LGBT တွေအဖို့ အချစ်အတွက် ခေါင်းနဲ့ကိုယ် အိုးစားကွဲသွားမယ့်အဖြစ်မျိုး အင်ဒိုနီးရှားနိုင်ငံမှာ ရောက်လာတော့မလား

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်အနေနဲ့ လူသတ်မှုလို ကြီးလေးတဲ့ ပြစ်မှုမျိုးတွေကို ခေါင်းဖြတ်ပြီး အရေးယူ ကွပ်မျက်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ပြည်နယ်အစိုးရတာဝန်ရှိသူတွေဟာ အစ္စလာမစ် ရှရီယာဥပဒေနဲ့ လူ့အခွင့်အရေးရုံးထံ ဆက်သွယ်ပြီး ရှရီယာ ဥပဒေအရ ခေါင်းဖြတ်ကွပ်မျက်မှုနဲ့ ပတ်သက်ပြီး သိလိုတဲ့အချက်တွေကို မေးမြန်းလာခဲ့တာဟာ ဟုတ်မှန်ကြောင်း ၎င်းရုံးရဲ့ ဥက္ကဌဖြစ်သူ Syukri M. Yusuf က ဝန်ခံခဲ့တယ်လို့ ABC News သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အာချေးပြည်နယ်ဟာ ဘာသာရေးနဲ့ နိုင်ငံရေး မရောဘဲ သီးသန့်ခွဲခြားပြီး အုပ်ချုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အစ္စလာမစ် ရှရီယာဥပဒေ ပြဋ္ဌာန်းကျင့်သုံးတဲ့ တစ်ခုတည်းသော ပြည်နယ်ဖြစ်ပါတယ်။ အာချေးပြည်နယ်ဟာ အစ္စလာမစ် ရှရီယာဥပဒေကို ၂၀၀၁ ခုနှစ်မှာ စတင်ပြဋ္ဌာန်းကျင့်သုံးခဲ့ပါတယ်။

အာချေးပြည်နယ်ဟာ အစ္စလာမ်ရှရီယာ ဥပဒေကို အစ္စလာမ်ဘာသာဝင်တွေအပြင် တခြားဘာသာဝင်တွေအပေါ် မှာလည်း ကျင့်သုံးလာတာကိုလည်း တွေ့ရပါတယ်။ အာချေးပြည်နယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း Gay လူငယ် (၂) ဦးကို ရှရီယာဥပဒေအရ လူအများမြင်ကွင်းရှေ့မှာ ကြိမ်လုံးနဲ့ရိုက်ပြီး အပြစ်ပေးခဲ့ပါတယ်။

၎င်းအပြင် ယခုနှစ် အစောပိုင်း ဇန်နဝါရီလကလည်း Transgender အမျိုးသမီး (မိန်းမလျာ အပွင့်မ) ၁၂ ဦးကို ဖမ်းဆီးပြီး ဦးပြည်းကတုံးရိတ်ပြီး အပြစ်ပေးခဲ့ပါတယ်။ LGBT တွေရဲ့ လူ့အဖွဲ့အစည်းရဲ့ ကင်ဆာဆဲလ်တွေ ဖြစ်တယ်လို့ မြောက်အာချေးဒေသ ရဲဌာနရဲ့ အကြီးအကဲဖြစ်သူ Ahmad Untung Surianata က ပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မွတ်ဆလင်လူဦးရေ အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း လိင်တူချင်း ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် ဥပဒေတွေ တရားဝင်ပြဋ္ဌာန်းထားခြင်းမရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

သို့သော်လည်း မကြာသေးခင် နှစ်တွေအတွင်း LGBT တွေအပေါ် နှိပ်ကွပ်မှုတွေ၊ တားမြစ်မှုတွေ တောက်လျှောက်ဖြစ်လာခဲ့တဲ့အတွက် LGBT တွေအတွက် စိုးရိမ်စရာ ဖြစ်လာနေပါတယ်။ လူထုအပေါ် ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်တွေ၊ အစိုးရတာဝန်ရှိသူတွေ ကိုယ်တိုင် LGBT တွေနဲ့ ပတ်သက်ပြီး ထိပါးပုတ်ခတ် ပြောဆိုလာတာတွေဟာလည်း ရှိလာနေပြီး လိင်တူချင်း ဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ တောင်းဆိုမှုတွေဟာလည်း ရှိလာနေပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.