အစာစားပြီး သတိပြုစရာများ

အခုတလော ဆေးခန်းမှာ အစာအိမ်နဲ့ ပတ်သက်တဲ့ ရောဂါတွေကို အတွေ့များပါတယ်။ အချို့က အစာအိမ်ရောဂါ မဟုတ်ဘဲ အစာအိမ် မအီမသာ (Abdominal Discomfort) နဲ့ ရောက်လာတာ ဖြစ်ပါတယ်။ နေ့စဉ်စားသောက်တဲ့ စားသောက်ပုံစံ မမှန်ခြင်း (သို့မဟုတ်) အသေးအဖွဲ့လေးတွေမို့ ဂရုမစိုက်ခြင်းလေးတွေကြောင့် အဖြစ်များကြပါတယ်။ အသေးအဖွဲ့လေးတွေကလည်း ဂရုမစိုက်မိရင် အရေးကြီးတာမို့ ဒီလမှာတော့ စားသောက်တဲ့ပုံစံအတွက် အကြံပြုချက်လေးတွေကို ရေးဖြစ်ပါတယ်။

ကျွန်တော် အကြံပြုချင်တာလေးတွေရယ်၊ ဖတ်မှတ်လေ့လာထားတဲ့ သုတေသန အကြောင်းအရာတွေကို ရောမွှေပြီး စာဖတ်သူတွေအတွက် ဗဟုသုတရစေအောင် ရေးသားလိုက်ရပါတယ်။

၁။ ဆေးလိပ်မသောက်ပါနှင့်

အစာစားပြီးပြီးချင်း ဆေးလိပ် မသောက်သင့်ပါဘူး။ စမ်းသပ်ချက်တွေအရ အစာစားပြီးသောက်တဲ့ ဆေးလိပ် (စီးကရက်) တစ်လိပ်ဟာ အခြားအချိန်မှာသောက်တဲ့ ဆေးလိပ် (၁၀)လိပ်နဲ့ ညီမျှပါတယ်။ ဒါကြောင့် အစာစားပြီးပြီးချင်း ဆေးလိပ်သောက်ခြင်းဟာ ကင်ဆာရောဂါကို ဖြစ်စေဖို့ အခွင့်အလမ်း ပိုများပါတယ်။

၂။ အသီးအနှံများကို ချက်ခြင်း မစားပါနှင့်

တကယ်လို့ ကျွန်တော်တို့တွေဟာ အသီးအနှံတွေကို အတူတူ စားသုံးမယ်ဆိုရင် အသီးအနှံတွေဟာ စားလိုက်တဲ့ အစာတွေနဲ့အတူ အစာအိမ်မှာ ကပ်ငြိနေပြီး အူတွေဆီကို အချိန်မီ မရောက်ရှိနိုင်တော့ပါဘူး။ ကပ်ငြိနေတဲ့ အစာတွေကြောင့် ဗိုက်ထဲမှာ မအီမသာနဲ့ လေပွခြင်းကို ဖြစ်စေပါတယ်။ အသီးအနှံတွေကို စားဖို့ အသင့်တော်ဆုံး အချိန်က မနက်စောစော ဘာမှမစားသေးခင်နဲ့ အစာမစားမှီ တစ်နာရီ ဒါမှမဟုတ် အစာစားပြီး တစ်နာရီ ဖြစ်ပါတယ်။ နံနက်စောစောမှာဆိုရင်တော့ ခန္ဓာကိုယ်က အသီးအနှံတွေမှာပါတဲ့ အာဟာရဓာတ်တွေကို ကောင်းကောင်း အသုံးပြုနိုင်ပြီး တစ်နေ့တာ သွားလာလှုပ်ရှားဖို့ အကောင်းဆုံးသော စွမ်းအင်တွေကို ထုတ်လုပ်ပေးနိုင်ပါမယ်။

၃။ လက်ဖက်ရည် မသောက်ပါနှင့်

အရပ်ထဲမှာ တော်တော်များများက ထမင်းစားပြီးပြီဆိုရင် လက်ဖက်ရည်လေး သောက်တတ်ကြတာကို တွေ့ဖူးပါတယ်။ ကျွန်တော်တို့ဆီမှာ ဓလေ့တစ်ခုလိုပါပဲ။ လက်ဖက်ရွက်တွေမှာ အက်ဆစ်ဓါတ် မြင့်မားစွာ ပါဝင်ပါတယ်။ အက်ဆစ်ဓါတ်တွေဟာ ကျွန်တော်တို့ စားသုံးလိုက်တဲ့ အစာထဲမှာပါဝင်တဲ့ ပရိုတိန်းတွေကို မာကျောစေပါတယ်။ ဒီနည်းအားဖြင့် အစာချေဖျက်မှုကို နှောင့်နှေးစေပြီး အစာမကြေမှုကို ဖြစ်စေပါတယ်။ အစာစားပြီး တစ်နာရီကြာမှ လက်ဖက်ရည်သောက်တာက အသင့်တော်ဆုံး ဖြစ်ပါတယ်။

၄။ ရေမချိုးပါနှင့်

အစာစားပြီးပြီးချင်း ရေချိုးတာမျိုး မပြုလုပ်သင့်ပါဘူး။ ရေချိုးလိုက်ခြင်းကြောင့် ခြေထောက်တွေ၊ လက်တွေနဲ့ ခန္ဓာကိုယ်ဆီ သွေးစီးဆင်းမှု များစေပြီး အစာအိမ်တဝိုက်မှာရှိတဲ့ သွေးပမာဏကို လျော့နည်းသွားစေပါတယ်။ ဒီနည်းအားဖြင့် ခန္ဓာကိုယ်က အစာချေဖျက်မှုစနစ်ကို အားနည်းစေပါတယ်။

၅။ ချက်ချင်း လမ်းမလျှောက်သင့်ပါ

အစာစားပြီး ချက်ချင်းထ လမ်းလျှောက်တာဟာ မကောင်းပါဘူး။ ချက်ချင်း လမ်းထလျှောက်လိုက်ခြင်းအားဖြင့် အစာအိမ်ထဲက အစာချေဖျက်မယ့် အက်ဆစ်စီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေပြီး အစာမကြေ ဖြစ်စေပါတယ်။ ဒါပေမယ့် အစာစားပြီး နာရီဝက်လောက်နေရင် လမ်းလျှောက်ပေးတာကတော့ ကောင်းပါတယ်။ ဒီလေ့လာမှုကိုတော့ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း တက္ကသိုလ် လေ့ကျင့်ခန်းသိပ္ပံဌာနက သုတေသီတွေက ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အစာစားပြီး မိနစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်လောက်နေရင် ဆယ်မိနစ်လောက် လမ်းလျှောက်ပေးတာက အစာအိမ်ထဲက ဆက်ဆစ်စီးဆင်းမှု အနှောင့်အယှက် ဖြစ်တာမျိုးတွေ မဖြစ်စေတော့ပါဘူး။

၆။ ချက်ချင်း မအိပ်စက်ပါနှင့်

ကျွန်တော်တို့ စားသောက်လိုက်တဲ့ အစာတွေဟာ ခဏလေးအတွင်းမှာ မချေဖျက်နိုင်ပါဘူး။ စားသောက်ထားတဲ့ အစာတွေ မကြေခင်မှာ အိပ်စက်လိုက်ခြင်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျောက်မှာ ကူးစက်ရောဂါတွေဖြစ်ဖို့ ပိုများပါတယ်။

၇။ ခါးကို အရမ်းချောင်ချိအောင် မထားပါနှင့်

ကျွန်တော်တို့တွေ တော်တော်များများမှာ အစားကောင်း စားတော့မယ်ဆိုရင် အများကြီး စားနိုင်အောင် ခါးကို လျော့ထား (ခါးပတ်ကို လျော့) တာမျိုးတွေ လုပ်တတ်ကြပါတယ်။ အစားအစာတွေကို အများကြီး စားပစ်လိုက်ပြီးရင် လူက မသက်မသာနဲ့ ဖြစ်လာသလိုပဲ အူလမ်းကြောင်းတွေမှာလည်း အူတွေကို တွန့်ခြင်း၊ ခေါက်ခြင်း၊ ပိတ်ခြင်းတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အစာကို ကိုယ်နဲ့သင့်ရုံလောက်သာ စားသင့်ပါတယ်။ အလွန်အကျွံ စားသောက်ခြင်းက အစာအိမ်နဲ့ အူလမ်းကြောင်းကို ဝန်ပိစေပါတယ်။
ဒီတစ်လ ဆောင်းပါးမှာ တင်ပြခဲ့တဲ့ အချက်လေးတွေကို ဖတ်ပြီး သတိမပြုမိသေးတဲ့ အသေးအဖွဲ့လေး တွေကို ပြုပြင်ရင်း ကျန်းမာပျော်ရွှင်တဲ့ ဘဝတွေကို ပိုင်ဆိုင်ကြပါစေ….

ဝိုင်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.