အိန္ဒိယမှာ ပုဒ်မ (၃၇၇) ကို ပြန်လည်ဆန်းစစ်ဖို့ တရားလွှတ်တော် တရားရုံးက ဆုံးဖြတ်လိုက်ပြီ

အိန္ဒိယနိုင်ငံမှာ လိင်တူချင်းဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ်သတ်မှတ်အရေးယူနိုင်တဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၇၇)ကို ပြန်လည် စစ်ဆေးကြားနာမှုတွေ လုပ်တော့မယ်လို့ သိရပါတယ်။

အိန္ဒိယတရားလွှတ်တော် တရားရုံးကနေ ဇန်နဝါရီလ (၈) ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ကြေညာချက်အရ အဆိုပါ ပုဒ်မ (၃၇၇) အား ပြန်လည်စစ်ဆေးကြားနားမှုကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ မတိုင်ခင်မှာပဲ ပြုလုပ်ဖွယ်ရာရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာလိုပဲ ဗြိတိသျှကိုလိုနီလက်ထက် (၁၆) ရာစုနှစ်လောက်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ မျက်မှောက်ခေတ် ရာဇသတ်ကြီးဥပဒေမှာပါရှိတဲ့ ပုဒ်မ (၃၇၇) ဟာ လိင်တူချင်း လိင်ဆက်ဆံမှုကို သဘာဝမကျတဲ့ လိင်ဆက်ဆံမှုအဖြစ် သတ်မှတ်ထားပြီး ထောင်ဒဏ်တစ်သက်အထိ အပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

တရားလွှတ်တော်အနေနဲ့ ပုဒ်မ (၃၇၇) ကို ပြန်လည်ဆန်းစစ်ဖို့ ဆုံးဖြတ်ရတာဟာ ၂၀၁၃ ခုနှစ် တစ်နှစ်တည်း မှာတင် လိင်တူချင်းဆက်ဆံတဲ့အတွက် လူပေါင်း (၂၀၀) ထက်မနည်းဟာ ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ကြရတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

လိင်တူချင်းဆက်ဆံမှုအား ရာဇဝတ်မှုအဖြစ် သတ်မှတ်အရေးယူနိုင်တဲ့ ပုဒ်မ (၃၇၇) ကို ရာဇဝတ်မှုကနေ ပယ်ဖျက်ဖို့ လှုပ်ရှားမှုတွေဟာ ဆယ်စုနှစ်တစ်စုစာလောက်ကတည်းက ရှိနေခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ နယူးဒေလီ အထက်တန်းတရားရုံးက ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၇၇) ဟာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံနဲ့ ဆန့်ကျင် ဘက် ဖြစ်နေတယ်ဆိုပြီး စတင်ပယ်ဖျက်ခဲ့ပါတယ်။

ပုဒ်မ (၃၇၇) ဖျက်သိမ်းရေး တက်ကြွလှုပ်ရှားသူတွေက ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၇၇) ဟာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၂၁) မှာ ဖော်ပြထားတဲ့ နိုင်ငံသားတွေရဲ့ တစ်သီးပုဂ္ဂလဆိုင်ရာ လွတ်လပ်မှု အခွင့်အရေးတွေနဲ့ ဆန့်ကျင်ကွဲလွဲနေတယ်လို့ ထောက်ပြခဲ့ကြပါတယ်။ အစိုးရအနေနဲ့ နိုင်ငံသားများရဲ့ အသက်၊ စည်းစိမ် ဥစ္စာပိုင်ဆိုင်မှုနှင့် တစ်သီးပုဂ္ဂလလွတ်လပ်ခွင့်တွေကို သတ်မှတ်ဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း မဟုတ်မူ၍ မထိပါးရ ဘူးလို့ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၂၁) မှာ အခိုင်အမာဖော်ပြထားပါတယ်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၇၇) ဟာ LGBTIQ တွေကို ခြိမ်းခြောက်အကျပ်ကိုင် ငွေညှစ်ဖို့နဲ့ စိုးရိမ်ထိတ်လန့်မှု အကြောက်တရားတွေ ဖန်တီးဖို့ရာအတွက်သာ ဖြစ်တယ်လို့ ပုဒ်မ (၃၇၇) ဖျက်သိမ်းရေး တက်ကြွလှုပ်ရှားသူတွေက ထောက်ပြခဲ့ကြပါတယ်။

ဒါပေမဲ့လည်း နောက် (၄) နှစ်အကြာမှာတော့ တရားလွှတ်တော် တရားရုံးက နယူးဒေလီတရားရုံးရဲ့ စီရင်ချက်ကို ပယ်ဖျက်ပြီး ပုဒ်မ (၃၇၇) ကို ဥပဒေအဖြစ် ပြန်လည်ထားရှိဖို့ စီရင်ချက်ချခဲ့ပါတယ်။ ပုဒ်မ (၃၇၇) ဟာ တိုင်းပြည်ရဲ့ မဆိုစလောက် အရေအတွက်ရှိတဲ့ လူနည်းစုလောက်ကိုသာ အကျိုးသက်ရောက်မှုရှိစေတဲ့အတွက် တစ်သီးပုဂ္ဂလ လွတ်လပ်ခွင့်ဆိုင်ရာ အခြေခံအခွင့်အရေးတွေကို မျက်ကွယ်ပြုရာမရောက်ကြောင်း တရားလွှတ်တော် တရားရုံးချုပ်အနေနဲ့ ထိုစဉ်က ဆုံးဖြတ်ခဲ့ပါတယ်။

ပုဒ်မ (၃၇၇) ဖျက်သိမ်းရေး တက်ကြွလှုပ်ရှားသူတွေကတော့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၇၇) ကို LGBT တွေရဲ့ လိင်စိတ်ကိုင်းညွတ်မှု၊ လိင်မှုသဘာဝအပေါ် ပြစ်မှတ်ထား အရေးယူနိုင်တဲ့ ဥပဒေပုဒ်မအဖြစ် သတ်မှတ်မယ့်အစား ကလေး သူငယ်တွေအပေါ်မှာ လိင်အမြတ်ထုတ် စော်ကားသူတွေကို ကိုင်တွယ်ရာမှာ အသုံးပြုစေချင်ကြပါတယ်။ အိန္ဒိယနိုင်ငံမှာ ၂၀၁၅ ခုနှစ် တစ်နှစ်တည်းမှာပင် ကလေးသူငယ်တွေအပေါ် လိင်အမြတ်ထုတ်စော်ကားတဲ့ အမှုပေါင်း (၁၀၀၀) ကျော် ဖြစ်ပွားခဲ့ကြောင်း ၎င်းတက်ကြွလှုပ်ရှားသူများက ထောက်ပြဝေဖန်ခဲ့ပါတယ်။

လိင်စိတ်ကိုင်းညွတ်မှု မတူကွဲပြားတဲ့အပေါ်မူတည်ပြီး ခွဲခြားတာဟာ တစ်သီးပုဂ္ဂလ လူသားတစ်ဦးချင်းစီရဲ့ လူသားဂုဏ်သိက္ခာနဲ့ တန်ဖိုးထိုက်မှုကို ဆိုးရွားစွာ ထိုးနှက်တိုက်ခိုက်ရာရောက်ကြောင်း၊ လူအများစုရဲ့ နှစ်သက်လိုလားမှုက မည်သို့ပင် ဖြစ်နေပါစေ လူနည်းစုဖြစ်တဲ့ အခြားသူတွေရဲ့ တစ်သီးပုဂ္ဂလလူသားဆိုင်ရာ လွတ်လပ်ခွင့်တွေကို အစိုးရက ကာကွယ်ပေးရမှာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

LGBT အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ တရားလွှတ်တော်ရဲ့ ယခုဆုံးဖြတ်ချက်ကို တန်းတူညီမျှမှု ရရှိရေးအတွက် အပြုသဘောဆောင်တဲ့ ကိစ္စအဖြစ် လက်ခံကြိုဆိုထားပါတယ်။
https://www.heraldgoa.in

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.