“A Simple Love Story ” , ဒါရိုက်တာ မနှင်းပပစိုး (Can Dal)

၂၀၁၉ ခုနှစ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ပြသဖို့ ရွှေးချယ်ခံခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ဒါရိုက်တာ မနှင်းပပစိုး (Can Dal) ရိုက်ကူးခဲ့တဲ့ “A Simple Love Storyပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာ Can Dalက ၂၀၁၇ ခုနှစ်မှာ စတင်ရိုက်ကူးခဲ့တာ ဖြစ်သလို ရိုက်ကူးပြီးစီးတဲ့ နှစ်မှာပဲ ၂၀၁၇ခုနှစ် ဝဿန်ရုပ်ရှင်ပွဲတော်မှာ Best Documentary Film Award ဆုကို ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် ပြည်တွင်းရုပ်ရှင်ပွဲတော်တွေမှာလည်း အကြိမ် ကြိမ် ပြသခံခဲ့ရတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒါကြောင့် ဒါရိုက်တာ Can Dalကို ဇာတ်ကား ဖြစ်ပေါ်လာပုံနဲ့ နိုင်ငံတကာမှာ ပြသသွားမယ့် ရုပ်ရှင်ပွဲတော်တွေအကြောင်း မေးမြန်းတင်ဆက်လိုက်ပါတယ်။

မေး- မင်္ဂလာပါ အစ်မ။

ဖြေ- မင်္ဂလာပါ။

မေး-အစ်မ ရိုက်ကူးထားတဲ့ “A Simple Love Story ” ရုပ်ရှင်ဇာတ်ကားကို ဒီနှစ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ပြသဖို့ ဖိတ်ခေါ်ခံရတယ်လို့ ကြားပါတယ်။ ဘယ်နိုင်ငံတွေလည်းဆိုတာ သိပါရစေ။

ဖြေ-ဒီနှစ်ထဲမှာ ဖိတ်ခေါ်ခံခဲ့ရတာကတော့ လန်ဒန်နဲ့ အစ္စရေးနိုင်ငံ ရုပ်ရှင်ပွဲတော်တွေမှာပါ။ လန်ဒန်မှာ ကျင်းပမယ့် ‘Queer’Asia Film Festivalနဲ့ အစ္စရေးရဲ့ (၁၄)ကြိမ်မြောက် Tel Aviv International LGBT Film Festival ပွဲ တွေမှာပါ။ အစ္စရေးပွဲတော်ကတော့ Film Maker ကိုပါ တက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။

မေး-“A Simple Love Story”ကိုပဲ နိုင်ငံနှစ်ခုမှာ ဘယ်အချိန်လောက် ပြသသွားမလဲ။ 

ဖြေ- လန်ဒန်မှာ ကျင်းပမယ့် Asia Queer Films Festival ကတော့ ဇူလှိုင် (၁၅)ရက်ကနေ (၁၈)ရက် အထိပါ။ အစ္စရေးရဲ့ Tel Aviv International LGBT Film Festival ကတော့ ဇွန်လ(၅)ရက်ကနေ (၁၅)ရက် အတွင်းလို့ သိရပါတယ်။

မေး- ဒီဇာတ်ကားလေးက ပြည်တွင်းမှာလည်း ဆုရထားသေးတယ် ကြားတယ်။ ဘယ်လို ဆုအမျိုးအစားတွေ ရရှိခဲ့ပါသလဲ။

ဖြေ- ဟုတ်ကဲ့။ ဒီဇာတ်ကားက ပြည်တွင်းမှာတော့ ၂၀၁၇ခုနှစ်က ဝဿန်ရုပ်ရှင်ပွဲတော်မှာ Best Documentary Film Award ဆုကို ရရှိထားပါတယ်။

မေး- နောက် ပြည်တွင်းနဲ့ အခြားနိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာလည်း ပြသခံရတယ်ဆိုတော့ ဘယ်ပွဲတွေမှာ ပြသခဲ့ပါသေးသလဲ။

ဖြေ- ပြည်တွင်းမှာတော့ ၂၀၁၇ခုနှစ်က ဝဿန်ရုပ်ရှင်ပွဲတော်၊ ထိုင်းမှာက Mini ဝဿန်ပွဲတော်၊ ၂၀၁၈ခုနှစ် &PROUD ပွဲတော်နဲ့ ၂၀၁၈ခုနှစ် အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ Bangalore Queer Film Festival မှာ ပြသခဲ့ပါတယ်။

မေး- ဒီဇာတ်ကားကို ဘယ်လို စိတ်ကူးမျိုးနဲ့ ရိုက်ကူးဖြစ်ခဲ့တာလဲ။

ဖြေ- အစ်မက Colors Rainbow က သင်ကြားပေးတဲ့ Rainbow Reels သင်တန်းကို ၂၀၁၆ ခုနှစ်က စတက်ခဲ့တယ်။ သင်တန်းတက်တော့ ဇာတ်ကားရိုက်ကြမယ် ဆိုတဲ့အချိန် အစ်မ စဉ်းစားတယ်။ ရိုက်ဖို့ ဇာတ်ကောင်တွေ ရွှေးတဲ့အခါ နောက်ဆုံး သူငယ်ချင်းနှစ်ယောက်ကို မြင်မိတယ်။ တစ်ယောက်က Transgender အမျိုးသမီး၊ တစ်ယောက်က Transgender အမျိုးသားပေါ့။ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက ထူးဆန်းနေတယ်။ သူတို့နှစ်ယောက်ရဲ့ ပတ်သက် ဆက်နွယ်မှုကလည်း အစ်မတို့အတွက် ထူးဆန်းနေတယ်။ LGBT အသိုင်းအတွင်းမှာလည်း စဉ်းစားစရာ တစ်ခုလို ဖြစ်နေတယ်ပေါ့။ ဒါကြောင့် နန်းသဇင်နဲ့ ပိုင်စိုးစံကို ရိုက်ဖို့ စိတ်ကူးရခဲ့တာပါ။ ဒီကားလေးကို ၂၀၁၇ခုနှစ်မှာ ရိုက်ဖြစ်ခဲ့တာပါ။

မေး- ဒီဇာတ်ကားကို စရိုက်ခဲ့တဲ့ အချိန်မှာ စိန်ခေါ်မှုတွေ ရှိခဲ့ရင် ပြောပြပေးပါ။

ဖြေ- အစ်မ မန္တလေးမှာ Miss ပြိုင်ပွဲကို အရင်သွားရိုက်တော့ ဝင်ခွင့်မရတဲ့ အခက်အခဲတွေ ကြုံတယ်။ အစ်မတို့ စင်နောက်ထိ ဝင်ခွင့်မရဘူး။ တားမြစ် ခံရတာတွေ ရှိတယ်။ လက်မှတ်ဝယ်ပေမယ့် စင်နောက်ကို ခွင့်တောင်းပေမယ့် သွားလို့ မရခဲ့တာတွေ ရှိတယ်။ ခက်ခက်ခဲခဲ ရိုက်ခဲ့ရတယ်ပေါ့။

မေး- ဒီဇာတ်ကားမှာ အစ်မအနေနဲ့ ဘယ်လို Message ပေးထားပါသလဲ။

ဖြေ-အဓိက လူလူခြင်း ချစ်တာပဲ။ ဘာမှ Gender တွေ၊ စည်းတွေ ဘာမှ မရှိဘူး။ ဘာကြီးကို ရည်ရွယ်ပြီး ရိုက်တယ်လို့တော့ မဟုတ်ဘူး။

မေး- အခုလို ကိုယ်ပထမဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားက ဆုတွေရသလို အခုလို နိုင်ငံတကာ ရုပ်ရှင်ပွဲတွေမှာလည်း ဖိတ်ကြားပြသခံရတော့ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ဘယ်လို ခံစားရသလဲ။

ဖြေ- ပြသခွင့် ရတဲ့အပေါ် ဝမ်းသာပါတယ်။ အဓိက အားလုံး ကြိုးစားကြတယ်။ ဒီကားက အစ်မတစ်ယောက်တည်း ကြိုးစားလို့၊ ကောင်းလို့ ရခဲ့တဲ့ကား မဟုတ်ပါဘူး။ အစ်မကို ပံပိုးပေးနေတဲ့ ဆရာတွေကြောင့် ကားကောင်းတစ်ခု ဖြစ်လာတာပါ။ ဒီကားက နိုင်ငံတကာ ပတ်နေတာပဲဖြစ်ဖြစ် မြန်မာပြည်မှာ ပတ်နေတာပဲဖြစ်ဖြစ် အများကြည့်ရှု့တဲ့အခါ တစ်ခုခုရသွားတာက အစ်မအတွက် အောင်မြင်မှုပါ။ ဒီအောင်မြင်မှုကလည်း အစ်မတစ်ယောက်ထဲ အောင်မြင်မှုလို့ မမှတ်ပါဘူး။

မေး- နောက်ပိုင်းမှာ ဘယ်လို ဇာတ်ကားမျိုးတွေ ဆက်လက် ရိုက်ကူးသွားဖို့ ရည်ရွယ်ထားသလဲ။

ဖြေ-အစ်မအနေနဲ့ အဓိကကတော့ LGBT နဲ့ သက်ဆိုင်တဲ့ ဇာတ်ကားမျိုးတွေပဲ ရိုက်ကူးဖြစ်မယ်လို့ ထင်တယ်။ နောက်တစ်ခုကတော့ ရိုက်ကူးခွင့် ရခဲ့မယ်ဆိုရင်တော့ LGBT နဲ့ ပတ်သက်တဲ့ ဇာတ်ကားတွေ ဖန်တီးချင်ပါတယ်။

မေး- ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ- အစ်မအနေနဲ့လည်း အခုလို မေးမြန်းတင်ဆက်ပေးတဲ့ Colors Rainbow ကိုလည်း အထူး ကျေးဇူးတင်ပါတယ်။

                                                                                                                                                        

                                                                                                                                                          ကြယ်စင်လင်း

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.