FIGHTING TOMMY RILEY

နောက်ထပ် တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ အလွမ်းအကြမ်းလေးတွေနဲ့ ခပ်သွက်သွက်လေးရှိမယ့် ဇာတ်ကားလေးကို ရွေးထားပါတယ်။ ဒီကားလေးဟာလည်း ၂၀၀၄ ခုနှစ်ကတည်း ထုတ်ခဲ့တာဆိုတော့ အတော်ကြာပြီလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဟောင်းပေမယ့်လည်း ကောင်းနေဆဲ ဇာတ်ကားလေးပဲ ဖြစ်မှာပါလို့ ဆိုချင်ပါတယ်။

ဒီဇာတ်ကားလေးရဲ့ အမည်ကတော့ Fighting Tommy Riley လို့ ပေးထားပါတယ်။ ဖိုက်တင်ပါတယ်ဆိုတော့ နည်းနည်းတော့ ကြမ်းမှာပေါ့နော်။ ဒါပေမဲ့ နှလုံးသားက နုပါတယ်လို့…။ ဒီဇာတ်ကားရဲ့ အကျဉ်းချုပ်လေးကတော့ ဂေး လက်ဝှေ့နည်းပြဆရာတစ်ယောက်နဲ့ သင်တန်းသားလက်ဝှေ့သမားတစ်ယောက်ကြားက ချစ်ခြင်းမေတ္တာဖွဲ့ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

Marty Goldberg ဟာ ဂေးတစ်ယောက်ဖြစ်ပြီး မရိမ်းတပ်သားဟောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ တပ်က ထွက်ပြီး အခုအခါမှာတော့ အထက်တန်းကျောင်းဆရာတစ်ယောက်အနေနဲ့ အလုပ်လုပ်နေပါတယ်။ နောက်ပြီး Diane လို့ အမည်ရတဲ့ မိန်းမတစ်ယောက်နဲ့ အတူတွဲပြီး ဘောင်စင်ကလပ်တစ်ခုကိုလည်း ဖွင့်လှစ်ထားပါတယ်။ တကယ်တော့ Marty Goldberg ဟာ အလွယ်တကူ ဒေါသထွက်တတ်ပြီး ညဘက်တွေဆိုရင်လည်း အိပ်ပျော်လေ့ မရှိပါဘူး။ သူဟာ စိတ်ကျ ရောဂါကိုလည်း ခံစားနေရတဲ့သူတစ်ယောက် ဖြစ်တော့ သူဟာ ဒီအခြေအနေကို ဆေးသောက်ပြီးပဲ တိုးတိုးတိတ်တိတ် ဖြေရှင်းနေခဲ့တာ ဖြစ်ပါတယ်။ တက်လမ်းအတွက် ရေသာမခိုဘဲ ကြိုးစားနေရင်း မိမိဖြစ်တည်မှုကြောင့် အသိအမှတ်ပြု မခံရတဲ့အပြင် အပိတ် အဆို့ အတားအဆီးတွေနဲ့ ကြုံရတဲ့အခါ ဖြစ်ရိုးဖြစ်စဉ် အခြေအနေမျိုးတွေ ဖြစ်ပါတယ်။ LGBT တွေ အနေနဲ့ ဘယ်လောက်ပဲ တော်နေပါစေ၊ ဘယ်လောက်ကြိုးစားကြိုးစား မိမိရဲ့ ကြိုးစားအားထုတ်မှုတွေဟာ ဖြစ်တည်မှု တစ်ခုကြောင့် အဆုံးတစ်နေ့ သဲထဲရေသွန်သလို ဖြစ်ရလေ့ ရှိပါတယ်။

ဒီလိုနဲ့ တစ်ရက်မှာတော့ သူ့ရဲ့ စီးပွားဖက်ပါတနာဖြစ်သူ Diane ဟာ သူ့ကို အစွမ်းအစရှိတဲ့ လက်ဝှေ့သမားတွေ ရှာဖွေကင်းထောက်ဖို့ အားကစားရုံတစ်ခုဆီ ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာ တွေ့တော့တာပါပဲ။ marty Goldgerg ဟာ Tommy Riley ဆိုတဲ့ လူငယ်လက်ဝှေ့သမားလေး တစ်ယောက်ကို တွေ့သွားခဲ့ပါတယ်။ တစ်ကယ်တော့ Tommy Reiley ဟာ အလားအလာရှိသူ တစ်ယောက်ဖြစ်တယ်ဆိုတာ မှန်ပေမယ့် လောလောဆယ်မှာတော့ စိတ်ဓာတ်တွေကျပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးနေသူတစ်ယောက် ဖြစ်ပါတယ်။ Tommy Riley ဟာ အရင်က သူ့ပုထွေးနဲ့ လက်ဝှေ့လေ့ကျင့်ခဲ့ဖူးပြီး အိုလံပစ်ပြိုင်ပွဲ လက်ရည်စစ်ပွဲတွေအထိ ပါဝင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ Tommy Riley ဟာ သူ့ရဲ့ ပုထွေးနဲ့ အဆင်မပြေတာတွေ ဖြစ်လာခဲ့ပြီး တစ်နေ့မှာ ကလပ်ကနေ ကန်ထုတ်ခံလိုက်ရပါ တယ်။ Tommy Riley ဟာ စိတ်ဓာတ်တွေကျပြီး ချစ်သူနဲ့ပါ အဆင်မပြေတာတွေ ဖြစ်လာခဲ့ပါတယ်။

ဒီလိုနဲ့ Marty Goldberg ဟာ Tommy Riley ကို သဘောကျပြီး လက်ဝှေ့ စတင်လေ့ကျင့်ပေးပါတော့တယ်။ လက်ဝှေ့လေ့ကျင့်ရင်း ရက်တွေကြာလာတာနဲ့အမျှ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာလည်း တဖြည်းဖြည်း နီးကပ်သထက် နီးကပ်လာပါတယ်။ ဒါပေမဲ့ Marty Goldberg ဟာ သူ ဂေးဖြစ်တယ်ဆိုတာကိုတော့ မပြောပြထားပါဘူး။ ဒီအပေါ်မှာ Marty Goldberg ဟာ ဘယ်လောက်အထိ သူ့လိင်စိတ်ခံယူမှုကို ဖုံးထားနိုင်ပါ့မလဲ။

တစ်ရက်မှာတော့ မကြာခင်မှာ ယှဉ်ပြိုင်ရမယ့် လက်ဝှေ့ပြိုင်ပွဲတစ်ခုအတွက် Marty Goldberg ဟာ Tommy Riley ကို တောထဲက စခန်းတစ်ခုဆီ ခေါ်သွားပြီး လက်ဝှေ့လေ့ကျင့်စေပါတယ်။ တောထဲမှာ ရက်အတော်များအထိတော့ သူတို့ရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေဟာ ပုံမှန်စီစဉ်ထားတဲ့အတိုင်း အားလုံး ချောချောမွေ့မွေ့နဲ့ လည်ပတ်နေပါတယ်။ ဆရာတပည့်ကြားက ဆက်ဆံရေးဟာလည်း ပုံမှန်ရင်းနှီးမှုအတိုင်းအတာပဲ ရှိပါသေးတယ်။ ဒီအခြေအနေဟာ မကြာခင် မှာပဲ ပြောင်းလဲဖို့ အကြောင်းဖန်လာပါတယ်။ တစ်ရက်သား ထုံးစံအတိုင်း လေ့ကျင့်မှုအပြီးမှာ Marty Goldberg ဟာ Tommy Reiley ကို အကြောတွေပြေလျော့အောင် လုပ်ပေးနေတုန်း Marty Goldberg ရဲ့ စိတ်တွေဟာ ခဏတာအတွင်း လွတ်ထွက်သွားခဲ့ပါတယ်။ Marty Goldberg ဟာ Tommy Reiley အပေါ်မှာ သာယာမိပါပြီ။ Marty Goldberg ရဲ့ အပြုအမူအပေါ် Tommy Reiley ဟာ သတိထားမိသွားပြီး အံ့ဩတုန်လှုပ်သွားစေခဲ့ပါတယ်။ ဒါပေမဲ့လည်း Marty ဟာ သူ့ရဲ့အပြုအမူ အပေါ် ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့ပြီး Tommy Reiley ကလည်း ဒီကိစ္စကို သာမန် မတော်တဆကိစ္စရပ်တစ်ခု အဖြစ်နဲ့သာ သဘောထားလိုက်တဲ့အတွက် နှစ်ဦးနှစ်ဖက် ပြေလည်သွားခဲ့ပါတယ်။ ဒါပေမဲ့ Tommy Reiley ဟာ Marty Goldberg ဘာလဲဆိုတာ သိသွားပါပြီ။

နည်းပြကြီး Marty ရဲ့ အကူအညီနဲ့ သူဟာ ပြိုင်ပွဲမှာ ထိပ်ဆုံးကနေ ဦးဆောင်လာနိုင်ခဲ့တာနဲ့အမျှ တစ်ရက်မှာ သူ့ထံ ကမ်းလှမ်းမှုတစ်ခု ရောက်လာခဲ့ပါတယ်။ ဒေါ်လာတစ်သန်းပေးမယ်။ ဒါပေမဲ့ လက်ရှိနည်းပြဖြစ်သူအစား တခြားတစ်ယောက်ယောက်နဲ့ လက်တွဲရမယ်။ Marty ဟာ ဂေးတစ်ယောက်ဖြစ်နေတဲ့အတွက် Tommy ရဲ့ အောင်မြင်မှုလမ်းကြောင်းမှာ မသင့်တော်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုပြီး လက်ဝှေ့ပွဲစားဖြစ်သူက အကြောင်းပြပါတယ်။ ဒါပေမဲ့ Tommy က Marty နဲ့သာ ဆက်လက်တွဲခွင့်မရဘူးဆိုရင် ဒီကမ်းလှမ်းချက်ကို လက်မခံနိုင်ဘူးလို့ ငြင်းပယ်လိုက်ပါတယ်။ Marty ကလည်း လက်ဝှေ့ပွဲစီစဉ်သူ ပွဲစားဖြစ်သူရဲ့ ကြိုတင်တောင်းဆိုချက်တွေပါဝင်တဲ့ ကမ်းလှမ်းချက်အသစ်နဲ့ Tommy ရဲ့ ရှေ့ခရီးအောင်မြင်မှုအကြား ရွေးရခက်နေတဲ့ အခြေအနေကို သိသွားပါတယ်။ Marty ဟာ Tommy အဖို့ ကမ်းလှမ်းချက်အသစ်ကို လက်ခံဖို့ နည်းအမျိုးမျိုး ကြိုးစားရင်းကနေ နောက်ဆုံး အချင်းချင်း သတ်ပုတ်တဲ့အဆင့်ထိ ရောက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာ Marty နဲ့ Tommy ကြားမှာ နောက်ထပ် မထင်မှတ်ဘဲ ဖြစ်လာတဲ့ အမှားတွေကတော့…

ရိမ်းဘိုး ရုပ်ရှင်ချစ်ပရိသတ်တွေကိုယ်တိုင်ပဲ ဒီဇာတ်ကားလေးကို ကြည့်ရှုပြီး ခံစားကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.