ယောက်ျားလျာ၊ မိန်းမလျာတွေကို မူလအခြေအနေတိုင်း ပြန်ဖြစ်အောင် ကုသပေးနိုင်မယ့်အစီအစဉ်ကို မလေးရှားမှာ မကြာခင်မှာ စတင်တော့မည်

Transgender တွေကို မူလမွေးရာပါ လိင်သဘာဝအတိုင်း ခံယူပြုမူနေထိုင်တဲ့သူဖြစ်အောင် ကုသပေးနိုင်မယ့် အစီအစဉ်တစ်ရပ်ကို မလေးရှားနိုင်ငံရဲ့ ပြည်နယ်တစ်ခုမှာ မကြာခင် စီစဉ်ဆောင်ရွက်တော့မယ်လို့ ကြေညာလိုက်တဲ့ အတွက် LGBT အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကြားမှာ အထိတ်တလန့် ဖြစ်သွားစေခဲ့ပါတယ်။

မလေးရှားနိုင်ငံက တိရဂ္ဂနု (Terengganu) ပြည်နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်မယ့် ဒီအစီအစဉ်ဟာ Transgender အားလုံးကို အတင်းအကြပ် လုပ်ဆောင်မှာမဟုတ်ဘဲ ပြောင်းလဲလိုတဲ့ဆန္ဒရှိသူ Transgender အတွက်သာ အဓိကရည်ရွယ်တာ ဖြစ်တယ်လို့ အဆိုပါပြည်နယ်ရဲ့ အမှုဆောင်ကောင်စီဝင် တစ်ဦးဖြစ်သူ Ghazali Taib က ပြောကြား ကြောင်း Straight Time ရဲ့အင်တာနက် သတင်းစာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။

“အစိုးရက အတင်းအကြပ် ဆောင်ရွက်မှာ မဟုတ်ဘူး။ သူတို့ ဘယ်လိုနေချင်လဲ။ အဲဒီအပေါ်မှာလိုက်ပြီး အကောင်းဆုံး ရွေးချယ်မှုဖြစ်အောင် လမ်းကြောင်းပေး ဆောင်ရွက်သွားမှာ ဖြစ်တယ်” လို့ Ghazali Taib က ပြောဆိုခဲ့ပါ တယ်။

LGBT အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဒီအစီအစဉ်ကို စိုးရိမ်းမကင်းဖြစ်နေကြပြီး ဝေဖန်မှုတွေ လည်း ရှိနေပါတယ်။ အစိုးရအနေနဲ့ ဒီအစီအစဉ်ကို Transgedner တွေရဲ့ ကိုယ်ပိုင်ဆန္ဒအရသာ ဆောင်ရွက်မယ်လို့ ဆိုထားပေမယ့် ငြင်းဆန်တဲ့သူတွေဟာ ကျန်းမာရေး၊ လူမှုရေးတွေမှာ ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာစေလိမ့်မယ်လို့ Transgender အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Justice for Sister အဖွဲ့ကို တည်ထောင်သူ Thilaga Sulathireh က ထောက်ပြပါတယ်။

“အဲဒီအစီအစဉ်ကို ရောက်ပြီးလို့ နောက်တော့မှ မပြောင်းလဲနိုင်ဘူးလို့ ကိုယ့်ကိုယ်ကို ခံစားလာရတဲ့အခါကျရင် သူတို့ပတ်ဝန်းကျင်မှာ သူတို့ကိုယ်သူတို့ အပယ်ခံသူတွေလို စိတ်ထဲမှာ ခံစားနာကျင်လာကြမှာ” လို့ Nisha Ayub က ပြောပါတယ်။

ပြည်နယ်အစိုးရအနေနဲ့ ဒီအစီအစဉ်ကို ၂၀၁၈ ခုနှစ်အတွင်းမှာ စတင်နိုင်ဖို့မျှော်မှန်းထားပေမယ့်လည်း Trans-gender အရေအတွက်ကို ကောက်ယူစုဆောင်းမှုတွေ ပြုလုပ်ပြီးမှသာ စတင်နိုင်ဖွယ်ရာရှိတယ်လို့လည်း သိရပါတယ်။ မလေးရှားနိုင်ငံမှာ Transgender အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကို အစိုးရကနေ အတိအကျ သတင်းထုတ် ပြန်ထားတာမျိုး မရှိပေမယ့်လည်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်မှာ ခန့်မှန်းထားချက်အရ Transgender ဦးရေ (၂၄၀၀၀) လောက် ရှိတယ်လို့ သိရပါတယ်။
လူအများစုက မွတ်ဆလင်ဘာသာ ကိုးကွယ်တဲ့ မလေးရှားနိုင်ငံမှာ လိင်တူချင်း လိင်ဆက်ဆံတာကို တင်းကြပ်စွာ တင်းမြစ်ထားပြီး ပြစ်မှုထင်ရှားသူတွေကိုလည်း ကြိမ်ဒဏ်၊ ငွေဒဏ်တွေအပြင် ထောင်ဒဏ်အဖြစ် အနှစ် (၂၀)အထိ ချမှတ် အရေးယူနိုင်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားပါတယ်။

မလေးရှားနိုင်ငံဟာ LGBT တွေနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ကျင်းပပြုလုပ်တာတွေကိုလည်း တင်းကြပ်စွာ ပိတ်ပင်ထားရှိပါတယ်။ ၂၀၁၇ ခုနှစ်က မလေးရှားနိုင်ငံမှာ ကျင်းပဖို့စီစဉ်ထားတဲ့ LGBT ပွဲတော်ဟာလည်း မလေးရှားနိုင်ငံ အစိုးရရဲ့ ပိတ်ပင်တားဆီးမှု၊ အစ္စလာမ်အစွန်းရောက်တွေရဲ့ ခြိမ်းခြောက်ဟန့်တားမှုအမျိုးမျိုးကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။ ထိုစဉ်က မလေးရှားအစိုးရဟာ ၎င်း LGBT ပွဲတော်ဖြစ်မြောက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူတွေလို့ သံသယရှိတဲ့ သူ အားလုံးကိုလည်း တင်းကြပ်စွာ စောင့်ကြည့်မှုတွေ လုပ်ခဲ့ကြပြီး နိုင်ငံတကာက လာမည့် LGBT အရေး လှုပ်ရှားသူတွေ ကိုလည်း ပြည်ဝင်ခွင့်တွေ ကန့်သတ်ခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ်ကလည်း မလေးရှားနိုင်ငံဟာ Beauty and Beast ဇာတ်ကားကို လိင်တူအချစ်ကိုပြတဲ့ ပြကွက်တွေ ပါဝင်နေတဲ့အတွက် ပြသခွင့်ပိတ်ပင်ခဲ့ပါတယ်။

LGBT တွေဟာ သဘာဝတရားကို ဆန့်ကျင်နေ တဲ့သူများဖြစ်ကြောင်းလည်း မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဖြစ်သူ Zahid Hamidi ကိုယ်တိုင် Straight Times နဲ့ Sun Daily သတင်းဌာနတွေကို ပြောဆိုခဲ့တာ ရှိခဲ့ပါတယ်။ မလေးရှားနိုင်ငံ မှာ LGBT တွေအပေါ် မုန်းတီးရှံရှာမှုကို အခြေခံတဲ့ တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာ တွေဟာ အစိုးရ ကိုယ်တိုင် အလိုတူအလိုပါ ကျောထောက်နောက်ခံ ပြုထားတဲ့အတွက်ကြောင့် ဖြစ်နေရတယ်လို့လည်း Human Rights Watch အဖွဲ့ကြီးက ဝေဖန်ခဲ့ပါတယ်။

LGBT တွေအပေါ် ရွံရှာမုန်းတီးမှုတွေဖြစ်စေမယ့် သတင်းအချက်အလက်တွေ ပြန့်ပွားအောင် အစိုးရကိုယ်တိုင်က လုပ်ဆောင်ခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းက မလေးရှားကျန်းမာရေးဌာနကနေ ဦးစီးပြီး Transgender တွေနဲ့ လိင်တူချင်း ချစ်တာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုကို ထင်ဟပ်ပြသနိုင်တဲ့ ရုပ်ရှင်ဇာတ် လမ်းတိုများ ပြိုင်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်း ဝေဖန်မှုတွေ များလာတဲ့အခါကျမှသာ အဆိုပါပြိုင်ပွဲကို ပုံစံအနည်းငယ် ပြောင်းလဲပြီး ကျင်းပခဲ့ပါတယ်။

လိင်တူချစ်သူတွေအပေါ် မုန်းတီးရှံရှာတိုက်ခိုက်မှုတွေဟာ မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း သိသိသာသာ တိုးလာခဲ့တယ်လို့ LGBT အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကလည်း ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.