လိင်တူချင်း လက်ထပ်ခွင့်ဥပဒေကို ပြဋ္ဌာန်းပြီးလို့ တနှစ်မကြာခင်မှာပဲ ပြန်လည်ရုပ်သိမ်းတော့မယ် ဘာမြူဒါကျွန်းနိုင်ငံလေး

လိင်တူချင်း လက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုခဲ့ပြီးမှ မကြာခင်မှာပဲ အဆိုပါ အခွင့်အရေးကို ပြန်လည်ရုပ်သိမ်း တော့မယ်လို့ ဘာမြူဒါကျွန်းရဲ့ အစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မတ်လ (၂) ရက်နေ့က ဘာမြူဒါကျွန်းရဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်သူ Walton Brown က ထုတ်ပြန်ခဲ့တဲ့ ကြေညာ ချက်ထဲမှာ အစိုးရအနေနဲ့ လိင်တူချင်း လက်ထပ်ပေါင်းသင်းခွင့်အစား Domestic Partnership (အတူနေထိုင်ပေါင်းသင်းမှုကို တရားဝင် လက်ခံအသိအမှတ်ပြုမှု) အဆင့်ကိုသာ လက်ခံတော့မှာဖြစ်ပြီး အဲဒီအတွက် ဥပဒေကို ပြင်ဆင်ရေးဆွဲနေပြီ ဖြစ်တယ် လို့ ဖော်ပြထားပါတယ်။

Domestic Partnership ဥပဒေကို ပြဋ္ဌာန်းပြီးတာနဲ့ လက်ရှိတရားဝင် အသိအမှတ်ပြုထားတဲ့ လိင်တူချင်း လက်ထပ်ခွင့်ဟာ တရားဝင် ပျက်ပြယ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘာမြူဒါကျွန်းမှာ လက်ရှိ တရားဝင်တည်ရှိနေတဲ့ လိင်တူလက်ထပ်ခွင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မေလ (၅) ရက်နေ့ကမှ စတင်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် မေလ (၅) ရက်နေ့မှာ ဘာမြူဒါကျွန်း တရားလွှတ်တော် တရားရုံးက လိင်တူ ချင်း လက်ထပ်ခွင့်ကို ခွင့်ပြုကြောင်း စီရင်ဆုံးဖြတ်ချက်ခဲ့ပါတယ်။ ထိုစဉ်က အစိုးရကလည်း တရားလွှတ်တော်တရားရုံးရဲ့ စီရင်ချက်ကို မလိုက်နာစရာ အကြောင်းမရှိဘူးလို့ တရားဝင်ပြောဆိုခဲ့ပြီးတဲ့နောက် ဘာမြူဒါကျွန်းမှာ လိင်တူချင်း လက် ထပ်ခွင့်ဟာ တရားဝင် စတင် ဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း အခုအခါမှာတော့ အစိုးရရဲ့ လက်ရှိကြေညာချက်ကြောင့် ဘာမြူဒါကျွန်းရဲ့ လိင်တူချင်း လက်ထပ်ခွင့်ဟာ ပြန်လည်ပျက်သုဉ်းသွားတော့မှာ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်အရ လက်ရှိတည်ရှိနေတဲ့ လိင်တူချင်း လက်ထပ်ခွင့်ဟာ ၂၀၁၈ ခုနှစ် မေလ (၁၁) ရက်နေ့အထိ တရားဝင် တည်ရှိနေဦးမှာဖြစ်ပြီး မေလ (၁၂) ရက်နေ့ကစပြီး Domestic Partnership အဖြစ် စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။

ဘာမြူဒါကျွန်းအစိုးရရဲ့ ဒီကြေညာချက်ကြောင့် လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို အံ့အားသင့်စေခဲ့ပြီး ပြင်းထန်တဲ့ ဝေဖန်မှုတွေ ထွက်လာခဲ့ပါတယ်။ ဘာမြူဒါကျွန်းမှာ လက်ရှိတည်ရှိနေတဲ့ လိင်တူချင်း လက်ထပ်ခွင့်ကို Domestic Partnership ဥပဒေနဲ့ အစားထိုးမယ့် အစိုးရရဲ့အစီအမံဟာ LGBT တွေကို ဒုတိယတန်းစားနိုင်ငံသားအဖြစ် သတ်မှတ်လိုက်ရာ ရောက်နေစေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

လိင်တူချင်း လက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုခဲ့ပြီးမှ ပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တဲ့ အစိုးရရဲ့ လုပ်ရပ်ကြောင့် ဘာမြူဒါ ကျွန်းကို ကမ္ဘာအလယ်မှာ အရှက်ရစရာ ဖြစ်စေခဲ့တယ်လို့ Human Rights Campaign Global အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူ Ty Cobb က ဝေဖန်ခဲ့ပါတယ်။

ဂါးဒီးယန်းသတင်းစာကလည်း ဘာမြူဒါအစိုးရရဲ့ လက်ရှိဆုံးဖြတ်ချက်ကြောင့် ဘာမြူဒါကျွန်းနိုင်ငံကို လိင်တူချင်း လက်ထပ်ခွင့် ခွင့်ပြုပြီးမှ ပြန်လည်ရုပ်သိမ်းတဲ့ ကမ္ဘာ့ပထမဦးဆုံးနိုင်ငံအဖြစ် ရေးသားခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဖြစ်သူ Walton Brown ကတော့ အစိုးရရဲ့ ဒီဆုံးဖြတ်ချက်ဟာ လက်ရှိ တည်ဆဲဖြစ်တဲ့ လိင်တူချင်း လက်ထပ်ခွင့်ဥပဒေကြောင့် အငြင်းပွားပြီး ရင်ကြားစေဖို့ အခက်အခဲဖြစ်နေကြတဲ့ လူ့အဖွဲ့အစည်းနှစ်ရပ်ကြားမှာ မျှချေ တစ်ရပ်ဖြစ်လာစေဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.