Transgender တွေ ဘေးကင်းလုံခြုံအောင် ဘယ်လိုနေထိုင်ကြမလဲ

၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့) မှာ ပခုက္ကူမြို့နယ်အတွင်း Transgender အမျိုးသမီးတစ်ဦး အသတ်ခံလိုက်ရခြင်းက LGBT တွေအနေနဲ့ စိုးရိမ်စရာပါ။ ဒီအတွက် ဘယ်ကမှားတယ်၊ ဘယ်ကမှန်တယ်ဆိုတာထက် ဒါကိုဘယ်လိုသင်ခန်းစာယူပြီး သတိပြုဆင်ခြင်သင့်လဲဆိုတာ LGBT အရေးလှုပ်ရှားသူများနဲ့ ဆွေးနွေးတာလေးကို ဖော်ပြပေးလိုက်ပါတယ်။

ဦးအောင်ကျော်စိုး
(တရားလွှတ်တော်ရှေ့နေ)

ပခုက္ကူ Transgender အမျိုးသမီး အသတ်ခံရမှုကိုကြည့်ရင် LGBT တွေအနေနဲ့ ကိုယ်ကလည်း ဥပဒေကိုလိုက်နာမှ မလိုက်နာရင် ဥပဒေရဲ့ အကျိုးဆက်ကဖြစ်မှာပဲ။ ကိုယ့်ရဲ့အခွင့်အရေးကိုတောင်းသလို ကိုယ့်ဘက်ကလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ်။ တာဝန်ယူမှုတာဝန်ခံမှုမှာ ဘာတွေရှိသေးလဲဆိုရင် နိုင်ငံသားတိုင်းက ဥပဒေကို လိုက်နာရမှာ။ များသောအားဖြင့် LGBT အများစုက ၇၀ ၊ ၇၅ ရာခိုင်နှုန်းက ဥပဒေနဲ့ပတ်သက်တယ်ဆိုရင် တော်တော်များများမသိကြဘူး။ မိတ်ကပ်နဲ့ပတ်သက်တယ်ဆိုရင် သိကြတယ်။ ဗဟုသုတ အသိပညာပိုင်း အရမ်းအားနည်းတယ်။ သူတို့တွေသည် စာဖတ်အားလည်းနည်းတယ်။ LGBT တွေအနေနဲ့ ဥပဒေပိုင်းဆိုင်ရာတွေကို အများကြီးသိရှိဖို့လိုတယ်။ အဲ့ဒါဆို အမှုကိစ္စက လျော့သွားမယ်။ အသက်ကိုကာကွယ်ဖို့က ဥပဒေက ပိုလုံခြုံတာပေါ့။


ကြည်ကြည်
(ပခုက္ကူမြို့ တမာမြေမှ တူညီသောတွဲလက်များ LGBT အဖွဲ့)

အခုဖြစ်သွားတဲ့ ပခုက္ကူ Transgender အမျိုးသမီး အသတ်ခံရမှုမှာ ဘယ်သူမှားလဲမှန်လဲ မပြောနိုင်သေးပါဘူး။ ကျွန်မတို့အမြင်ပြောရရင် Transgender အမျိုးသမီးတွေအနေနဲ့ အဓိက ညတွေထွက်တယ်ဆိုရင် ဂရုတစိုက်ထွက်ဖို့ပါ။ အခုဖြစ်သွားတာကလည်း သူရဲ့အိမ်နီးနားဆိုတော့ တကယ်တမ်းကိုယ့်ရဲ့အိမ်အနီးပတ်ဝန်းကျင်တောင်မှ မယုံရဘူးဆိုသလို ဖြစ်နေတယ်။ တစ်ခါတလေ Transgender အမျိုးသမီးတွေအပေါ်မှာ လူတွေရဲ့ အကျိုးသက်ရောက်မှု၊ တုံ့ပြန်မှုတွေက ပြောင်းလဲသွားတတ်တာတွေရှိတယ်။ ထွက်မယ်ဆိုရင် တစ်ယောက်တည်းမထွက်ဖို့ ညအချိန်မတော် အပြင်ထွက်တဲ့အခါ အဖော်တစ်ယောက်တော့ ခေါ်သွားသင့်တယ်။ ဘယ်သွားမယ်ဆိုတာ အတူနေတဲ့သူတွေကို အသိပေးခဲ့သင့်တယ်။ ဘာတွေစိုးရိမ်ရလဲဆိုရင်ဖြစ်သွားတဲ့ အမှုအပေါ်မှာ လူထုကကော LGBT တွေကပါ စိတ်ဝင်စားတယ်။ မေးမြန်းကျတယ်။ ကျွန်မတို့ကို မြို့ခံတွေက စိုးရိမ်တကြီးနဲ့ ညတွေဘာတွေ ဂရုစိုက်ကြဖို့ သတိတွေပေးကြပါတယ်။


မရှင်းသန့်
(LGBT အခွင့်အရေးလှုပ်ရှားသူ)

အဓိက ပခုက္ကူကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုကတော့ အများကြီးရှိတယ်။ အထူးသဖြင့် လူလူချင်းမုန်းတီးမှုပေါ့။ အထူးသဖြင့် ဆန့်ကျင်ဘက်လိင်လို ဝတ်စားဆင်ယင်တဲ့အတွက် မုန်းတီးလို့သတ်ဖြတ်တာပဲလို့ ယူဆတယ်။ နောက်ဘယ်လောက်ရင်းနှီးတဲ့ သူပဲဖြစ်ဖြစ် အထူးသဖြင့် ယောက်ျားလေးတွေအပေါ်မှာ ယုံကြည်မှုမလွန်ကဲစေချင်ဘူး။ ကိုယ်တွေက မိန်းမလျာတွေဖြစ်နေလို့ လက်မခံတဲ့လူတွေက အချိန်မရွေး ဒုက္ခပေးနိုင်တယ်။


ကိုအီတီ
(ရွှေဘိုမြို့ Beauty Queen LGBT အဖွဲ့ )

ပခုက္ကူအမှုအတွက် အကို့အမြင်ပြောချင်တာက LGBT တွေက တကယ်လူထူထပ်တဲ့နေရာတွေမှာလည်း အဖွဲ့နဲ့ အသင်းနဲ့သွားသင့်တယ်ပေါ့။ နောက်ပြီး LGBT တွေကိုယ်တိုင်ကလည်း အပြုအမူတွေ ပြောင်းလဲသင့်တယ်။ ဒါက သူတို့ရဲ့ အပြုအမူတွေ မဟုတ်တာတွေလည်းပါတဲ့အခါ သူတို့လေးတွေ မတရားသဖြင့် အသတ်ခံရတဲ့အထဲပါခဲ့တာပေါ။ တကယ်တမ်းအသင်းနဲ့ အဖွဲ့နဲ့သွားရမယ်။ သွားတဲ့အခါ နောက်ကျနေရင် အဖွဲ့ခေါင်းဆောင်ကို ဆက်သွယ်မယ်ဆိုရင်တော့ ဒီလိုတွေဖြစ်မလာဘူးလို့ ထင်ပါတယ်။


လမင်း
(Transgender အမျိုးသမီး)

ကျွန်မအနေနဲ့ Transgender အမျိုးသမီးတွေကလည်း ယောက်ျားလေးမြင်ရင် ကြိုက်တတ်တဲ့ အကျင့်တွေရှိတယ်လေ။ လူတိုင်းတော့ မဟုတ်ဘူး။ အကုန်သိမ်းကျုံး မပြောပါဘူး။ တချို့တချို့သောသူတွေကို ပြောတာပါ။ ညီမအနေနဲ့ ကိုယ်ကိုယ်တိုင်ကဆင်ခြင်မှ ပိုအဆင်ပြေလိမ့်မယ်လို့ မြင်တယ်။ ယောက်ျားတွေမြင်တိုင်း မငမ်းဖို့ရယ်၊ ယောက်ျားတွေကို အရမ်းမယုံဖို့ရယ်။ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ဘယ်လိုသွားလာနေထိုင်ဖို့ရယ်ကို ကျွန်မကတော့ သတိပြုမိလာတယ်။ ညီမတို့ဆိုရင် မြန်မာလို တိတိကျကျဝတ်တယ်။ ကိုယ်လည်း ခပ်တည်တည်နေတဲ့အခါ လမ်းသွားရင် မျက်လုံးငြိမ်ငြိမ်နေတဲ့အခါ ယောကျာ်းလေးတွေက သိပ်မစရဲဘူး။ ကိုယ်က Transgender တစ်ယောက်ဖြစ်လို့ သဘာဝကြီးကို လွန်ဆန်ထားပါတယ်ဆိုမှ ပရမ်းပတာတွေလျှောက်နေရင် ပရမ်းပတာပဲဖြစ်မှာပဲ။ Transgender တစ်ယောက်က ပစ္စည်းနည်းနည်းရှိလို့ ရွှေနဲ့ငွေနဲ့ပါသွားရင် အသက်အန္တရာယ်ရှိလာတယ်။ အခုနောက်ပိုင်း Sex ဖြစ်တာ မဟုတ်ဘဲနဲ့ ပစ္စည်းတွေလုတာမျိုးရှိတော့ နေရာတိုင်းမသွားဖို့လိုမယ်။ အသတ်ခံရတဲ့အမှုကို အမြင်ပြောရရင် Transgender တွေပေါ်မှာ တရားဥပဒေစိုးမိုးမှုနည်းနေတယ်လို့ထင်တယ်။ တမင်တကာ ခွဲခြားဆက်ဆံထားတယ်လို့ မြင်တယ်။

 

ကြယ်စင်လင်း
တင်ဆက်သည်

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.