မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်မှာ Transgender အမျိုးသမီးဖြစ်သူ စူးရှရှင်းသန့် အမျိုးသမီးအသွင်နဲ့ ဘွဲ့တက်ရောက်ယူခွင့်ရရှိ

ဇန်နဝါရီလ (၁၉) ရက်နေ့မှာ ကျင်းပခဲ့တဲ့ (၅၅) ကြိမ်မြောက် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ကို Transgender အမျိုးသမီး စူးရှရှင်းသန့်အနေနဲ့ အမျိုးသမီးတစ်ယောက်လို ပထမဦးဆုံးအကြိမ် တက်ရောက်ယူခွင့် ရရှိခဲ့ပါတယ်။

“အရမ်းရင်ခုန်တယ်။ အစမ်းယူတဲ့အချိန်ကော၊ တကယ့်ဘွဲ့ယူတဲ့အချိန်ကောမှာ အမည်ခေါ်တာမှာ မောင်၊ မ နာမ်စား မတတ်ဘဲ နာမည်ပဲ ခေါ်သွားခဲ့တယ်။ အရမ်းဂုဏ်ယူမိပါတယ်။ ဒီလို အဆင့်မြင့်တက္ကသိုလ်တစ်ခုကနေ ပထမဦးဆုံး ခွင့်ပြုလိုက်တာက အခြားတက္ကသိုလ်တွေကိုလည်း အလားတူ တံခါးဖွင့်ပေးဖို့ တွန်းအားပေးရာ ရောက်စေပါတယ်”လို့ မစူးရှရှင်းသန့်က ပြောပါတယ်။

အခုလို ဘွဲ့နှင်းသဘင် အခမ်းအနားကို အမျိုးသမီးတစ်ဦးအဖြစ် အသိအမှတ်ပြု တက်ရောက်ခွင့် ရခဲ့တာဟာ အလွယ်တကူ ရရှိခဲ့တာမျိုး မဟုတ်ဘဲ မိမိရဲ့အခွင့်အရေးကို ရယူဖို့ကြိုးပမ်းခဲ့ရာမှာ လိမ်မာပါးနပ်တဲ့ နည်းလမ်းတွေနဲ့ စည်းဘောင်အတွင်းကနေ ကြိုးစားခဲ့တာကြောင့်လို့လည်း သူမက ပြောပါတယ်။

“အခုလို အမျိုးသမီးတစ်ယောက်လို ဘွဲ့ယူနိုင်ဖို့က လွယ်လွယ်ရခဲ့တာ မဟုတ်ပါဘူး။ နှစ်ရှည်လများ ကျောင်းမှာ သိမ်သိမ်မွေ့မွေ့နေရတယ်။ စာဆိုရင်လည်း ခုံနံပါတ်အမြင့်ဆုံးရအောင် ကြိုးစားခဲ့ရတာ။ ကျွန်မ ဘွဲ့ဖောင်တင်ကတည်းက ရင်ဖုံးနဲ့ ပတ်စပို့စ်ပုံ တင်လိုက်တယ်။ ဒါပေမဲ့ တစ်လလောက်အလိုမှာ ဒီလိုတက်လို့မရဘူးဆိုပြီး ဆက်သွယ်လာတယ်။ ကျောင်းတွင်း မူဝါဒတွေလားဆိုပြီး ကျွန်မက မေးတော့ သူတို့က မှတ်ပုံတင်ကို အကြောင်းပြကြတယ်။ မောင်၊ မ က အရေးမကြီးဘူးဆိုပြီး ကျွန်မက ပြန်လည်ထောက်ပြတော့ မော်ကွန်းထိန်းနဲ့ စကားပြောရတယ်။ ပါမောက္ခဆီ စာတင်ပါဆိုတော့ ကျွန်မက ဘွဲ့နှင်းသဘင်ကို အမျိုးသမီးတစ်ယောက်လို ဂုဏ်သရေရှိရှိ တက်မယ်ဆိုတာရယ်၊ ကျောင်းမှာလည်း ထမီ၊ ရင်ဖုံးနဲ့ တက်တယ်၊ လိင်ပြောင်းလဲဖို့ ဟော်မုန်းကုထုံးတွေ စတင်ခံယူနေပြီဆိုတာ စာတင်လိုက်ပါတယ်၊ ကိုယ်က Advocacy ဝင်ရတာပေါ့။ ဘွဲ့အစမ်းယူတဲ့နေ့အထိ ခွင့်ပြုတယ်၊ မပြုဘူးဆိုတာ အကြောင်းမပြန်ခဲ့ဘူး”လို့ စူးရှရှင်းသန့်က ပြောပါတယ်။

Transgender အမျိုးသမီးတစ်ဦးအနေနဲ့ ယခုလို အသိအမှတ်ပြု ဘွဲ့တက်ယူနိုင်ခွင့် ရရှိခြင်းဟာ မြန်မာနိုင်ငံက LGBT အသိုင်းအဝိုင်းအတွက် ဂုဏ်ယူစရာတစ်ခုဖြစ်ပြီး ပညာရေးမှာ LGBT တွေရဲ့ ပါဝင်နိုင်ခွင့်ကို လမ်းဖွင့်ပေးရာ ရောက်တယ်လို့လည်း သူမ က ထပ်မံပြောပါတယ်။ ၎င်းအပြင် LGBT တွေအနေနဲ့လည်း ပညာရေးကို အရင်ထက် ပိုမိုဦးလှည့်သင့်ပြီလို့လည်း စူးရှရှင်းသန့်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

စူးရှရှင်းသန့်ဟာ လက်ရှိမှာလည်း မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီမှာ ပြည်ထောင်စုအဆင့် လူငယ်ကိုယ်စားတစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး သူမအနေနဲ့ ၂၀၁၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာတော့ အမျိုးသမီးတစ်ဦးလို တက်ရောက်ယူဖို့ မဝံ့ရဲသေးတာနဲ့ လူငယ်ရေးရာ မူဝါဒရေးဆွဲရေး ဒုတိယအကြိမ်မြောက် အစည်းအဝေးမှာ LGBT တွေရဲ့ ပါဝင်မှုကို ထိခိုက်လာမှာ စိုးရိမ်တာကြောင့် လူကိုယ်တိုင် ဘွဲ့တက်ရောက်ယူဖို့ အခွင့်အလမ်းကို စွန့်လွှတ်ခဲ့တယ်လို့ သိရပါတယ်။

စူးရှရှင်းသန့်အနေနဲ့ ဇန်နဝါရီလ (၁၉) ရက်နေ့မှာ ကျင်းပခဲ့တဲ့ (၅၅) ကြိမ်မြောက် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ နိုင်ငံတကာ ဆက်ဆံရေးပညာ (ဘွဲ့လွန်) နဲ့ တက်ရောက်ယူခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.