LGBT တွေ သမိုင်းသိစေဖို့အတွက် (TDoR) အခမ်းအနားကို ဖော်ထုတ်ကျင်းပရတာဖြစ်တယ်လို့ Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်း ပြော

LGBT တွေ သမိုင်းသိစေဖို့အတွက် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲခံယူနေထိုင်သူတွေကို အောက်မေ့သတိရဖွယ် ဆုတောင်းပွဲ (TDoR) အခမ်းအနားကို ဖော်ထုတ်ကျင်းပရတာဖြစ်တယ်လို့ Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အဆိုပါ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

 “လိင်တူခြင်းချစ်တဲ့သူတွေအပေါ်မှာ အထင်အမြင်မှားဖို့အတွက် လိုသလို ဘာသာပြန်ထားသော ယဉ်ကျေးမှု၊ ထုံးထမ်းစဉ်လာ၊ ဓလေ့တွေ၊ ဘာသာရေးဆိုင်ရာ အစွဲတွေက ကျွန်တော်တို့အပေါ်မှာ အမြဲတမ်း အန္တရာယ်ရှိနေတာ တွေ့ရပါတယ်။ ဥပဒေပိုင်းအရ အန္တရာယ်ရှိသလို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေမှာလည်း ကြုံတွေ့နေရတယ်။ သူတို့တွေကိုလည်း မေ့လို့မရဘူး။ LGBT တွေအနေနဲ့ သမိုင်းသိမှ မအ မှာဖြစ်လို့ မအဖို့ သမိုင်းသိအောင် ဒီလိုမျိုးနေ့ကြီးကို ဖော်ထုတ်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးကတော့ နိုင်ငံပေါင်းများစွာ ကမ္ဘာနိုင်ငံအသီးသီးမှာ လိင်တူခြင်းချစ်တာကြောင့် သေဆုံးခဲ့သူတွေ အထူးသဖြင့် ဆန့်ကျင်ဘက်ကဲ့သို့ ဝတ်စားဆင်ယင်မှုကြောင့် အကြမ်းဖက်ခံသေဆုံးခဲ့တဲ့ Transgender အမျိုးသား၊ အမျိုးသမီးများကို အထူးဦးစားပေး အသိအမှတ်ပြု လုပ်ဆောင်တာ ဖြစ်ပါတယ်”လို့ Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့မှာ ကျရောက်တဲ့ TDoR အခမ်းအနားပွဲကို ရန်ကုန်မြို့ရှိ စိမ်းလန်းစိုပြည်ပန်းခြံမှာ ဆုတောင်းဆီမီးမျောပွဲကို LGBTတွေအပါအဝင် LGBTရဲ့ မိသားစုဝင်တွေပါ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။

“ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်စားဆင်ယင်တဲ့သူတိုင်း အများအမြင်မှ LGBT လို့ သိသာထင်ရှားတဲ့သူတိုင်း အမြဲတမ်းစော်ကားခံရတယ်၊ နှိပ်စက်ခံရတယ်၊ သတ်ဖြတ်ခံရတာ ရှိပါတယ်။ ဒါပေမဲ့ ၁၉၉၈ ခုနှစ်မှာ ရီတာဟက်ဟစတာ(Rita Hester) သတ်ဖြတ်ခံရတဲ့နေ့ကစပြီးတော့ အမေရိကန်မှာရှိနေတဲ့ လိင်တူချစ်သူအရေးတက်ကြွ လှုပ်ရှားသူတွေကနေပြီးတော့ နိုဝင်ဘာ(၂၀)ရက်နေ့တိုင်းကို သတ်ဖြတ်ခံရတဲ့ Transgender တွေကို အောက်မေ့သတိရဖွယ် ဆုတောင်းပွဲဆိုပြီး လုပ်ဆောင်ခဲ့ကြတာပါ”လို့ Kings N Queens အဖွဲ့မှ  ဒေါ်မြတ်နိုးဖြူက ပြောပါတယ်။

အဆိုပါပွဲတွင် Open Speak ကို Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်း၊ NTPAM မှ မယာယာတို့က ပြောကြားခဲ့ပြီး Kings N Queens အဖွဲ့က ဦးဆောင်၍ Colors Rainbow အဖွဲ့အပါအဝင် Equality Myanmar ၊ & Proud ၊ Top Center Myanmar ၊ LGBT Rights Network ၊ Rainbow Alliance နဲ့ National Transgender People Alliance of Myanmar (NTPAM)တို့မှ Boost Show ၊ ပြဇာတ်နဲ့ LGBT (၃)ဦးမှ ကိုယ်တွေ့ခံစားချက်တွေကို ပြောကြားခဲ့ကြပါတယ်။

“ဒီပွဲကို ကျွန်တော်တို့ ဒီနှစ်မှ တက်ဖူးတာပါ။ ဒီနေ့က ဆန့်ကျင်ဘင်လိင်လို ဝတ်ဆင်တဲ့သူတွေကို သတ်ဖြတ်ခံရတာတွေကို ပြန်ပြီး အောက်မေ့သတိရတဲ့ပွဲဆိုတော့ ကိုယ်လည်း Transgender အမျိုးသားဖြစ်တဲ့အတွက် စိတ်လည်း ဝင်စားတယ်၊ ဝမ်းလည်း ဝမ်းနည်းတယ်။ Transgender အမျိုးသားတွေကို ဒီလိုလုပ်တဲ့အတွက်ကြောင့်မို့ ပါဝင်ရမယ်ဆိုတဲ့ အသိကြောင့် ဒီပွဲကိုတက်ဖြစ်တာပါ”လို့ အင်းစိန်မြို့နယ်မှ Transgender အမျိုးသား ကိုရှိုင်းက ပြောပါတယ်။

အခုလို Transgender Day of Remembrance အခမ်းအနားကို မြန်မာနိုင်ငံမှာ (၈)ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ယခုနှစ်တွင် အနယ်နယ်အရပ်ရပ်က LGBT အရေးတက်ကြွလှုပ်ရှားသူတွေကလည်း ဆုတောင်းပွဲအသီးသီး ကျင်းပခဲ့ကြပါတယ်။

Transgender Day of Remembrance(TDoR)နေ့ဆိုတာ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲခံယူနေထိုင်သူတွေကို မုန်တီးသူတွေရဲ့ ညှင်း ပန်းနှိပ်စက် သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ ကမ္ဘာတစ်လွှားက Transgender တွေကို အောက်မေ့သတိရတဲ့ နေ့ရက်တစ်ခုဖြစ်ပြီး ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့ အမေရိကန်နိုင်ငံ၊ မက်ဆက်ချူဆက်ပြည်နယ်၊ သြောစတန်မြို့က ဆန့်ကျင် ဘက်လိင်လို ပြောင်းလဲခံယူနေထိုင်သူ ရီတာဟက်ဟစတာ (Rita Hester)ကို ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့အချိန်ကစပြီးတော့ အခုလိုပွဲကို စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.