LGBT ရသစာရေးဆရာတစ်ဦးဖြစ်သူ အညိုနှင့် တွေ့ဆုံမေးမြန်းခြင်း

မင်္ဂလာပါဆရာ… ပထမဆုံးအနေနဲ့အညိုဆိုပြီး စာပေလောကထဲ ဘယ်လို ရောက်လာဖြစ်ခဲ့တယ်ဆိုတာလေးကို အားလုံး သိရအောင် ပြောပြပေးပါခင်ဗျား။

ပထမဆုံး ကျွန်တော် Facebook မှာ အပျော်တမ်းအနေနဲ့ ခံစားချက်လေးတွေကို ရေးတယ်ပေါ့နော်။ နောက်ပိုင်းကျတော့ သူငယ်ချင်းတွေကနေ စာလေးရေးပါလားဆိုပြီး အားပေးရင်းနဲ့ တစ်ရက်ကျတော့ ကျွန်တော် တွေးထားတာလည်း မရှိဘူး၊ အလုပ်သွားရင်းနဲ့ ရထားပေါ်မှာ အညိုဆိုတဲ့ Sex worker တစ်ယောက်အကြောင်း အပိုင်းတိုလေးကို ရေးလိုက်တယ်။ Facebook ပေါ်မှာ တင်လိုက်တဲ့အခါမှာ စာဖတ်သူတွေ အရမ်းကြိုက်ကြပြီး Share တဲ့သူတွေလည်း အများကြီး Share ကြတယ်။ စာဖတ်တဲ့သူတွေက ဆက်ရေးပါဆိုပြီး ပြောလာတော့ ကျွန်တော် အဲဒါနဲ့ ပေါ့ပေါ့တန်တန် ဒီအတိုင်းရေးလို့ မဖြစ်တော့ဘူးလေဆိုပြီး တစ်ကယ် Sex worker တွေ အလုပ်လုပ်တဲ့နေရာတွေမှာ သွားပြီးလေ့လာတယ်။ အပိုင်းတိုတွေကို ကျွန်တော် ဆက်ရေးတာပေါ့။ ဖတ်တဲ့သူတွေလည်း တအားများလာတယ်။ အဲဒါနဲ့ပဲ အဲဝတ္ထုလေးပေါက်သွားပြီး လူတွေ တော်တော်များများ ကြိုက်သွားကြတယ်။ နောက်ပိုင်းလည်း ကျွန်တော် စိတ်ကူးမိတဲ့ ရသဝတ္ထုတိုတွေကို ဆက်ရေးဖြစ်တယ်။ ရေးရင်းနဲ့ Facebook ပေါ်မှာ ကျွန်တော်ကို အရမ်းခင်တဲ့အစ်မတွေက စာဆက်ရေးဖို့ တိုက်တွန်းရင်း page လေးတစ်ခု လုပ်ပေးခဲ့တယ်။ Page အတွက် နာမည်ကိုစဉ်းစားတော့ ကျွန်တော်ရေးထားတဲ့ အညိုဆိုတဲ့ ဝတ္ထုနာမည်ကလည်း ပေါက်ထားတော့ အဲဒီနာမည်နဲ့ပဲ ကျွန်တော့် pageလေးကို အညိုဆိုပြီး နာမည်ပေးလိုက်တယ်။

အဲဒီမှာ နောက်ထပ်ဝတ္ထုတိုလေးတွေ ရေးရင်းနဲ့ အဲဒီအစ်မတွေထဲကပဲ စာအုပ်ထုတ်ပေးမယ်လို့ ဖြစ်သွားတာ။ အဲဒီအချိန်က ကျွန်တော်လက်ထဲမှာ ဝတ္ထုတိုလေး (၇)ပုဒ်လောက်ပဲ ရှိသေးတယ်။ ကျွန်တော် ဆက်ရေးတော့ သူတို့က စောင့်ပေးတယ်။ နောက်ဆုံးတော့ အညိုရဲ့ အညိုဆိုတဲ့ ဝတ္ထုတိုလေး ထုတ်ဖြစ်သွားတာ။ မမျှော်လင့်ပဲနဲ့ အဲစာအုပ်လေး လည်း ပေါက်သွားတာပေါ့။ အဲဒီကနေပြီးတော့ နောက်ထပ် စာအုပ်တစ်အုပ် ထပ်လုပ်ဖို့ ဖြစ်သွားပြီး ကလောင်အမည်လည်း အညိုဖြစ်သွားတာ။ ပြောရရင်တော့ ဒီအစ်မတွေကြောင့် စာရေးဖြစ်ခဲ့တယ်ပေါ့။

အညိုဆိုတဲ့ ဝတ္ထုလေးကို ဘယ်လို ရေးဖြစ်ခဲ့တာလဲ။

ကျွန်တော်က ငယ်ငယ်တုန်းက တော်တော်ဆင်းရဲတဲ့ ပတ်ဝန်းကျင်မှာ ကြီးခဲ့ရတယ်။ ဆင်းရဲတဲ့ဘဝက လာခဲ့ရ တော့ ဆင်းရဲသားဘဝရဲ့ မွန်းကြပ်တဲ့ခံစားချက်ကို ကျွန်တော် ကောင်းကောင်းသိတယ်။ အဲဒါကြောင့် ဆင်းရဲလို့ ထွက်ပေါက် မရှိခဲ့ဘဲ ဘဝပျက်သွားတဲ့ မိန်းကလေးတစ်ယောက်ရဲ့အကြောင်းကို ရေးတာပေါ့နော်။ သူက မိဘကိုလည်း ပြုစုစောင့် ရှောက်တယ်။ ဒီလိုမျိုးဘဝကနေလည်း သူဘယ်လိုနည်းနဲ့ ရုန်းထွက်ခဲ့ရသလဲဆိုတာကို message (သတင်းစကား) ပေးချင်တာပေါ့နော်။

ဆရာရဲ့ဝတ္ထုတွေထဲမှာ ပြည့်တန်ဆာတွေရဲ့အကြောင်းကို နောက်ခံထားပြီး တော်တော်လေး ရေးနိုင်တာကို တွေ့ရတော့ သူတို့တွေရဲ့ ဘဝနဲ့ ခံစားမှုကိုပေါ်လွင်အောင် ရေးနိုင်ဖို့ ဆရာ ဘယ်လိုမျိုး လေ့လာခဲ့သလဲ။

အညိုကိုရေးတော့ သူတို့တွေ အလုပ်လုပ်တဲ့ ကားမှတ်တိုင်မှာ သွားလေ့လာဖြစ်ခဲ့တယ်။ အဲဒီမှာ သူတို့တွေ စကားပြောတာကို နားထောင်တယ်။ သူတို့ရဲ့အပြုအမူ စရိုက်လဏ္ခဏာတွေကို ကြည့်တယ်။ သူတို့တွေ ယောင်္ကျားတွေကို ဘယ်လိုမြူဆွယ်ပြီး သူတို့ကို ခေါ်ချင်အောင် စကားတွေ ဘယ်လိုပြောလဲဆိုတာကို ရှေ့ပိုင်းမှာလည်း ကျွန်တော် မြင်ဖူးထားတယ်။ နောက် သူတို့ရဲခေါင်းနဲ့ စကားသွားပြောပြီးတော့ သူတို့လို လူတန်းစားတွေရဲ့ဘဝအကြောင်းကို ကျွန်တော် သိသလောက် နည်းနည်းလည်း ရေးချင်ပါတယ်၊ နှိမ့်ချဖို့မဟုတ်ဘူးဆိုတာကို ရှင်းပြပြီး သိချင်တာတွေ ကျွန်တော်မေးတာပေါ့။

ကျွန်တော့်ပတ်ဝန်းကျင်မှာ ဘဝစုံတယ်။ လူတန်းစားစုံတယ်။ အဲလိုမျိုး ဘဝတွေထဲမှာ သူတို့ဘဝလေးတွေ (Sex-worker) ဟာ သနားစရာ အကောင်းဆုံးပဲ။ သူတို့တွေက မဖြစ်စလောက် ငွေလေးတွေနဲ့ ရပ်တည်နေရတယ်။ ရပြီဆို ခေါင်းကို ပြန်ပေးရတယ်။ သူတို့တွေက အသက်နဲ့ရင်းပြီး လုပ်နေရတယ်။ ကားမှတ်တမ်းမှာ ရပ်နေရတာ သူတို့လည်း အရမ်းရှက် မှာပဲ။ သူတို့မှာ ဒီည အဆင်ပြေပါ့မလားဆိုတဲ့ စိတ်ဖိစီးမှုရှိတယ်။ ဒါပေမဲ့ ဒီအလုပ်လုပ်မှ သူတို့ အဆင်ပြေမှာဆိုတော့ ကြိုးတန်းမှာ လမ်းလျှောက်နေရသလိုပါပဲ။ တချို့ သူတို့နဲ့ ဆက်ဆံတဲ့ယောင်္ကျားတွေ ပိုက်ဆံမပေးချင်ကြဘူး။ ရိုက်နှက်တာလည်း ခံရတယ်။ ဒါပေမဲ့ သူတို့ လုပ်ရတာပဲ။ တစ်ချို့က ဒီလိုဘဝကိုမေ့ထားပြီး ပျော်ပျော်ပဲ လုပ်နေတာလေးတွေလည်း ရှိတယ်။ တစ်ချို့က ယောင်္ကျားရှိတယ်။ ဒါပေမဲ့ ဒီအလုပ်တွေလုပ်မှ ဖြစ်မယ့်အခြေအနေတွေ ဖြစ်နေတယ်။ အဲကြောင့် သူတို့တွေကို ကျွန်တော် အရမ်းသနားတယ်။

ကျွန်တော် အခြောက်ဆိုပေမယ့် ယောင်္ကျားတစ်ယောက်ကို မြင်လို့ရှိရင် ဟီးဟီး ဟားဟား လုပ်တာမျိုး၊ ဣန္ဒြေပျက်တာမျိုး၊ ဒိတ်လုပ်တာမျိုးတွေ ကျွန်တော် မလုပ်ဘူး။ ယဉ်ယဉ်ကျေးကျေးနေတယ်။ သိမ်သိမ်မွေ့မွေ့ နေတယ်။

ပြောခဲ့ကြတာတွေက အညိုအကြောင်းပေါ့နော် ဆရာ။ အညိုရဲ့နောက်ကွယ်က နောက်ထပ်အကြောင်းလေးကိုလည်း မေးပါရစေဆရာ။ အညိုမတိုင်ခင်က ကိုယ့်ကိုယ်ကို Gay တစ်ယောက်အဖြစ် ဘယ်လိုသိခဲ့တာလဲ။

ကျွန်တော် ငယ်ငယ်တုန်းကနေတော့ ဒီလိုပျော့ပျော့ပြောင်းပြောင်း နေခဲ့တယ်။ အိမ်မှာလည်း မိန်းမတစ်ယောက် လို နေခဲ့တယ်။ လုံးဝမိန်းကလေးတစ်ယောက်လို နေတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သပ်သပ်ရပ်ရပ် ဝတ်ဆင်ပြီးတော့ လှလှ ပပနေတာပေါ့။ ကျွန်တော် (၁၀)တန်း ဖြေပြီးတဲ့နောက်ပိုင်းမှာ မိန်းကလေးရည်းစားတစ်ယောက် ထားဖြစ်ခဲ့တယ်။ အဲအချိန် ထိ ကျွန်တော် ကိုယ့်ကိုယ်ကို Gay တစ်ယောက်ဆိုတာ မသိခဲ့ဘူး။ နောက်ပိုင်း ကျွန်တော်အလုပ်မှာ လူတစ်ယောက်ကို တွေ့တယ်။ တစ်ယောက်နဲ့တစ်ယောက် အနေနီးလာတယ်။ကျွန်တော်တို့ တဖြည်းဖြည်း ငြိတွယ်လာခဲ့တယ်။ အဲအချိန်မှာပဲ ကျွန်တော် ကိုယ်ဘာဆိုတာ သိလိုက်တာပေါ့။ ကျွန်တော် မိန်းကလေးရည်းစားကို ကျွန်တော်ဖြစ်ပေါ်နေတဲ့ အခြေအနေကို ကောင်းကောင်းမွန်မွန်ပြောပြီး လမ်းခွဲလိုက်တယ်။ ကျွန်တော် Gay တစ်ယောက်ဆိုတာကို ကိုယ့်ကိုယ်ကို လက်ခံလိုက် တယ်။ ဒါပေမယ့် ကျွန်တော် ဘယ်သူ့ကိုမှ မပြောဘူး။ ကျွန်တော်တို့ငယ်ငယ်တုန်းက ဒီလိုမျိုး အခြောက်ဆိုလူတွေ တော်တော်မုန်းသီးကြတယ်။ အခုခေတ်စကားနဲ့ပြောရရင် အပုန်းပေါ့။ အပုန်းဘဝနဲ့ ကျွန်တော်နေတာပေါ့နော်။ နောက်ပိုင်းကျတော့ ကျွန်တော် ဖွင့်ပြောလိုက်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ “ကျွန်တော် Gay ဆိုပေမယ့် ငါ့မိသားစုကို ငါ ကြည့်တယ်။ ငါ့ဘဝကို အကောင်းဆုံးဖြစ်အောင် ထိန်းကျောင်းတယ်။ ငါ့ဖာသာငါ ရပ်တည်တယ်။ Gay ဖြစ်နေလို့ ပတ်ဝန်းကျင်ကို ငါ ဒုက္ခမပေးဘူး။ ငါ နိုင်သလောက် ကူညီတယ်။ Gay ဖြစ်နေလည်း ငါ့ကို လိုအပ်တဲ့သူက ချစ်မှာပဲ” ဆိုပြီး ကျွန်တော် Gay ဆိုတာကို ကြေညာလိုက်တယ်။ သူများက ကိုယ့်ကိုလာပြောရင် “ဟုတ်တယ် ကျွန်တော်အခြောက်၊ ကျွန်တော် Gay ဟုတ်တယ်” လို့ဝန်ခံတယ်။ ဒါပေမယ့် ကျွန်တော် အခြောက်ဆိုပေမယ့် ယောင်္ကျားတစ်ယောက်ကို မြင်လို့ရှိရင် ဟီးဟီး ဟားဟား လုပ်တာမျိုး၊ ဣန္ဒြေပျက်တာမျိုး၊ ဒိတ်လုပ်တာမျိုးတွေ ကျွန်တော် မလုပ်ဘူး။ ယဉ်ယဉ်ကျေးကျေးနေတယ်။ သိမ်သိမ်မွေ့မွေ့ နေတယ်။ ကျွန်တော့ဘဝကို စည်းကမ်းတစ်ခုနဲ့ ထိန်းကျောင်းပြီးနေတယ်။ ဒါပါပဲ။

ဆရာက ကိုယ်တိုင်လည်း Gayတစ်ယောက်ဖြစ်နေတော့ LGBT နောက်ခံနဲ့ ဝတ္ထုတွေကိုကောရေးတာမျိုးတွေ ရှိလား။

ကျွန်တော်ရေးပါတယ်။ ဝတ္ထုတိုလေးတွေလည်း ရေးတယ်။ နောက်ပြီး ကြယ်တို့သည်ပင် ကြွေတတ်သည် ဆိုတဲ့ ဝတ္ထုရှည်တစ်ပုဒ်ကိုလည်း ရေးထားတာရှိပါတယ်။ အဲဒီစာအုပ်က စက်တင်ဘာလလောက်က ထွက်ထားတယ်။ နောက်ထပ် ကြိုကြာကြိုးကြားလည်း ဝတ္ထုတိုလေးတွေ ရေးဖို့ရှိပါသေးတယ်။

LGBT အသိုင်းအဝိုင်းထဲမှာ စာရေးတာကို ဝါသနာပါပြီး အားယူနေတဲ့သူတွေကိုကော ဆရာ ဘယ်လို လက်ဆောင်စကားမျိုး ပါးချင်ပါသလဲ။

Gay လောကထဲမှာ တစ်ချို့စာရေးနေတဲ့သူတွေက တမျိုးစီ တော်ကြပါတယ်။ ဒါပေမယ့် တစ်ချို့က ယောကျာ်း နှစ်ယောက်ရဲ့အကြောင်းရေးမယ်ဆို Sex ကိစ္စအကြောင်းကို အသားပေးရေးကြတယ်။ ယောင်္ကျားနှစ်ယောက်ရဲ့ အချစ်ကို တင်ပြတယ်ဆိုတာ အိပ်ယာထက်ကကိစ္စကို တင်ပြမှသာ ပေါ်လွင်တဲ့ချစ်ခြင်း မဟုတ်ဘူး။ သူတို့တွေ ဘယ်လို ပေးဆပ်ခဲ့ ရတာ အအနစ်နာခံပြီး ချစ်ခဲ့တာဆိုတာကို သိမ်သိမ်မွေ့မွေ့နဲ့ ရေးမယ်ဆိုရင် လူတွေက ကိုယ့်ကို အမြင်ပြောင်းလဲလာမယ်။ ကိုယ်တွေ ဖြတ်သန်းရတဲ့ဘဝအပေါ် စာနာနားလည်လာနိုင်ပါတယ်။ Gay ဆိုတာ သူများတကာထက် အပြောအဆို အနေအထိုင်ပိုင်း ပိုပြီးဆင်ခြင်ရတယ်။ ကျွန်တော်တို့ ရေးလိုက်တဲ့အရေးအသားကို လူတစ်ယောက်က ဖတ်မိသွားရင် “ဟယ် ကြည့်စမ်း သူတို့က ဒါမျိုးအကြောင်းပဲ ရေးတတ်တယ် သူတို့စိတ်ထဲမှာ ဒါမျိုးပဲ ရှိတယ်”ဆိုတာမျိုး ဖြစ်သွားမှာ။ ကျွန်တော် တို့ အားလုံးကို အရမ်းအထင်သေးသွားမှာ။ အဲတော့ ကျွန်တော်တို့က ဒီ Sex မပါပဲ လူတွေကို ဘယ်လိုမျိုး သိမ်သိမ်မွေ့မွေ့ ပြရမယ်ဆိုတာမျိုး ရှိရမယ်။ SEX ကိစ္စဆိုတာ လူတိုင်းရှိပေမယ့် ဒါဟာ တစ်ချို့နေရာတွေမှာ hide လုပ်ထားသင့်ပါတယ်။ ကျွန်တော်တို့တွေဟာ LGBT မဟုတ်တဲ့ တခြားသူတွေလိုပဲ ချစ်တာရှိတယ်၊ မုန်းတာရှိတယ်၊ ဝမ်းသာတာ ရှိတယ်၊ ဝမ်းနည်းတာ ရှိတယ်၊ နာကြင်တာရှိတယ်၊ ကျွန်တော်တို့သူများတွေလို ဘဝကို ရုန်းကန်တယ်ဆိုတာသိအောင် ရေးရမယ်။ လက် လှမ်းမီသလောက် ဒီလိုလေးရေး၊ ဒီလိုလေးနေထိုင်ဆိုပြီး ကျွန်တော် အမြဲပြောပြလေ့ရှိတယ်။

ကြယ်တို့သည်ပင် ကြွေတတ်သည် ဆိုတဲ့ ဝတ္ထုစရေးတုန်းက တော်တော်များများ အပြောခံရတယ်။ ဒီလိုမျိုး Gay အကြောင်းရေးတာ မဖတ်ချင်ဘူး။ ခင်ဗျားက ရသစာရေးဆရာဖြစ်ပြီး ဒါမျိုးတွေ ရေးတာလူငယ်တွေအတွက် အဆိပ်အတောက် ဖြစ်တယ်ဆိုတာမျိုးပေါ့။ ဒီလိုမျိုးပေါ့ အကုန်လုံး ဝေဖန်ကြတာပေါ့။

ဆရာရေးတဲ့ LGBT နောက်ခံစာတွေကြောင့် စာဖတ်ပရိသတ်တွေဆီကနေ ဘယ်လိုမျိုး ဝေဖန်မှုတွေ ရှိခဲ့လဲ။

ကျွန်တော် ကြယ်တို့သည်ပင် ကြွေတတ်သည် ဆိုတဲ့ ဝတ္ထုစရေးတုန်းက တော်တော်များများ အပြောခံရတယ်။ ဒီလိုမျိုး Gay အကြောင်းရေးတာ မဖတ်ချင်ဘူး။ ခင်ဗျားက ရသစာရေးဆရာဖြစ်ပြီး ဒါမျိုးတွေ ရေးတာလူငယ်တွေအတွက် အဆိပ်အတောက် ဖြစ်တယ်ဆိုတာမျိုးပေါ့။ ဒီလိုမျိုးပေါ့ အကုန်လုံး ဝေဖန်ကြတာပေါ့။ ဒါပေမဲ့ ကျွန်တော် သူတို့ကို ပြောတာပေါ့နော်။ ကျွန်တော်ကို ဆက်ရေးခွင့်ပြုပါ။ အပိုင်း (၃)ထိ ရေးလို့မှ ဒီဟာ အဆိပ်အတောက်ဖြစ်နေရင် ကျွန်တော် လုံးဝ ဆက်မရေးတော့ဘူးလို့ ပြောတယ်။ အဲဒါနဲ့ အပိုင်း (၃) လောက် ရောက်သွားတဲ့အချိန်မှာ သူတို့ရဲ့အမြင်တွေ ပြောင်းလဲလာကြတယ်။ ကျွန်တော် သိမ်သိမ်မွေ့မွေ့ပဲ တင်ပြတယ်။ လူနှစ်ယောက် ချစ်တယ်၊ သူတို့တစ်ယောက်နဲ့တစ်ယောက် ဘယ်လို အနှစ်နစ်နာခံတယ်ဆိုတာမျိုးပဲရေးထားတယ်။ သူတို့ဟာ တခြားသောစုံတွဲတွေ လူတွေလိုပဲ ချစ်ခြင်းတရားကို ခံစားတတ်တယ်။ ကိုယ် ချစ်တဲ့သူအပေါ် အနစ်နာခံတတ်တယ်ဆိုတာမျိုး တင်ပြပေးပါတယ်။ တစ်ချို့စာဖတ်တဲ့ အစ်မတွေဆို သူတို့ ဒါမျိုး မထင်ထားဘူး။ ယောင်္ကျားနဲ့ယောင်္ကျားချစ်ကြတယ်ဆိုတာ Sex ကိစ္စကြောင့်ပဲ ပတ်သက်တယ်လို့ အဲလိုပဲ သူ့စိတ်ထဲ မှာ ထင်ထားတာပေါ့။ အဲလိုမျိုး စာဖတ်လိုက်တဲ့အတွက်ကြောင့် Gay တွေပေါ်မှာ မြင်တဲ့အမြင်လေးတွေ ပြောင်းလဲသွားတာပေါ့။ ဘာလို့လဲဆိုတော့ သူတို့လည်း လူပဲ၊ ချစ်တတ်တဲ့နှလုံးသား ရှိတယ်။ တိရိစ္ဆာန်မှာတောင်မှ ချစ်တတ်တဲ့ နှလုံးသားကို ခံစားတတ်ကြတာပဲ။ လူလူချင်းချစ်ကြတာ ဘာလို့ ချစ်လို့မရမှာလဲ။ သူတို့ဟာ ရောဂါသည်တွေ မဟုတ်ဘူး။ သူတို့မှာ ချစ်ပိုင်ခွင့်ရှိတယ်ဆိုတာ နားလည်လာကြတယ်။

ဆရာ Gay တစ်ယောက်ဖြစ်နေတဲ့အပေါ် မိသားစုကကော ဘယ်လိုမျိုး သဘောထားရှိလဲ။

ကျွန်တော် တစ်လောကလုံးကို ကြေညာလိုက်တယ် “ကျွန်တော် Gay ပါလို့” ။ ဒါပေမယ့် မိသားစုကိုတော့ ကျွန် တော် မပြောဘူး။ ကျွန်တော့်အောက်မှာ ညီလေးနှစ်ယောက် ရှိတယ်။ ကျွန်တော် အမေနဲ့ အတူနေတယ်။ ကျွန်တော်က မိသားတစ်စုလုံးကို ဦးဆောင်နေရတဲ့အတွက် ကျွန်တော်ပေါ်မှာ သူတို့ မလေးမစားဖြစ်သွားမယ်ဆိုတာမျိုး အမေ ကျွန်တော့် ကို စိုးရိမ်မှာစိုးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါ့သားဟာ ဒီလိုမျိုး ဖြစ်နေတယ်။ သူများတွေ သူ့ကို အနိုင်ကျင့်တော့မှာပဲ။ လူ့ အသိုင်းအဝိုင်းကနေ ဖယ်ခံရတော့မှာပဲ ဆိုတဲ့အတွေးနဲ့ သူ စိတ်ပင်ပန်းနေမှာမျိုး ကျွန်တော် မဖြစ်ခိုင်းစေချင်ဘူး။ ဒါကြောင့် ကျွန်တော် မပြောဘူး။ ဒါပေမဲ့ ကျွန်တော်ပုံစံကိုတော့ သိတယ်။ ကျွန်တော်က ကိုယ့်စည်းနဲ့ကမ်းနဲ့ နေတယ်။ မိသားစုကို ဦးဆောင်တယ်။ အဲကြောင့်မို့ သူတို့ ကျွန်တော်ပေါ်မှာ အတင်းကြပ်လုပ်တာမျိုး ဖိအားပေးတာမျိုး ထိန်းချုပ်တာမျိုး ဘာ တစ်ခုမျှ မရှိပါဘူး။ ပြောမယ်ဆို အေးဆေးပဲပေါ့နော်။ ကျွန်တော် နှုတ်က ဖွင့်မပြောဘူး။ ဒါပေမဲ့ သူတို့ သိနေတယ်။

ဆရာ့ရဲ့ LGBT ဝတ္ထုတွေကို အုပ်ချုပ်ရေးပိုင်းကနေ ထုတ်ဝေခွင့်မပေးပဲ တားမြစ်လာမယ်ဆိုရင် ဆရာ ဘယ်လိုလုပ်မလဲ။

သူတို့ လက်မခံတော့ သိမ်းလိုက်ရုံပဲရှိတာပေါ့။ ကျွန်တော်အဲလိုပဲစိတ်ထဲမှာထားတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့လုပ်ချင်တာ ချပြရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါမှလည်းသူတို့သိဖို့လိုတာပေါ့။ နောက်ပြီး LGBT ဆိုတာမျိုးက လမ်းမပေါ်မှာ ခလုတ်တိုက်ရင်တောင် တွေ့နိုင်တဲ့အရာမျိုး၊ သူတို့လေးတွေ အတုယူမမှားအောင်တော့ ကျွန်တော်တို့ ပြောပြ ရမှာပေါ့။ ကျွန်တော်တို့ message တွေထဲမှာ မသိမသာ ထည့်ပေးရမှာပဲ။ ဒီ LGBT စာပေကို LGBT က ဖတ်တာများမှာပဲ လေ။ အကျိုးနဲ့အကြောင်းကိုတော့ မသိမသာ ထည့်ပေးရမှာပဲ။

ဆရာ့ရဲ့စာဖတ်ပရိသတ်ကို ဘာများပြောချင်သေးလဲခင်ဗျား။

လူတစ်ဦးနဲ့တစ်ဦးရဲ့ အမြင်တွေကတော့ ဘယ်လိုမှ တူနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘယ်လိုပဲ စိတ်ထဲက မုန်းတီးပါစေ သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ စာနာစိတ်ကလေး ထားပေးကြပါ။ LGBT ဆိုပြီး မရွံပါနဲ့၊ မခွဲခြားပါနဲ့လို့ ပြောချင်ပါတယ်။ သူလိုကိုယ်လိုပဲ တန်ဖိုးထားပေးပါလို့ ပြောချင်ပါတယ်။

ခေတ်သစ်လူ စီစဉ်တင်ဆက်သည်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.