ကုလသမဂ္ဂအဖွဲ့ကြီးက SOGIE ဆိုင်ရာ အထူးကျွမ်းကျင်သူ လူ့အခွင့်အရေးအရာရှိတစ်ဦးကို ပထမဦးဆုံး ခန့်အပ် တာဝန်ပေးလိုက်ပြီ

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ LGBT တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေ၊ ခွဲခြားဆက်ဆံမှုအမျိုးမျိုးကို စုံစမ်းစစ်ဆေးဖို့အတွက် လိင်စိတ်ကိုင်းညွတ်မှုနှင့် လိင်ဝိသေသခံယူမှုဆိုင်ရာ အထူးကျွမ်းကျင်သူ လူ့အခွင့်အရေး အရာရှိတစ်ဦးကို အောက်တိုဘာလ (၁) ရက်နေ့က ပထမဦးဆုံး ခန့်အပ်တာဝန်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ လူ့အခွင့်အရေးကောင်စီဟာ LGBT တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေ၊ ခွဲခြားဆက်ဆံမှု အခြေအနေတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ဆိုပြီး ထောက်ခံမဲ (၂၃) မဲ၊ ကန့်ကွက်မဲ(၁၈)၊ ပျက်ကွက်မဲ (၆) မဲနဲ့ ဇွန်လ (၃၀) ရက်နေ့က အတည်ပြုဆုံးဖြတ်ခဲ့တဲ့နောက် အဆိုပါရာထူးနေရာကို ထမ်းဆောင်ဖို့အတွက် ထိုင်းနိုင်ငံသားဖြစ်သူ မစ္စတာ ဝီတစ် မွန်တာဘွန် (Vitit Muntarbhorn) ကို ရွေးချယ်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ရွေးချယ်ခန့်အပ်ခံရသူ မစ္စတာ ဝီတစ် မွန်တာဘွန် (Vitit Muntarbhorn) အနေနဲ့ လိင်စိတ်ကိုင်းညွတ်မှုနှင့် လိင်ဝိသေသခံယူမှုအပေါ် အခြေခံသော ခွဲခြားဆက်ဆံမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့် ကိုင်တွယ်မှုတွေကို ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။

မစ္စတာ ဝီတစ် မွန်တာဘွန် (Vitit Muntarbhorn) ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ချူလာလောင်ကွန်း တက္ကသိုလ်က နိုင်ငံတကာ ဥပဒေများဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်ပြီး သူဟာ အရင်ကလည်း ကုလသမဂ္ဂအဖွဲ့ကြီးကနေ ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေမှာလည်း ပါဝင်ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ၎င်းအပြင် မြောက်ကိုးရီးယားအရေး၊ ကလေးသူငယ်များအား လိင်ကျေးကျွန်ပြုမှု၊ ကလေးညစ်ညမ်းစာပေ၊ ရုပ်သံထုတ်လုပ်မှုတွေနဲ့ ပတ်သက်လို့လည်း အထူးစုံစမ်းစစ်ဆေးရေး အရာရှိ (special rapporteur) တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ လူ့အခွင့်အရေးကောင်စီအနေနဲ့ မစ္စတာ ဝီတစ် မွန်တာဘွန် (Vitit Muntarbhorn) ကို အခုလို ခန့်အပ်လိုက်တာဟာ သမိုင်းဝင် လုပ်ဆောင်ချက်ဖြစ်ပြီး ကမ္ဘာ့ဒေသ အသီးသီးမှာရှိတဲ့ LGBT တွေ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို လုပ်ဆောင်ရာမှာ ပိုမိုပြီး အာရုံစိုက် လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း Human Rights Watch အဖွဲ့ကြီးရဲ့ ဒါရိုက်တာဖြစ်သူ John Fisher က ပြောဆိုခဲ့ပါတယ်။

International Lesbian, Gay, Bisexual, Trans and Intersex Association (ILGA) အဖွဲ့ကြီးရဲ့ ဒါရိုက်တာဖြစ်သူ Renato Sabbadin ကလည်း ကုလသမဂ္ဂရဲ့ အခုလို လုပ်ဆောင်ချက်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ LGBTI တွေအတွက် တရားမျှတမှုတွေကို ဖော်ဆောင်ရာမှာ များစွာအထောက်အကူ ဖြစ်စေနိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

မစ္စတာ ဝီတစ် မွန်တာဘွန် (Vitit Muntarbhorn) ဟာ လူ့အခွင့်အရေးကောင်စီရဲ့ လိင်စိတ်ကိုင်းညွတ်မှုနဲ့ လိင်ဝိသေသခံယူမှုတွေအပေါ် အခြေခံသော ခွဲခြားဆက်ဆံမှုများဆိုင်ရာ အထူးကျွမ်းကျင်သူ လူ့အခွင့်အရေးအရာရှိအဖြစ် သုံးနှစ်တာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.