ဘော်ဘီအတွက် ဆုတောင်း (Prayers for Bobby)

ဒီဇာတ်လမ်းလေးကတော့ လိင်တူချစ်သူဖြစ်တဲ့ ရင်သွေးလေးတွေကို ပိုင်ဆိုင်ထားတဲ့ မိဘတွေအနေနဲ့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

ဒီဇာတ်ကားလေးကို မိဘအသိုင်းအဝိုင်းကနေ လက်မခံတဲ့အတွက် ကိုယ့်ကိုယ်ကို သေကြောင်းကြံ အဆုံးစီရင်ခဲ့တဲ့ သားငယ်တယောက်ရဲ့ မိခင်တယောက်အကြောင်းကို ရေးသားဖော်ကြူးထားတဲ့ Prayers for Bobby: A Mother’s Coming to Terms with the Suicide of Her Gay Son လို့ အမည်ရတဲ့ ဖြစ်ရပ်မှန် စာအုပ်အပေါ် အခြေခံပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ စာရေးဆရာကတော့ Leroy F. Aarons ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ၂၀၀၉ ခုနှစ်မှာ တီဗွီကနေ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး ဇာတ်ကားထဲမှာတော့ Ryan Kelley က Bobby Griffith အဖြစ် သရုပ်ဆောင်ခဲ့ပြီး Sigourney Weaver ကတော့ ဘော်ဘီရဲ့မိခင် မေရီအဖြစ် သရုပ်ဆောင်ခဲ့ကြပါတယ်။

ဒီဇာတ်ကားဟာ Primetime Emmy Awards ဆုအတွက် နှစ်ကြိမ်တိုင်တိုင် အမည်စာရင်း တင်သွင်းခံရပြီး မေရီအဖြစ် သရုပ်ဆောင်သူ Sigourney Weaver ဟာလည်း ၂၀၁၀ Golden Globe Award ဆုနဲ့ ၂၀၁၀ Screen Actors Guild Award ဆုတွေအတွက် အမည်စာရင်း တင်သွင်းခံခဲ့ရပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ GLAAD အဖွဲ့ကနေ ပေးအပ်တဲ့ 2010 GLAAD Award ဆုနဲ့ Seattle Gay and Lesbian Film Festival (Seattle ဂေး လယ်စ်ဘီယံ ရုပ်ရှင်ပွဲတော်)မှာ ပရိသတ် အနှစ်ခြိုက်ဆုံးဆုကို ရရှိခဲ့ပြီး ထုတ်လုပ်သူအနေနဲ့လည်း 2010 Producers Guild of America Award ဆုအတွက် အမည်စာရင်း တင်သွင်းတာကို ခံခဲ့ရပါတယ်။

ဒီဇာတ်ကားကို ရုပ်ရှင်ကုမ္ပဏီနဲ့ Permut Presentations and Sladek Taaffe Productions ကနေ ပူးပေါင်းထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ဒါရိုက်တာဖြစ်သူ Russell Mulcahy က စီစဉ်ကြီးကြပ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီလိုပါ။ အဓိကဇာတ်ကောင်တွေထဲက Bobby ရဲ့ အမေအဖြစ် သရုပ်ဆောင်ရတဲ့ Sigourney Wearver ဟာ ခရစ်ယာန်ဘာသာတရားကို အလွန်တရာ သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်သူ တယောက် ဖြစ်ပါတယ်။ မေရီ (Sigourney Wearver) ဘာသာတရားကို ကိုင်းရှိုင်း သက်ဝင်သူတယောက်ပီပီ သူမရဲ့ သားသမီးတွေကိုလည်း ဘုရားသခင်ရဲ့ ဆုံးမဩဝါဒအတိုင်း လိုက်နာကျင့်သုံး နေထိုင်သူတွေဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ပြုစုပျိုးထောင်သူတယောက် ဖြစ်ပါတယ်။

သူမရဲ့ ရင်သွေးသားသမီးတွေအနက် သားငယ်ဖြစ်တဲ့ Bobby ဟာ လိင်တူချစ်သူ၊ လိင်တူချင်းကိုပဲ စိတ်ဝင်စားတဲ့သူ တယောက် ဖြစ်တယ်ဆိုတာကို မေရီအနေနဲ့ Bobby အရွယ်ရောက်တဲ့အထိ မသိခဲ့ပါဘူး။ တနေ့မှာတော့ ဘော်ဘီ Bobby လေးဟာ ရင်ထဲက အဖြစ်အမှန်ကို လူကြားထဲမှာ ဟန်လုပ်ဖို့ကြိုးစားရင်း မခံနိုင်တဲ့အဆုံး ထွက်ပေါက်တခုအနေနဲ့ ကိုယ့်ဖာသာ အိပ်ဆေးသောက်ပြီး သတ်သေဖို့အထိ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူ မလုပ်ရဲတဲ့အတွက် အကြံအစည်ဟာ အထမမြောက်ပဲ အိပ်ရာပေါ်မှာ လဲလျောင်းရင်း ငိုယိုနေခဲ့တာမှာ အကိုဖြစ်သူက တွေ့သွားခဲ့ပါတယ်။

အကိုဖြစ်သူက အကြောင်းစုံကို မေးမြန်းတဲ့အခါမှာတော့ ဘော်ဘီက သူ့အနေနဲ့ လိင်တူချင်းကို စိတ်ဝင်စားတဲ့သူတယောက် ဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းကို အကိုဖြစ်သူထံ စိတ်ချယုံကြည်စွာနဲ့ ငိုယိုရင်း ရင်ဖွင့်ခဲ့ပါတယ်။ အဲဒီကာလမတိုင်မီအထိ ဘောဘီမှာ သူ့ကို စိတ်ဝင်စားနေတဲ့ လှတပတ ကောင်မလေးတယောက် ရှိခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက် နမ်းရှုတ်တဲ့အထိ ဖြစ်ခဲ့ပေမယ့်လည်း ဘော်ဘီအနေနဲ့ အဲဒီကောင်မလေးကို ရင်မခုန်၊ မသာယာခဲ့ပါဘူး။ ရင်ခုန်ရမယ့်အစား ဘော်ဘီအဖို့ ပိုမိုစိတ်ညစ်ညူးစရာပဲ ဖြစ်ခဲ့ရပါတယ်။ ဘော်ဘီဟာ သူ့ရဲ့ လိင်စိတ်ခံယူမှုနဲ့ပတ်သက်ပြီး တခြားသူတွေကို မသိစေဖို့ အကိုဖြစ်သူကို အကြိမ်ကြိမ် ကတိတောင်းခံခဲ့ပါတယ်။

ဒါပေမယ့် အကိုဖြစ်သူရဲ့ ယုံကြည်စိတ်ချရမှုဟာ ကြာရှည်မခံခဲ့ပါဘူး။ တနေ့မှာတော့ ဘော်ဘီရဲ့ လျှို့ဝှက်ချက်နဲ့ ပတ်သက်ပြီး တအိမ်လုံး သိရှိသွားခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဘော်ဘီရဲ့ ဘဝဟာလည်း စတင်ပြီး ပြောင်းလဲသွားရ တော့တာပါပဲ။

ဘော်ဘီရဲ့ အမေဖြစ်သူ မေရီမှအပ ဘော်ဘီတို့ တအိမ်သားလုံးအနေနဲ့ လိင်တူချင်းချင်း ချစ်တာနဲ့ ပတ်သက်ပြီး သဘာဝတရားကို တဖြည်းဖြည်း သိရှိနားလည် လက်ခံလာခဲ့ကြပေမယ့် မေရီကတော့ ဘုရားသခင်ဟာ သူ့သားကို လိင်တူချစ်သူတယောက်အဖြစ်ကနေ လွတ်မြောက်အောင် ကုသပေးနိုင်လိမ့်မယ်ဆိုတာကို အရိုးထဲအထိ ယုံကြည်နေခဲ့ပါတယ်။ ယုံကြည်တဲ့အတိုင်းပဲ မေရီဟာ သူ့သားဖြစ်သူ ဘော်ဘီကို စိတ်ရောဂါကု ဆရာဝန်နဲ့ ပြသပြီး ညှိနှိုင်းတိုင်ပင် အကြံဉာဏ်ယူတာမျိုးတွေ၊ ဘုရားကျောင်းတော်ကို ပို့ဆောင်ပြီး အသင်းတော်ရဲ့ ဝေယျာဝစ္စလုပ်ငန်းတွေမှာ ပါဝင်စေတာမျိုး၊ ဘုရားထံပါး ပိုမိုဆည်းကပ်ပြီး ဆုတောင်းစေတာမျိုးတွေကို အတင်းအကြပ် လုပ်ဆောင်စေခဲ့ပါတယ်။

ဘော်ဘီအနေနဲ့ အမေရဲ့ တိုက်တွန်းမှုတွေကို မနှစ်မြို့ပေမယ့်လည်း အတတ်နိုင်ဆုံး လိုက်နာ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဘုရားကျောင်းတော်ရဲ့ လိင်တူချင်းချစ်တဲ့ ကိစ္စအပေါ် ဟောပြောသွန်သင်ချက်တွေ၊ မိခင်ဖြစ်သူရဲ့ အတင်းအဓမ္မ တွန်းအားပေးမှုတွေက ဘော်ဘီကို တဖြည်းဖြည်း စိတ်ကျဉ်းကြပ်လာစေခဲ့ပါတယ်။

920x920

ဖိအားတွေကို မခံနိုင်တော့တဲ့အဆုံး ဘော်ဘီဟာ မိခင်နဲ့ဝေးရာ တခြားနေရာဆီ ထွက်သွားဖို့ ဆုံးဖြတ်ချခဲ့ပါတယ်။ ဒါကလည်း တနေ့နေ့ တချိန်ချိန်မှာ မိခင်အနေနဲ့ သူ့အပေါ် နားလည်လာနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ လိင်တူချင်း ချစ်တဲ့စိတ်ကို မချိုးနှိမ့်တော့ဘူးဆိုတဲ့ စိတ်နဲ့ ဘော်ဘီဟာ အိုရီဂွန်ပြည်နယ်ကို ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီမှာ ဘော်ဘီဟာ David ဆိုသူကို ဂေးဘားတခုမှာတွေ့ပြီး ချစ်သူတွေ ဖြစ်လာခဲ့မိပါတယ်။ ဘော်ဘီဟာ David နဲ့ တွဲနေရင်း မိခင်ဖြစ်သူကို လိင်တူချစ်သူနဲ့ ပတ်သက်ပြီး နားလည်လာအောင် စာအုပ်စာစောင်တွေ ပေးပို့ရင်း စည်းရုံးဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် ဘော်ဘီရဲ့ အမေဟာ သူ့သားကို ဒီအတိုင်း ပစ်မထားခဲ့ပါဘူး။ မေရီဟာ ဘော်ဘီကို ဘော်ဘီဖြစ်စေချင်သလို ဖြစ်ခွင့်မပေးပဲ အရင်ကထက်ပိုပြီး အထူးကြပ်မတ်ကာ လိင်တူချင်း ချစ်တဲ့စိတ်ကို ပြောင်းလဲနိုင်အောင် နည်းလမ်းအမျိုးမျိုးနဲ့ အတင်းအဓမ္မ ကြိုးစားပြန်ပါတယ်။ စေတနာဟာ နည်းလမ်း မမှန်တော့ အတ္တမာနတွေနဲ့ ရောပြွမ်းပြီး မေရီလုပ်သမျှ အမှားတွေကိုသာ ထပ်တိုး ဖြစ်စေခဲ့ပါတယ်။ ဒီအမှားတွေက သူ့သားကို သူမရင်ခွင်ထဲကနေ အပြီးတိုင် ဆွဲထုတ်သွားမယ့် အမှားတွေဆိုတာကို သူမ မသိရှာခဲ့ပါဘူး။ မသိခြင်းဟာ အရာရာကို လမ်းဆုံးရောက်အောင် တံလျှပ်သဘောနဲ့ ခေါ်ဆောင်ခြင်း ခံရပါတယ်။

ဘော်ဘီဟာ ဒေးဗစ်နဲ့ ချစ်သူအဖြစ် ကာလအတော်ကြာ ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ ဒေးဗစ်ရဲ့ မိခင်ဖခင်တွေနဲ့ တွေ့ဆုံဖို့အထိ ဖြစ်လာခဲ့ပါတယ်။ ဒေးဗစ်ရဲ့ မိခင်ဖခင်တွေနဲ့ တွေ့ဆုံစကားပြောတဲ့အခါမှာ ဘော်ဘီအနေနဲ့ အားပေးနှစ်သိမ့်မှုတွေ၊ ကောင်းချီးပေးမှုတွေကို အတိုင်းအတာတခုအထိ ရခဲ့ပေမယ့်လည်း မိခင်ဖြစ်သူ မေရီရဲ့ စကားတွေက သူ့အတွေးအာရုံအပေါ် တရစပ် လွှမ်းမိုးနှိပ်စက်လာခဲ့ပါတယ်။ ဒီကြားထဲ ချစ်သူဖြစ်သူ ဒေးဗစ်ကိုလည်း အခြားယောက်ျားတယောက်နဲ့ တွဲနေတာကို တွေ့လိုက်တဲ့အခါမှာ ဘော်ဘီအဖို့ မီးလောင်ရာ လေပင့်သလို ဖြစ်လာခဲ့ပါတယ်။ နဂိုက ဖြစ်ခဲ့ဖူးတဲ့ စိတ်ကျရောဂါရဲ့ သက်ရောက်မှုတွေ၊ ကိုယ့်ကိုယ်ကို မိခင်အလိုကျ မဖြစ်ရလေခြင်းဆိုပြီး ကိုယ့်ကိုယ်ကို ကျိန်ဆဲမှုတွေ၊ နာကျည်းမှုတွေ၊ ဒေါသဖြစ်မှုတွေက ဘော်ဘီကို ထွက်ပေါက်မဲ့စေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ စိတ်ကျဉ်းကြပ်မှုတွေ၊ ထွက်ပေါက်ပိတ်မှုတွေကို မခံနိုင်တော့အဆုံး မိုးပျံတံတားတခုပေါ်ကနေ လမ်းပေါ်ခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးသတ် စီရင်လိုက်ပါတယ်။ ဘော်ဘီရဲ့သတင်းကို ကြားရတဲ့အခါမှာ မိသားစုတခုလုံး အလွန်ယူကြုံးမရဖြစ်ပြီး ဝမ်းနည်းငိုကြွေးခဲ့ကြပါတယ်။

ဘော်ဘီတယောက် သေပြီးတဲ့နောက် ရက်လည်ရက်မှာ ဘော်ဘီရဲ့ချစ်သူလည်း တက်ရောက် ခဲ့ပါတယ်။ ဒေးဗစ်ဟာ ဘော်ဘီနဲ့ သူ့ရဲ့အကြောင်းကို မိတ်ဆက်ပြီး ဝမ်းနည်းကြောင်း အထိမ်းအမှတ် အနေနဲ့ လက်ဆောင်ပစ္စည်းကို မေရီကို ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒေးဗစ် ပြန်သွားလျှင် ပြန်သွားချင်း မေရီဟာ လိင်တူချင်းချစ်တဲ့အမှုအပေါ် စက်ဆုပ်ရွံရှာတဲ့အတွက် ဒေးဗစ်ပေးတဲ့ လက်ဆောင်ကို အမှိုက်ပုံးထဲ လွှင့်ပစ်ပြီး သူမရဲ့လက်ကို အရူးတယောက်လို ကြိမ်ဖန်များစွာ ဆေးကြောနေခဲ့မိပါတယ်။

ဘော်ဘီသေဆုံးပြီး ရက်ပေါင်းများစွာ ကြာသွားခဲ့ပေမယ့်လည်း ဒီအဖြစ်တွေက မေရီအပေါ် လွှမ်းမိုးနေဆဲ ရှိနေခဲ့ပါတယ်။ ရက်ပေါင်းများစွာ ကြာလာတဲ့အခါမှာတော့ မေရီဟာ ကျမ်းစာလာ ဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး ဘုရားကျောင်းတွေရဲ့ တဆင့်ခံ ဟောပြောနေမှုအပေါ် စတင် မေးခွန်းထုတ်လာခဲ့မိပါတယ်။ မေရီရဲ့ သိနားလည်မှု လေ့လာရေး ခရီးရှည်ကြီးကို လျှောက်လှမ်းပြီးတဲ့နောက် အဆုံးတနေ့မှာတော့ လိင်တူချစ်သူတွေနဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းတခုကို ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီမှာ မမျှော်လင့်ပဲ မေရီအနေနဲ့ အချက်အလက်တွေကို လေ့လာဖို့ အခွင့်အလမ်းတွေ စတင်ရရှိခဲ့ပါတော့တယ်။ မေရီဟာ တမြို့တည်းနေ လိင်တူချစ်သူ ဘုန်းတော်ကြီးတပါးနဲ့ တွေ့ဆုံမိပြီးတဲ့နောက် ကြိမ်ဖန်များစွာ ဆွေးနွေးမှု၊ မေးမြန်းမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ တနေ့မှာ လိင်တူချစ်သူ ဘုန်းတော်ကြီးဟာ လိင်တူချစ်သူတွေရဲ့ မိဘမောင်ဖွား၊ သူငယ်ချင်း မိတ်ဆွေများ အစည်းအဝေးအား တက်ရောက်လေ့လာဖို့ မေရီအား တိုက်တွန်းခဲ့ပါတယ်။ ဘုန်းတော်ကြီးရဲ့စကားကို လက်ခံပြီး အဲဒီအစည်းအဝေးကို တက်ရောက်မိတဲ့အခါမှာတော့ အရင်က သူမ ယူဆထားတာတွေဟာ တခြားစီဖြစ်နေပြီး လူတယောက်ရဲ့ တန်ဖိုးကို လိင်တူချင်း ချစ်ခင်စုံမက်တဲ့ စိတ်တခုတည်းနဲ့ မတွက်ဆပဲ နှလုံးသားတစုံရဲ့ မြင့်မြတ်မှုတန်ဖိုးနဲ့သာ တိုင်းတာသင့်တယ်ဆိုတာကို နားလည် သဘောပေါက်ခဲ့ပါတော့တယ်။

အဲဒီကမှတဆင့် မေရီဟာ နဂိုက လိင်တူချစ်သူတွေအပေါ် ခါးခါးသီးသီး လက်မခံတဲ့သူ တယောက်အဖြစ်ကနေ ဂေးအခွင့်အရေးအတွက် တက်ကြွစွာ ဆော်ဩသူတယောက် ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ LGBT တွေနဲ့ ပတ်သက်လို့ ကျင်းပပြုလုပ်မယ့် လူထုအစည်းအဝေးမှာ အားလုံးကို ကိုယ်စားပြုပြီး မိန့်ခွန်းပြောကြားခွင့် ရခဲ့ပါတယ်။ မေရီဟာ သူမရဲ့ဘဝ အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး မိန့်ခွန်းထဲ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ မိန့်ခွန်းပြောနေစဉ်အတွင်းမှာလည်း သူမရဲ့ ပြောကြားချက်ကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီး နားထောင်ခဲ့ရသူတွေအနေနဲ့ ဘော်ဘီရဲ့ မိသားစုအားလုံးပါမကျန် အားလုံး မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့ကြရပါတယ်။

ဒီဇာတ်ကားဟာ ၁၉၈၁ ခုနှစ်လောက်က လူနေမှုအခင်းအကျင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့အတွက် ကြည့်ရှုတဲ့သူတွေအဖို့ အဲဒီခေတ်ကာလက လူနေမှုစရိုက်တွေကို လေ့လာသိရှိခွင့်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး အဲဒီခေတ် အဲဒီကာလက လိင်တူချစ်သူတွေ ရဲ့ လူနေမှု ပုံသဏ္ဍာန်တွေ၊ ပတ်ဝန်းကျင်ရဲ့ အမြင်တွေ၊ အစွဲတွေကိုလည်း ဒီကနေ့ခေတ် အခြေအနေနဲ့ ချိန်ထိုးနှိုင်းယှဉ်ပြီး လေ့လာနိုင်ခွင့် ရလိမ့်မယ်လို့လည်း ယူဆပါတယ်။

လူတော်တွေဟာ ကိုယ့်အမှားကနေ သင်ခန်းစာ ယူတတ်တယ်။ အဲဒီထက်ပိုမိုပြီး ပညာရှိကြတဲ့ သူတွေကျတော့ သူများတွေရဲ့ အမှားတွေကနေ သင်္ခန်းစာ ထုတ်ယူတတ်ကြတယ်။ ဒါပေမယ့် မိုက်မဲတဲ့သူတွေကျတော့ သူများတွေရဲ့ အမှားကနေလည်း သင်္ခန်းစာမယူတတ်၊ ကိုယ့်ရဲ့ အမှား ကနေတဆင့်လည်း သင်္ခန်းစာယူပြီး အမှန်ကို မမြင်နိုင်ကြဘူးဆိုတဲ့ ဆုံးမချက်တွေ ရှိတယ်မဟုတ်ပါလား။

အဲဒီတော့ နောင်တချိန်မှာ ကိုယ့်ရင်သွေးထဲမှာ လိင်တူချစ်သူတယောက်ယောက်များ ပါလာခဲ့ရင် ကိုယ့်အနေနဲ့ ဘယ်လိုစိတ်မျိုးထားရှိပြီး ကလေးရဲ့ အကောင်းဆုံးအကျိုးကို လုပ်ဆောင်နိုင်မလဲဆိုတာကို အခုကတည်းက လေးနက်စွာ ဆင်ခြင်မိအောင် ဒီဇာတ်ကားလေးကို ကြည့်ဖြစ်အောင် ကြည့်ကြပါ။ တခြားကိုယ်နဲ့နီးစပ်ရာ အသိုင်းအဝိုင်းတွေကိုလည်း လက်တို့လိုက်ပါအုံးလို့ တိုက်တွန်းလိုက်ပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.