လှပကျန်းမာခြင်းအတွက် ကြက်ဥလက်ဆောင်

အဖက်ဖက်က တိုးတက်ဖွံ့ဖြိုးနေတဲ့ ခေတ်ကြီးမှာ မိမိရဲ့ခန္ဒာကိုယ် လှပကျန်းမာဖို့ ဆေးဝါးမျိုးစုံ အလှအပဆိုင်ရာမျိုးစုံကို အလွယ်တကူ ရရှိနိုင်ပြီဆိုပေမဲ့ တစ်ဖက်မှာ ဆေးဝါးရဲ့ ဆိုးကျိုးသက်ရောက်မှု၊ ငွေကုန်ကြေးကျများမှုတွေအတွက် စိတ်ပျက်နေရပြီလား။ ဒီတစ်ခေါက်မှာတော့ အလှအပနဲ့ ကျန်းမာရေးဆိုင်ရာအားလုံးအတွက် သဘာဝနည်းလမ်းနဲ့ လွယ်လွယ်ကူကူ အသုံးပြုနိုင်ဖို့အပြင် ဘေးထွက်ဆိုးကျိုးမရှိတဲ့ နည်းလမ်းတွေနဲ့ အသုံးပြုလို့ရမယ့် ကြက်ဥရဲ့ကောင်းကျိုးများကို ဖော်ပြပေးလိုက်တယ်နော်။

ကြက်ဥကတော့ ချစ်တို့သိတဲ့ အတိုင်းပါပဲ။ လူသားတွေကို ကောင်းကျိုးအများကြီးပေးတဲ့ သဘာဝလက်ဆောင်လေးပေါ့။ လူအများစုက ကြက်ဥကို အကာပဲစားပြီး အနှစ်ကို မစားကြဘူး။ ဝမှာ စိုးရိမ်ကြတယ်။ အာဟာရပညာရှင်တချို့က ကြက်ဥအနှစ်ကို စားပေးဖို့ တိုက်တွန်းထားပါတယ်။ ကြက်ဥက အာဟာရဓာတ်အများကြီးပါဝင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးများစွာ ပါဝင်ပါတယ်။ ကြက်ဥမှာဆိုရင် ကောင်းတဲ့ ကယ်လိုရီ(calorie)နဲ့ ကိုလက်စထရော(cholesterol) တွေပါဝင်သည့်အပြင် ကယ်လ်စီယမ် (calcium)၊ Vitamin B၊ Iron၊ Zinc၊ Folic Acid တို့ပါဝင်ကြောင်း သိရပါတယ်။

ဒါကြောင့် ကြက်ဥကို မကြိုက်ဘူးဆိုရင်တောင် တစ်ပတ်ကို သုံးကြိမ်လောက် စားပေးဖို့ ကျန်းမာရေးစာတမ်းမှာ ဖော်ပြထားပါတယ်။ ကြက်ဥကြိုက်သူတွေကတော့ တစ်နေ့ကို နှစ်လုံးလောက် စားသင့်ပါတယ်။ ပညာရှင်တွေက တန်ရင်ဆေး လွန်ရင်ဘေး ဆိုသလိုပါပဲ။ ကြက်ဥကို နှစ်လုံးထက် ပိုမစားဖို့ သတိပေးထားပါတယ်။ ကြက်ဥမှာပါတဲ့ ကိုလိန်းအာဟာရဓာတ်(Nutrient Choline)က ဦးနှောက်ကိုဖွံ့ဖြိုးစေပါတယ်။ ဦးနှောက် ဆဲလ်အချင်းချင်းကို ဆက်သွယ်တဲ့ Phosphorus ကိုလိန်းဓာတ်ပါဝင်တာကြောင့် ဦးနှောက်ဖွံ့ဖြိုးမှု တည် ဆောက်တဲ့နေရာမှာ အရမ်းအရေးပါလှပါတယ်။ ကြက်ဥမှာပါတဲ့ Luteinu က အမြင်စွမ်းအားကို ကောင်းစေတာကြောင့် အမြင်အာရုံကောင်းမွန်ဖို့ အကောင်းဆုံး အစားအစာပါ။ အရိုးနဲ့ သွားကို ခိုင်မာစေတဲ့ Vitamin D ၊ အသားအရည်၊ ဆံပင်နဲ့ အသည်းပျက်စီးမှုကို ကာကွယ်ပေးမယ့် Vitamin B၊ Biotin ၊ Vitamin B 12 နှင့် Protein တို့ကြောင့် ကြက်ဥစားခြင်းဖြင့် ကျန်းမာလှပစေပါတယ်။ ဒါအပြင် နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါဖြစ်ပွားမှုကိုလည်း လျော့ချပေးပါတယ်။ မနက်စာအဖြစ် ကြက်ဥကို ပုံမှန်စားပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကို လျော့ချပေးပါတယ်။ ဒါကြောင့် ဝိတ်ကျချင်သူတွေ ကြက်ဥကို မနက် နှစ်လုံးလောက် စားပေးပါ။ အထူးသတိပြုရမှာကတော့ ကြက်ဥကို အစိမ်းသောက်ခြင်းကနေ ရှောင်ကျဉ်ဖို့ပါ။

ကြက်ဥအစိမ်း(သို့မဟုတ်) သေချာကျက်အောင် မချက်ထားတဲ့ ကြက်ဥတွေမှာ Salmonella (ဆာမိုနဲလား) ဗက်တီးရီးယားတွေ ရှိတတ်ပါတယ်။ တစ်ခါတစ်ရံမှာ အစာအဆိပ်သင့်တာမျိုး ဖြစ်စေပါတယ်။ ဒါကြောင့် အစိမ်းသောက်တာကို ရှောင်စေချင်ပါတယ်။ ကြက်ဥကို စားသုံးရုံတင်မက ဆံပင်နဲ့ မျက်နှာပေါင်းတင်တဲ့နေရာမှာ သဘာဝပေါင်းဆေးတစ်မျိုးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ သင့်မျက်နှာ နုချောလှပဖို့အတွက် မျက်နှာပေါင်းတင်ချင်ရင်တော့ ကြက်ဥနဲ့ ပေါင်းတင်လို့ရတဲ့ နည်း(၂)မျိုးရှိပါတယ်။

  • ပထမနည်းကတော့ ကြက်ဥ၊ သံပုရာသီး၊ ပျားရည် (၃)မျိုး လိုအပ်ပါတယ်။ ပြီးလျှင် ကြက်ဥကိုဖောက်ပြီး ခွက်အလွတ်ထဲ ထည့်ပါ။ သမအောင်မွှေပြီးနောက် စားပွဲတင်ဇွန်းနဲ့ သံပုရာတစ်ဇွန်း ထည့်ပါ။ ပြီးလျှင် ပျားရည်ကို စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပါ။ အားလုံးကို ရောသမအောင်မွှေပြီးနောက် ဂွမ်းစဖြင့်ယူပြီး သင့်မျက်နှာကို သုတ်လိုက်ပါ။ မျက်နှာခြောက်တဲ့အထိထားပြီး ရေဆေးချရင် ထူးခြားနေတဲ့ သင့်မျက်နှာကို တွေ့ရမှာပါ။
  • နောက်ထပ်တစ်နည်းကတော့ ကြက်ဥ၊ သံပုရာသီး၊ ဂျုံမှုန့်၊ တစ်ရှူး လိုအပ်ပါတယ်။ ကြက်ဥကို သမအောင် မွှေပါ။ ပြီးနောက် စားပွဲ တင်ဇွန်းနဲ့ ဂျုံမှုန့်တစ်ဇွန်း (သို့) နှစ်ဇွန်း ထည့်ပါ။ သံပုရာရည်ကို စားပွဲတင်ဇွန်းဖြင့် တစ်ဇွန်းထည့်ပြီး အားလုံးကို သမအောင်မွှေပါ။ ပြီးလျှင် မျက်နှာကို ထူထူလေးသုတ်လိမ်းပါ။ လိမ်းထားသည့်နေရာကို တစ်ရှူးစဖြင့် ကပ်ထားပါ။ အထူးသတိထားရမှာက သုတ် လိမ်းတဲ့နေရာမှာ အမွှေးအမျှင်ရှိသော မျက်ခုံး၊ နှုတ်ခမ်းမွှေးရှိရာနေရာကို ရှောင်ရမှာ ဖြစ်ပါတယ်။ ခြောက်လာတဲ့အထိ ထားရပါမယ်။ ခြောက်လာလျှင် တဖြည်းဖြည်းချင်းခွှာပြီး ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ ဖြူဖွေးနူးညံတဲ့ မျက်နှာကို ရရှိလာပါလိမ့်မယ်။

နောက်ထပ် အကျိုးကျေးဇူးတစ်ခုကတော့ ပျက်စီးနေတဲ့ ဆံပင်သားအတွက် အကောင်းဆုံး ပေါင်းတင်နည်းဖြစ်တဲ့ ကြက်ဥနဲ့ ပေါင်းတင်နည်း ဖြစ်ပါတယ်။ ကြက်ဥက ဆံပင်အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဆံပင်သား ပေါင်းတင်ဖို့အတွက် ကြက်ဥတစ်လုံး၊ သံလွင်ဆီ (သို့မဟုတ်) အုန်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်း၊ ပျားရည်တစ်ဇွန်းကို ရောသမမွှေပြီး ဦးခေါင်းအနှံ့ လိမ်းပါ။ နာရီ ဝက်လောက်ထားပြီးနောက် ခေါင်းလျော်နိုင်ပါပြီ။ ဒီလိုပေါင်းတင်တာကို တစ်ပတ်နှစ်ကြိမ် ပြုလုပ်နိုင်ရင် ပိုကောင်းပါတယ်။ ဒါမှမဟုတ် တစ်ပတ်တစ်ကြိမ် သို့မဟုတ် တစ်လနှစ်ကြိမ် အမြဲပြုလုပ်ပေးပါက ဆံကေသာ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါကတော့ ချစ်တဲ့ စာဖတ်ပရိသတ်တွေ ကြက်ဥကို ကျန်းမာရေးအတွက် စားရင်ပဲဖြစ်ဖြစ် အလှအပအတွက် ပေါင်းတင်ဖို့ပဲ ဖြစ်ဖြစ် လိုတဲ့နေရရာမှာသုံးပြီး လှလှပပ ကျန်းကျန်းမာမာနဲ့ နေလို့ရအောင် ဒီကဏ္ဍလေးကနေ အကြံပြုလိုက်တာဖြစ်ပါတယ်။

                                                                                                                                                           မှုန်လေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.