တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ Drag ချီတက်ပွဲတော်ကို ပထမဦးဆုံးအကြိမ် ပြုလုပ်

ရောင်စုံမိတ်ကပ်တွေ မျက်နှာပေါ် ခြယ်သထားပြီး ပြိုးပြိုးပျက်ပျက် အဝတ်အစား ဖက်ရှင်ဒီဇိုင်းအမျိုးမျိုးနဲ့ တန်ဆာဆင်ထားတဲ့ Drag တွေရဲ့ ချီတက်ပွဲတစ်ခုကို တောင်ကိုးရီးယားနိုင်ငံမှာ မကြာသေးခင်ကာလက ကျင်းပပြုလုပ်ခဲ့ပါတယ်။

မေလ (၂၆) ရက်က ဆိုးလ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဒီပွဲတော်ဟာ လူဒါဇင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပြီး အများပြည်သူတွေကြားမှာ ၎င်းတို့ရဲ့ဖြစ်တည်မှုကို ပြသနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မနှစ်က ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ Pride ချီတက်ပွဲမှာတော့ လူပေါင်း (၈၅၀၀၀) ကျော် ပါဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုချီတက်ပွဲဟာလည်း အလားတူ Pride ချီတက်ပွဲလို့ အရေးကြီးတယ်လို့ ပါဝင်ခဲ့ကြတဲ့သူတွေက ပြောပါတယ်။

အာရှတိုက်က တစ်ခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် တောင်ကိုးရီးယားနိုင်ငံမှာ LGBT အခွင့်အရေးနဲ့ပတ်သက်ရင် တိုးတက်မှုအခြေအနေဟာ မဆိုးလှဘူးလို့ ဆိုနိုင်ပါတယ်။ ဒီနိုင်ငံမှာ လိင်တူချင်း ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်ထားပါဘူး။ တောင်ကိုးရီးယားနိုင်ငံမှာ LGBT တွေအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ အကာအကွယ်ပေးမှုတွေ ရှိပေမယ့့်လည်း လိင်တူလက်ထပ်ခွင့်နဲ့ ကလေးမွေးစားခွင့်ကိုတော့ အခုအထိ မရသေးဘူး။

တောင်ကိုးရီးယားနိုင်ငံရဲ့ လက်ရှိသမ္မတဟာလည်း လိင်တူချင်း ဆက်ဆံတာကို ဆန့်ကျင်သူတစ်ဦး ဖြစ်ပါတယ်။ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်ကာလ ရုပ်သံအင်တာဗျူးတစ်ခုမှာ လိင်တူချင်း ဆက်ဆံတာကို သူ့အနေနဲ့ ဆန့်ကျင်ကြောင်း၊ တောင်ကိုးရီးယားတပ်မတော်မှာ LGBT စစ်သားတွေ ရှိနေတာဟာ တိုင်းပြည်အတွက် အင်အားချိနဲ့ရာ ရောက်စေကြောင်း ပြောဆိုခဲ့ပါတယ်။

Military Human Rights Centre for Korea မှာ ဖော်ပြထားချက်အရ ၂၀၁၇ ခုနှစ် ဧပြီလအတွင်းကလည်း တောင်ကိုးရီးယားရဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ် Jang Jun-kyu က စစ်တပ်အတွင်း လိင်တူချစ်သူ စစ်သားတွေကို ရှာဖွေဖော်ထုတ်မယ့် အစီအစဉ်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ချစ်မှုရေးရာ ချိတ်ဆက်တဲ့ ဝဘ်ဆိုက်ဒ်တွေမှာ အကောင့်အတုတွေ ဖန်တီးပြီး လိင်တူချစ်သူ စစ်သားတွေကို ရှာဖွေဖော်ထုတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ၂၀၁၇ ခုနှစ်မှာပဲ နာမည်ကျော် လိင်တူချစ်သူ ရုပ်ရှင်ဒါရိုက်တာဖြစ်သူနဲ့ သူ့ချစ်သူအမျိုးသားတို့ရဲ့ တရားဝင် လက်ထပ်ခွင့်ရရှိရေးအတွက် တရားရုံးတော်ထံ လျှောက်ထားလာမှုကို တရားသူကြီးတွေက ပယ်ချခဲ့ပါတယ်။

ဒီ Drag ချီတက်ပွဲကို ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ Yang Heezy ကလည်း တောင်ကိုးရီးယားနိုင်ငံမှာ လိင်မှုနဲ့သက်ဆိုင်တဲ့ လူနည်းစုတွေအတွက် လူ့အခွင့်အရေးအရ အာမခံပေးနိုင်မှုအခြေအနေဟာ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်တယ်လို့ AFP နဲ့ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

Drag တွေရဲ့ ချီတက်ပွဲတွေ၊ တခြားသော Queer တွေနဲ့ ဆက်စပ်တဲ့ ယဉ်ကျေးမှုပွဲတွေဟာ လိင်မှုဆိုင်ရာ လူနည်းစုတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး မသိသေးတဲ့သူတွေအတွက်ပါ လေ့လာခွင့်ရဖို့ အထောက်အကူဖြစ်စေနိုင်တဲ့အတွက် ဒီလိုပွဲမျိုးတွေကို တောင်ကိုးရီးယားနိုင်ငံမှာ ဒီထက်ပိုပြီး ပြုလုပ်သင့်တယ်လို့ Yang Heezy က ပြောပါတယ်။

“ဒီနေ့ကျင်းပတဲ့ ပွဲမျိုးက လူတွေရဲ့ အာရုံစိုက်မှုတွေ ပိုမိုရလာအောင် လုပ်နိုင်တယ်” လို့ Yang Heezy က သူ့ရဲ့အမြင်ကို ပြောပါတယ်။

အဆိုပါ Drag ချီတက်ပွဲမှာ ပါဝင်ခဲ့တဲ့ Lola Bank ဆိုသူကလည်း “အများပြည်သူမြင်ကွင်းမှာ ဒီလိုမျိုး အဝတ်အစားတွေ ဝတ်၊ မိတ်ကပ်တွေလိမ်းပြီး ရပ်တည်ခွင့်ရတာက Drag တွေ၊ Queer တွေအပေါ် ကိုးရီးယားနိုင်ငံရဲ့လက်ခံနိုင်မှုဟာ ဘယ်လောက်အထိ ရှိလဲဆိုတာကို ပြသနေပါတယ်” လို့ ပြောပြပါတယ်။

ဒီ Drag ချီတက်ပွဲအတွင်းမှာ လိင်တူချင်း ဆက်ဆံတာကို ရှုတ်ချဖော်ပြထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး တစ်စုံတစ်ရာ တန်ပြန်ဆန္ဒပြတာမျိုးတွေတော့ မရှိခဲ့ဘူးလို့ဆိုပါတယ်။

“မိန်းမဆန်ခြင်း၊ ယောက်ျားဆန်ခြင်းဆိုတဲ့ကြားမှာ ကျွန်တော် အမြဲတမ်း ရုန်းကန်နေခဲ့ရတယ်။ အခု ကိုယ့်ကိုယ် ကို Drag တစ်ယောက်လို့ လုပ်လိုက်တဲ့အခါမှာတော့ ယောက်ျားဆို ဒီလိုမှဆိုတဲ့ လူ့အဖွဲ့အစည်းရဲ့ရှေးရိုးစွဲ သွန်သင်မှုနဲ့ မျှော်လင့်ချက်တွေကို ရဲရဲကြီး စိန်ခေါ်လိုက်တာပဲပေါ့” လို့ Lola Bank က ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထပ်မံ ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.