စူးရှရှင်းသန့်နှင့် တွေ့ဆုံမေးမြန်းခြင်း

အခုတင်ဆက်မယ့် အင်တာဗျူးကဏ္ဍအတွက် ရွေးချယ်ထားသူကတော့ မန္တလေးမြို့မှာနေထိုင်တဲ့ စူးရှရှင်းသန့် ဖြစ်ပါတယ်။ စူးရှရှင်းသန့်ဟာ ၂၀၁၆ ကတည်းက စတင်ပြီး မန္တလေးတိုင်းဒေသကြီး လူငယ်ဖိုရမ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်တွေမှာ ကိုယ်စားပြုပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ၎င်းအပြင် လူငယ်မူဝါဒရေးဆွဲရေးအတွက် အချက်အလက်ကောက်ယူစုဆောင်းရေး လုပ်ငန်းစဉ်တွေမှာလည်း ရှေ့တန်းက တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ လိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာ ကွန်ယက်က စူးရှရှင်းသန့်အား မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေး မူကြမ်းကော်မတီမှာ နိုင်ငံလုံးဆိုင်ရာ LGBT ကိုယ်စားလှယ်အဖြစ် ရွေးချယ်တာဝန်ပေးအပ်ခံရသူ ဖြစ်ခဲ့ပါတယ်။

လူငယ်ပေါ်လစီနဲ့ပတ်သက်ပြီး နောက်ဆုံးအခြေအနေလေးကို ပြောပြပေးပါဦး။

လူငယ်ပေါ်လစီက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့မှာ စတင်ပြီး တရားဝင် ထုတ်ပြန်အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ဆက်လုပ်မဲ့ လုပ်ငန်းစဉ်တွေကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ လူငယ်ကော်မတီတွေ ဖွဲ့စည်းဖို့ ရှိတယ်။ အဲဒါပြီးရင် ပြည်ထောင်စုအဆင့် လူငယ်ကော်မတီဆိုပြီး ဖွဲ့စည်းဖို့ ရှိတယ်ပေါ့။ အဲဒီမှာ တိုင်းဒေသကြီး ကော်မတီ ထဲက ကော်မတီဝင်တစ်ဦးက ပြည်ထောင်စုအဆင့် ကော်မတီဝင်တစ်ဦး ဖြစ်လိမ့်မယ်ပေါ့နော်။ အစီအစဉ်အတိုင်းဆို အဲဒါတွေကို ဖေဖော်ဝါရီလအတွင်းမှာ လုပ်ရမှာ။ မတ်လကနေ ဇွန်လထိ ပေါ်လစီတွေကို အကောင်အထည်ဖော်ဖို့ မဟာဗျူဟာ အစီအစဉ်တစ်ရပ်ကို ရေးဆွဲဖို့ရှိတယ်။ မဟာဗျူဟာအစီအစဉ်ကို ဘယ်လိုရေးဆွဲမလဲဆိုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေအလိုက် ကိုယ်စားလှယ်နှစ်ဦးစီ ပါဝင်ပြီး ရေးဆွဲသွားမယ်။ လူငယ်မူဝါဒ ရေးဆွဲတုန်းကလို LGBT တွေ၊ မသန်စွမ်း (Disable) တွေ၊ အမျိုးသမီးတွေအတွက် သီးသန့်ခုံနေရာ ရှိ၊ မရှိဆိုတာနဲ့ပတ်သက်ပြီး မဟာဗျူဟာအစီအစဉ် ရေးဆွဲရာမှာ နေရာပေးဖို့ ဝန်ကြီးဌာနတွေအနေနဲ့ အတည်ပြုပြောကြားခြင်း မရှိသေးပါဘူး။ ကျွန်မအထင်တော့ ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မှ ရလိမ့်မယ်ထင်ပါတယ်။

လူငယ်ပေါ်လစီမှာ LGBT တွေနဲ့ ပတ်သက်ပြီး ဘယ်လိုဖော်ပြထားတာမျိုးရှိလဲ။ LGBT လူငယ်တွေအတွက် ဘယ်လောက်ထိ မျှော်လင့်ထားသလဲ ခင်ဗျား။

အခုဆို ပေါ်လစီက ထွက်လာပြီပေါ့နော်။ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်နဲ့ အခြားသော ကျား/မ တန်းတူ ဆက်ဆံရေးတွေ၊ နိုင်ငံတော်တည်ဆောက်ရေးဆိုင်ရာ နိုင်ငံရေးအခန်းကဏ္ဍတွေ၊ စာပေအနုပညာ၊ ယဉ်ကျေးမှု၊ မီဒီယာတွေမှာ ခွဲခြားဆက်ဆံတဲ့ကိစ္စတွေကို လျော့ကျသွားအောင် ထည့်ထားတဲ့ အကြောင်းအရာတွေ ရှိတယ်။ ဒါပေမဲ့ အခုဟာက policy အဆင့်ပဲ ရှိသေးတယ်။ Implementation လုပ်မယ့်ပေါ် မူတည်ပြီး ကွဲပြားသွားတာလေးတွေတော့ ရှိပါလိမ့်ဦးမယ်။ အဲအတွက်ကြောင့် အခု နောက်ထပ်ရေးဆွဲမယ့် မဟာဗျူဟာအစီအစဉ်က အရေးကြီးပါတယ်။ အဲဒါ လာဦးမယ်။

ဒီလူငယ်ရေးရာ ပေါ်လစီနဲ့ပတ်သက်ပြီး LGBT တွေအတွက် အကောင်းဖက်ကို သုံးသပ်တာမျိုး ရှိပါသလား။

မြန်မာနိုင်ငံမှာရှိတဲ့ တစ်ချို့ဥပဒေတွေဟာ LGBT တွေအပေါ် သွယ်ဝိုက်သောအားဖြင့်သော်လည်းကောင်း၊ တိုက်ရိုက်အားဖြင့်သော်လည်းကောင်း ခွဲခြားဖိနှိပ်နေတာတွေ ရှိပါတယ်။ လက်ရှိမှာတော့ တည်ဆဲဥပဒေတွေနဲ့ ပေါ်လစီထဲမှာဖော်ပြထားတဲ့ အချို့အချက်တွေဟာ လွန်ဆွဲနေကြတယ်။ အဲဒီတော့ နောက်ပိုင်းမှာ ပေါ်လစီတွေကို အခြေခံပြီး ဥပဒေတွေပဲ ပျက်သုန်းမလားပေါ့။ ပေါ်လစီ အားမကောင်းရင် ခွဲခြားဖိနှိပ်ခံရမှုတွေက ရှိနေအုန်းမှာပဲလေ။ ပေါ်လစီက အားကောင်းမယ်ဆိုရင် ပေါ်လစီကနေတဆင့် ဒီလိုဖိနှိပ်တဲ့ဥပဒေတွေကို တွန်းလှန်နိုင်မလားဆိုတာတော့ မျှော်လင့်ရတာပေါ့လေ။

LGBT တွေနဲ့ပတ်သက်ပြီး မဟာဗျူဟာအဆင့် ချမှတ်ရေးဆွဲတဲ့အဆင့်တွေ၊ အကောင်အထည်ဖော်နိုင်မှု အဆင့်တွေမှာ နောက်ထပ် အများကြီး မူတည်နေသေးတယ်ဆိုတော့ အဲ့အဆင့်တွေ ရောက်သွားတဲ့အခါ LGBT အကြောင်းအရာက နောက်ရောက်သွားနိုင်တာမျိုးတွေ ရှိနိုင်သေးလား။

ပုံမှန်အားဖြင့်ဆိုရင်တော့ နောက်ရောက်နိုင်တာမျိုးတွေ ရှိနိုင်တယ်ပေါ့နော်။ ဒါပေမဲ့ အရွေးခံရတဲ့ ကိုယ်စားလှယ်တွေက LGBT တွေကို စာနာတယ်၊ LGBT အကြောင်းကို စေ့စပ်စွာ နားလည်တယ်ဆိုရင်တော့ မျှော်လင့်ချက် ရှိနေပါသေးတယ်။ သို့ပေမဲ့လို့ Strategic Plan မှာ ရေးဆွဲမဲ့ ကိုယ်စားလှယ်တွေက LGBT အကြောင်းကို နားမလည်ဘူး၊ သေချာ မသိဘူးဆိုရင်တော့ နောက်ရောက်သွားမဲ့ကိစ္စတွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ နောက်တစ်ချက်က ကျွန်မတို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ၊ စီးပွားရေးအခြေအနေအရအပြင် အမျိုးမျိုးသော ရူထောင့်ပေါင်းစုံက ကြည့်မယ်ဆိုရင် LGBT အရေးဟာ အခုချိန်ထိ အစိုးရက ကိုင်တွယ်နေတဲ့ Majority Case မဟုတ်သေးဘူး၊ အခြားသော အရေးကြီးကိစ္စတွေ လည်း ရှိသေးတယ်။ လူငယ်တွေအနေနဲ့လည်း LGBT အပေါ်မှာ အဓိကအာရုံစိုက်မှု မရှိသေးဘူး။ သူတို့ရဲ့အဓိကသည် ငြိမ်းချမ်းရေးကို အဓိကဦးတည်နေတယ်၊ Development ပိုင်းဆိုင်ရာတွေကို အဓိကဦးတည်နေတာဆိုတော့ နောက် ရောက်သွားနိုင်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။

စူးရှအနေနဲ့ကော ဒီဟာနဲ့ပတ်သက်ပြီး ဘာတွေကို ရှေ့ဆက်လုပ်ဖို့ ရှိသေးလဲ။

ပြောခဲ့တဲ့အတိုင်းပါပဲ ရေးဆွဲထားတဲ့ ပေါ်လစီတွေကို အကောင်အထည်ဖော်ဖို့ မဟာဗျူဟာ အစီအစဉ်တွေကို ရေးဆွဲတဲ့အခါမှာ LGBT တွေအတွက် ဘာတွေကို ဘယ်လိုလုပ်မယ်ဆိုတဲ့အရာကို ထည့်သွင်းဖော်ပြနိုင်မှသာလျှင် လူငယ် ပေါ်လစီထဲမှာပါတဲ့ အချက်တွေဟာ ထိရောက်မှာ ဖြစ်တယ်။ အဲတော့ မဟာဗျူဟာအစီအစဉ် ရေးဆွဲမှုဖြစ်စဉ်ထဲမှာ LGBT အရေးကို လုပ် ဆောင်နိုင်မယ့်၊ နားလည်နိုင်မယ့် ကိုယ်စားလှယ်တွေ လိုအပ်နေသေးတယ်။ စူးရှအနေနဲ့ လက်ရှိမှာတော့ တိုင်းဒေသကြီး ကော်မတီမှာ လူငယ်ကော်မတီ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံဖို့ အစီအစဉ်ရှိပါတယ်။ ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံပြီး ပြည်ထောင်စုအဆင့်ထိကိုပါ မျှော်မှန်းတယ်ပေါ့။ ကိုယ့်ကိုရွေးတာ၊ မရွေး တာ လူငယ် တွေရဲ့ ဆုံးဖြတ်ချက်ပေါ့နော်။ အဲ့မျှော်လင့်ချက်လေးတော့ ရှိပါတယ်။

ခေတ်သစ်လူ

စီစဉ်တင်ဆက်သည်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.