LGBT တွေဟာလည်း လူထဲက လူပဲ ဖြစ်တဲ့အတွက် လူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတောင်းဆိုတာကို အားပေးထောက်ခံရုံမက လက်တွဲ ပူးပေါင်းလုပ်ဆောင်ဖို့လည်း အဆင်သင့်ပါပဲလို့ တနင်္သာရီအစိုးရ လူမှုရေးနဲ့ စည်ပင်သာယာရေးဝန်ကြီးက ပြောကြား

LGBT တွေဟာလည်း လူတွေထဲက လူပဲ ဖြစ်တဲ့အတွက် လူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတောင်းဆိုတာကို အားပေးထောက်ခံရုံမက လက်တွဲ ပူးပေါင်းလုပ်ဆောင်ဖို့လည်း အဆင်သင့်ပါပဲလို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လူမှုရေးနဲ့ စည်ပင်သာယာရေးဝန်ကြီးဖြစ်သူ ဦးဟိုပင်က ပြောကြားလိုက်ပါတယ်။

မေလ (၁၇) ရက်က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ရွံရှာမုန်းတီးမှုများအား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ (IDAHOT) အထိမ်းအမှတ် အခမ်းအနားမှာ လူမှုရေးနဲ့ စည်ပင်သာယာရေး ဝန်ကြီးဖြစ်သူ ဦးဟိုပင်က သူ့ရဲ့ မိန့်ခွန်းအတွင်း အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအနေနဲ့ လူတိုင်း အမျိုးသား၊ အမျိုးသမီး၊ LGBT တွေ မခွဲခြားပဲ လူ့အခွင့်အရေးတွေ ခံစားခွင့်ရရှိရေးကို လေးစားအသိအမှတ်ပြုပြီး ဖြည့်ဆည်းဆောင်ရွက်နေတယ်ဆိုပေမယ့်လည်း အခွင့်အရေးတွေနဲ့အတူ တွဲလျက်ပါရှိရမယ့် တာဝန်ယူမှု စိတ်ဓာတ်ကိုလည်း မေ့ထားလို့ မဖြစ်ကြောင်းကိုလည်း ဦးဟိုပင်က “အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ဆိုလို့ ဆန့်ကျင်ရေး လုပ်တယ်လို့ အထင်မမှားစေချင်ပါဘူး။ အစိုးရတစ်ရပ်အတွက် လူအခွင့်အရေးတာဝန်တွေဖြစ်တဲ့ လေးစားခြင်း (Respect)၊ ကာကွယ်ပေးခြင်း (Protect)၊ မြှင့်တင်ပေးခြင်း (Promote) နှင့် ဖြည့်စည်းပေးခြင်း (Fulfill) တို့ကို ဖော်ဆောင်နေသည့် အားလျှော်စွာ အမျိုးသမီး၊ အမျိုးသား၊ LGBT မခွဲခြားပဲ လူတိုင်းက လေးစားအသိအမှတ်ပြုဖို့ လိုပါတယ်။ အရေးကြီးတဲ့ အချက်လည်း ဖြစ်သလို မေ့ထားလို့မရတဲ့အချက်က အခွင့်အရေးနောက်မှာ ကပ်ပါနေရမယ့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာပဲ ဖြစ်ပါတယ်။ လူထဲက လူတွေဖြစ်တဲ့အတွက် လူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တောင်းဆိုတာဟာ ကျွန်တော်တို့အနေနဲ့ အားပေးထောက်ခံရုံမက လက်တွဲပူးပေါင်း လုပ်ဆောင်ဖို့လည်း အဆင်သင့်ပါ” လို့ သတိပေး ပြောဆိုခဲ့ပါတယ်။

ထို့အပြင် အမုန်းတရားတွေကို ဆန့်ကျင်ပြီး လူအချင်းချင်း ချစ်ခြင်းတရားတွေနဲ့ ငြိမ်းချမ်းသော လူ့ဘောင် လောကကြီးတစ်ခုကို အားလုံးရဲ့ အင်အားနဲ့ တည်ဆောက်ကြဖို့ကိုလည်း ဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ IDAHOT ပွဲ ကျင်းပလာတာ ယခုနှစ်ဟာ (၄) ကြိမ်မြောက်ရှိပြီဖြစ်ပြီး LGBT တွေရဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး အစိုးရဌာနဆိုင်ရာတွေရဲ့ ပူးပေါင်းပါဝင်လက်ခံလာမှုတွေဟာလည်း တဖြည်းဖြည်း အားကောင်းလာနေပြီ ဖြစ်တယ်လို့ အဆိုပါ IDAHOT ပွဲ ဖြစ်မြောက်ရေး ဆောင်ရွက်ခဲ့သူ Colors Rainbow (ထားဝယ်ရုံးခွဲ) မှ ဒေါ်အေးမွန်က ပြောပါတယ်။

“ဒီနှစ်ရဲ့ အောင်မြင်မှုကတော့ တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက လာရောက်ပြီး မိန့်ခွန်းပြောပေးတာပါပဲ။ သတင်းဌာနတွေကလည်း မှတ်တမ်းဓါတ်ပုံတွေ လာရိုက်ကြတယ်။ ဒါကလည်း ပထမဦးဆုံးအကြိမ်ပါ” Colors Rainbow (ထားဝယ်ရုံးခွဲ) မှ ဒေါ်အေးမွန်က ပြောပါတယ်။

ထားဝယ် IDAHOT အခမ်းအနားမှာ မိမိဖြစ်တည်မှုကို ထုတ်ဖော်ပြောဆိုမှုနဲ့ စိန်ခေါ်မှုတွေအကြောင်း ဆွေးနွေးတဲ့ LGBT စကားဝိုင်းတစ်ခုကိုလည်း ထည့်သွင်းခဲ့ပါတယ်။

“နောက်တစ်ခုက LGBT စကားဝိုင်းလေးကိုလည်း ပထမဆုံးအကြိမ် လုပ်ဖြစ်တယ်။ အဲဒီမှာ LGBT ထဲက ထူးချွန်သူ (၃) ဦးနဲ့ စကားဝိုင်းအစီအစဉ်လေးပေါ့။ ရည်ရွယ်ချက်က LGBT ဖြစ်ကြောင်း ဖွင့်ဟလို့ ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ စိန်ခေါ်မှုတွေကို LGBT ရော ပရိတ်သတ်တွေကိုပါ သိရှိနားလည်လာစေဖို့ ထည့်သွင်းခဲ့တာပါ” လို့ ဒေါ်အေးမွန်က ပြောပါတယ်။

ထို့အပြင် “သွေးစည်းညီညွှတ်မှု မဟာမိတ်များ”အမည်နဲ့ LGBT တစ်ဦးရဲ့ တွေ့ကြုံရင်ဆိုင်ရတဲ့ ဘဝရဲ့စိန််ခေါ်မှုတွေ၊ ခွဲခြားမှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဖော်ညွှန်းတဲ့ ပြဇာတ်ကိုလည်း ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

One thought on “LGBT တွေဟာလည်း လူထဲက လူပဲ ဖြစ်တဲ့အတွက် လူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတောင်းဆိုတာကို အားပေးထောက်ခံရုံမက လက်တွဲ ပူးပေါင်းလုပ်ဆောင်ဖို့လည်း အဆင်သင့်ပါပဲလို့ တနင်္သာရီအစိုးရ လူမှုရေးနဲ့ စည်ပင်သာယာရေးဝန်ကြီးက ပြောကြား

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.