မြန်မာနိုင်ငံတွင် Intersex အမျိုးအစားဖြင့် မွေးဖွားလာသူ လူဦးရေ နှစ်သောင်းခွဲခန့် ရှိနိုင်

မြန်မာနိုင်ငံ၏ လူဦးရေအချိုးအစားအရ Intersex အမျိုးအစားဖြင့် မွေးဖွားလာသူ အရေအတွက်မှာ လူဦးရေ နှစ်သောင်းခွဲခန့်ရှိနိုင်တယ်လို့ ထိုင်ဝမ်နဲ့ UK နိုင်ငံရှိ Intersex အရေးလှုပ်ရှားတဲ့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

Intersex အရေအတွက်ဟာ လူဦးရေအချိုးအစား၏ (ဝ.၀၅)နှင့် (၁.၇)ရာခိုင်နှုန်းသာ ဖြစ်နိုင်ခြေရှိသဖြင့် မြန်မာနိုင်ငံတွင် Intersex ဖြင့် မွေးဖွားလာသူ အရေအတွက်မှာ နှစ်သောင်းခွဲပတ်ဝန်းကျင် ရှိနိုင်တယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

Intersex ကို မြန်မာနိုင်ငံတွင် ဒွိလိင်  (သို့မဟုတ်) အမျိုးသမီး၊ အမျိုးသားအင်္ဂါနှစ်ခုပါသူလို့ အလွယ်တကူ နားလည်ထားပါတယ်။ ဒါပေမဲ့ ဒီအဓိပ္ပာယ်သတ်မှတ်ထားမှုဟာ တကယ်တော့ မှန်ကန်ခြင်း မရှိဘူးလို့လည်း Intersex အရေး ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။ 

“Intersex ဆိုတာ သူတို့ရဲ့ ခရိုမိုဇုန်း၊ ရုပ်ပိုင်းဆိုင်ရာ မွေးရာပါ လိင်အင်္ဂါသွင်ပြင်တို့ဟာ တသမတ်တည်းဖြစ်မနေဘဲ သတ်မှတ်ချက်ပြင်ပမှာ ရှိနေတာမျိုးပါ” လို့ Intersex Activist and Photographer ဖြစ်သူ Magda Rakita က ပြောပါတယ်။

အဆိုပါ Intersex နှင့် Transgender တို့ရဲ့ အခွင့်အရေးနဲ့သိမှတ်ဖွယ်ရာများ ဆွေးနွေးပွဲကို ထိုင်ဝမ်နဲ့ UK နိုင်ငံတို့မှ ပညာရှင်တွေဖြစ်တဲ့ ထိုင်းနိုင်ငံကြက်ခြေနီအသင်းနဲ့ ဒေသခံ Transgenderတွေ ပူးပေါင်းဖွင့်လှစ်ထားတဲ့ Clinical Director Tangenne ဆေးခန်းမှ Jemma Samitpol ၊ ထိုင်ဝမ်နိုင်ငံမှ Intersex Activist and Former Chair of Asia ILGA မှ Hiker Chiuနဲ့ Intersex Activist and Photographer ဖြစ်သူ Magda Rakita တို့ကလည်း ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ဖေဖော်ဝါရီလ(၃)ရက်နေ့က ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

“Intersex ကို မြန်မာနိုင်ငံမှာ တကယ်ပဲ အခုချိန်ထိ ဘယ်လိုသုံးနှုန်းခေါ်ဆိုရမယ်ဆိုတာ မသိသေးပါဘူး။ လက်ရှိ ခေါ်နေတဲ့အသုံးအနှုန်းတော့ ရှိတာပေါ့နော်။ သူတို့ကိုယ်တိုင်ကလည်း အဲလိုခေါ်တာ မကြိုက်ဘူး။ သူတို့ကို တိရစ္ဆာန်တစ်ကောင်လို ခေါ်ဆိုတာဆိုပြီး ခံရခက်ကြတယ်။ ကျွန်မတို့နိုင်ငံမှာက Intersex တွေကို ပေါ်ပေါ်တင်တင် မမြင်ရပါဘူး။ အရင်က ကြားဖူးတာမျိုးတော့ ရှိလိမ့်မယ်။ ရုတ်တရက်ကြီး ညဘက်ကြီး မိန်းကလေးကနေ ယောက်ျားလေး ဖြစ်သွားတယ်လို့ ၊ ယောက်ျားလေးကနေ မိန်းကလေးဖြစ်သွားတယ်လို့။ ဒါတွေက ညတွင်းချင်းတော့ဖြစ်တာ မဟုတ်ပါဘူး။ သူတို့က နဂိုကတည်းက မွေးရာပါ လိင်အင်္ဂါပါနေပြီးသားပါ။ ပေါ်လွင်ထင်ရှားလာတဲ့အခါမှသာ သူတို့က ဖွင့်ထုတ်လာလို့ သိရတာပါ” လို့ မြန်မာနိုင်ငံ ဆန့်ကျင်ဖက်လိင်ကဲ့သို့ ခံယူပြုမူနေထိုင်သူများ မဟာမိတ် (NTPAM) အဖွဲ့မှ တည်ထောင်သူ မယာယာအေးမြတ်က ပြောပါတယ်။

မြန်မာနိုင်ငံတွင် Intersex အမျိုးအစားဖြင့် မွေးဖွားလာသူတွေ ရှိသော်လည်း မိမိကိုယ်တိုင်က Intersex မှန်း မသိရှိခြင်း၊ ပတ်ဝန်းကျင်ရဲ့ စူးစမ်းမှုနဲ့ ရိုက်ခတ်မှုတွေကို မခံနိုင်ကြခြင်းကြောင့် ထုတ်ဖော်ပြောကြားသူ နည်းနေဆဲဖြစ်ပြီး ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ရှိသူတွေဟာလည်း အလွန်နည်းပါးဆဲ ရှိတယ်လို့လည်း မယာယာအေးမြတ်က ပြောပါတယ်။ 

“ကလေးကြီးထွားလာသောအခါ အပြင်အင်္ဂါကိုပဲကြည့်ပြီး ခွဲစိတ်လိုက်တာဖြစ်ပြီး အတွင်းမှာကျန်နေတာက မိန်းမစိတ်ဖြစ်နေတဲ့အခါကျရင် ပြဿနာအများကြီးရှိတယ်။ နောက် ခွဲစိတ်လိုက်တဲ့အတွက် အစိတ်အပိုင်းတွေ မရှိတော့တဲ့အခါ လိုအပ်တဲ့ဟော်မုန်းတွေ ထွက်မလာတာတွေ ရှိတတ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ဟော်မုန်းချို့တဲ့နေတာတွေ၊ မထုတ်နိုင်တာတွေကြောင့် ကျန်းမာရေး ပြဿနာအများကြီး ရှိပါတယ်။ ဒါတွေကို ဆရာဝန်တွေလည်း သိကြပါတယ်။ ဒါကြောင့် Intersex အရေးလှုပ်ရှားသူတွေက မိဘတွေအနေနဲ့ အတင်းအကျပ် ခွဲစိတ်မှုတွေ မလုပ်ဖို့ရယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်တွေကနေ မိဘတွေနားလည်အောင် ရှင်းပြပေးဖို့ တောင်းဆိုကြတာပါ။ ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင် Intersex လှုပ်ရှားမှုက အရမ်းရှားပါတယ်။ ဒါကြောင့် Intersex တွေကြုံတွေ့ရတဲ့ ပြဿနာတွေ၊ အကြောင်းအရာတွေကို သိရှိတဲ့သူ နည်းပါသေးတာ ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြုမှုနေထိုင်သူများ မဟာမိတ် (NTPAM)အဖွဲ့မှ တည်ထောင်သူ မယာယာအေးမြတ်က ထပ်မံပြောပါတယ်။

မြန်မာနိုင်ငံ၌ Intersex ပတ်သက်၍ ဆွေးနွေးရာတွင် ဗဟုသုတနည်းပါးနေသေးပြီး လက်ရှိ လိင်အင်္ဂါနှစ်ခုဖြင့် မွေးဖွားလာပါက မိဘများအနေဖြင့် ကလေး၏စိတ်ဆန္ဒမပါပဲ ခွဲစိတ်တတ်ကြတာမျိုးတွေ ရှိတတ်သဖြင့် မိဘတွေကို ပညာပေးလှုပ်ရှားမှုတွေ ဆောင်ရွက်သင့်ကြောင်း ပညာရှင်တွေက ဆွေးနွေးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.