်းသော စာတမ်းများမှ ကောက်နုတ်ထားပါတယ်။ အငြင်းပွားစရာများကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျန်းမာရေးရှုထောင့်ကနေ ကျွန်တော်လက်လှမ်းမှီသမျှ စာစောင်တွေ၊ သုတေသနစာတမ်းငယ်လေးတွေနဲ့ ဂျာနယ်တွေမှာ ရေးသားဖော်ပြထားကြတဲ့ အကြောင်းအရာတချို့ကို စုဆောင်းပြီး မျှဝေလိုတဲ့စိတ်နဲ့ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွင်သော ဘဝများကို ပိုင်ဆိုင်ကြပါစေ။

                                                                                                                                                              ဝိုင်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.