စိုးရွံ့မှုတွေရှိပေမယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ အရှိန်အဝါကို အခွင့်ကောင်းယူပြီး ရုရှားနိုင်ငံမှာ LGBT တွေရဲ့ ပုံရိပ်ကိုမြှင့်တင်ဖို့ နိုင်ငံတကာ တက်ကြွလှုပ်ရှားသူများက တိုက်တွန်း
ရုရှားဖယ်ဒရေးရှင်းနိုင်ငံမှာ မကြာခင် ကျင်းပပြုလုပ်တော့မယ့် ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပွဲပြိုင်ပွဲတွေမှာ ပရိသတ်တွေအနေနဲ့ သက်တံရောင်အလံတွေကို ဘောလုံးကွင်းတွေအတွင်း ယူဆောင်ပြီး ဝှေ့ယမ်းကြဖို့ LGBT အရေး နိုင်ငံတကာ တက်ကြွလှုပ်ရှားသူများက တိုက်တွန်းလိုက်ပါတယ်။
အင်္ဂလန်နိုင်ငံမှာ Pride in Football ဆိုပြီး ဘောလုံးအားကစားလောကထဲ LGBT အပေါ် ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေးအတွက် အများပြည်သူတွေကြား စည်းရုံးလှုပ်ရှားမှုတွေကို ဆောင်ရွက်နေတဲ့ Joe White ကလည်း ဘောလုံးပွဲပရိသတ်တွေအဖို့ ကိုယ့်အပေါ် အန္တရာယ်မကျရောက်နိုင်ဘူးဆိုရင် LGBT အရေးနဲ့ပတ်သက်ပြီး လူပိုသိလာအောင် ဆောင်ရွက်ပေး ဖို့ တိုက်တွန်းခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ LGBT တွေအပေါ် ဖိနှိပ်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းထားတဲ့အတွက် နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ဝေဖန်မှုတွေနဲ့ ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပွဲ ကျင်းပခွင့်ကို ပိတ်ပင်ဖို့အထိ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ အရွယ်ရောက်ပြီးသား လူနှစ်ဦးရဲ့ လူအများမြင်ကွင်းမဟုတ်တဲ့ နေရာမှာ လိင်တူချင်း လိင်မှုကိစ္စကို ၁၉၉၃ ခုနှစ်မှာ ဥပဒေနဲ့ တရားဝင် လက်ခံခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂၀၀၆ ခုနှစ်ကစပြီး ရုရှားနိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ် ပယ်အသီးသီးဟာ LGBT တွေအပေါ် ဖိနှိပ်တဲ့ဥပဒေတွေကို ပြဋ္ဌာန်းလာခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ နိုင်ငံတကာ အလယ်မှာ Anti-Gay Propaganda Law လို့ လူသိများတဲ့ ဖယ်ဒရယ်ဥပဒေတစ်ရပ်ကို လွှတ်တော်မှာ စတင်အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေအရ သမားရိုးကျ လိင်ကွဲချင်း ဆက်ဆံမှုကို အားပေးအားမြှောက်ပြုတဲ့ စာအုပ်စာစောင်တွေ ရေးသားထုတ်ဝေခြင်း၊ ရုပ်ရှင်၊ ဗွီဒီယို၊ တီဗွီအစီအစဉ်တွေ၊ ဇာတ်လမ်းတွေ ရိုက်ကူးခြင်း၊ ဖြန့်ချိခြင်း၊ ကုန်ပစ္စည်းတွေ ထုတ်လုပ်ခြင်းကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ပြီး အရေးယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရုရှားနိုင်ငံ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို လာရောက်အားပေးကြမယ့် LGBT ဘောလုံးပရိသတ်တွေအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ပါတယ်။
ဗြိတိန်နိုင်ငံကလည်း LGBT ဘောလုံးပရိသတ်တွေအနေနဲ့ ကမ္ဘာ့ဖလားပွဲကာလအတွင်း ရုရှားနိုင်ငံကိုရောက်တဲ့အခါ အနေအထိုင်၊ အပြုအမူတွေ ဆင်ခြင်ဖို့ သတိပေးခဲ့ပြီး ဘောလုံးပွဲ အားပေးသူများအသင်း (Football Supporters’ Federation) ကလည်း LGBT ဘောလုံးပရိသတ်တွေအနေနဲ့ ရုရှားနိုင်ငံကို ရောက်တဲ့အခါမှာ အများပြည်သူ မြင်ကွင်းရှေ့မှာ ချစ်သူနဲ့ လက်ကိုင်သွားတာမျိုး၊ လိင်တူချစ်အမူအရာတွေကို ရှောင်ကြဉ်ဖို့ ထုတ်ပြန်ခဲ့ပါသေးတယ်။
ဒါပေမဲ့ Joe White ကတော့ ဘောလုံးပွဲ အားပေးသူများအသင်း (Football Supporters’ Federation) ရဲ့ ထုတ်ပြန်မှုဟာ အစိုးရိမ်လွန်ကဲမှုအဖြစ် မှတ်ချက်ပေးခဲ့ပါတယ်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဟာ ကြည့်ရှုသူ သန်းပေါင်းများစွာရှိပြီး ကမ္ဘာပေါ်မှာ လူစိတ်ဝင်စားမှုအများဆုံး အားကစားဖြစ်တဲ့အတွက် ဒါကို အခွင့်ကောင်းယူပြီး LGBT တွေရဲ့မြင်ကွင်းပုံရိပ်ကို အမြင့်ဆုံးလွှင့်တင်ဖို့ ရှားရှားပါးပါး အကောင်းဆုံး အခွင့်အလမ်းအဖြစ် Joe Whte က ရှုမြင်ပါတယ်။
ဘောလုံးကွင်းကြီးထဲ ဝှေ့ယမ်းနေတဲ့ သက်တံရောင်အလံတွေဟာ ရုရှားနိုင်ငံမှာ LGBT တွေမရှိဖို့ ကြိုးစားနေတဲ့ ရုရှားအာဏာပိုင်တွေကို ပြန်လည်တိုက်ခိုက်ဖို့အတွက် အလုပ်ဖြစ်လိမ့်မယ်လို့ Joe White ကတော့ ယူဆပါတယ်။
“ကိုယ့်အတွက် အန္တရာယ်လည်း မရှိဘူးဆိုရင် အခြေအနေပေးတာနဲ့ အဲလို လုပ်မယ်” လို့ Joe White က ပြောပါတယ်။