LGBT တွေအတွက် အထူးရည်ရွယ်ထားတဲ့ My Place Café & Restaurant ဆိုင်ကို ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေ ဖွင့်လှစ်

LGBT တွေအတွက် အထူးရည်ရွယ်ထားတယ်ဆိုတဲ့ My Place Cafe & Restaurant ဆိုင်ကို ဂျူလိုင်လ (၁၀) ရက်မှာ ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။ 

LGBT အမှတ်တရပစ္စည်းတွေနဲ့ ခင်းကျင်းခြယ်သထားတဲ့ အဆိုပါဆိုင်ကို သရုပ်ဆောင် ခိုင်နှင်းဝေနဲ့ ကို Terry Jop တို့မှ ပူးပေါင်းဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

“ဒီဆိုင်လေးဖွင့်ဖို့ ရည်ရွယ်ထားတာ (၃)နှစ်တော့ ကြာပါပြီ။ စိတ်ကူးလေးကတော့ အဓိက ဂျေဒီ (ကို Terry Jop) ပေါ့။ အဓိကကတော့ပရဟိတဆိုင်အနေနဲ့ပေါ့။ ဘာပဲဖြစ်ဖြစ် လှူလိုက်မယ်ဆိုရင် စီးပွားရေးလေးရှိထားတော့ အဆင်ပြေတယ်ပေါ့။ ဒီဆိုင်လေး ဖွင့်တဲ့အခါမှာလည်း အရင်းကိုယူပြီး အမြတ်ရဲ့ (၅၀) ရာခိုင်နှုန်းကို လှူဒါန်းဖို့ ဘဏ်အကောင့် သီးသန့် ဖွင့်ထားတယ်။ ဒီကရတဲ့ အမြတ်နဲ့ ပရဟိတလုပ်ငန်းတွေကို တိုးချဲ့လုပ်ဆောင်သွားမှာပါ။ ဒီမှာ ထူးခြားတာလေးတွေ မြင်ရမှာပါ။ LGBT တွေဆိုတာကလည်း လူသားတွေထဲက လူသားတွေပဲလေ။ အဲတော့ ဒီရပ်တန့်လို့ မရတဲ့ သဘာဝတရားကြီးကို အစ်မတို့က ပြစ်တင်ဝေဖန်ရှုတ်ချနေမယ့်အစား ပြုပြင်လို့ မရတဲ့အရာတစ်ခုကို လက်ကမ်းပြီး နေရာလေး ပေးချင်တယ်။ LGBT တွေ အစ်မတို့ဆိုင်လာရင်လည်း တစ်ယောက်နဲ့တစ်ယောက် မဝံ့မရဲမဖြစ်စေရဘူးပေါ့ ” လို့ ၎င်းဆိုင်အား ဖွင့်လှစ်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

သရုပ်ဆောင်ခိုင်နှင်းဝေဟာ LGBT အခွင့်အရေးတွေကို အားပေးထောက်ခံသူဖြစ်တဲ့အပြင် ကလေးအခွင့်အရေးနဲ့ ပတ်သက်လို့လည်း အထူးတက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပါတယ်။ ၎င်းအပြင် မြန်မာနိုင်ငံမှာ ကလေးသူငယ် အခွင့်အရေးအတွက် အထူးပြုဆောင်ရွက်နေတဲ့ United ACT အဖွဲ့ရဲ့ လူကုန်ကူးမှုတားဆီးရေးဆိုင်ရာ အထူးသံတမန်လည်း ဖြစ်ပါတယ်။

အဆိုပါဆိုင်ကို တာမွေမြို့နယ်မှာ ဖွင့်လှစ်ထားရှိပြီး ဆိုင်အတွင်း LGBT နှင့် သက်ဆိုင်သော ဆောင်ပုဒ်တွေ၊ စာသားတွေနဲ့ အလှဆင်ထားကာ LGBT အမှတ်အသား အသုံးအဆောင်ပစ္စည်းတွေကိုလည်း ခင်းကျင်းပြသထားပါတယ်။

“တို့နိုင်ငံမှာ ဒီလိုမျိုးဆိုင်တွေကို ဖွင့်လှစ်တာ နည်းပါတယ်။ ဒါ အခုမှ မြင်ဖူးတာ။ အခုလာတာက ခိုင်နှင်းဝေတို့၊ ဂျေဒီတို့နဲ့က သူငယ်ချင်းတွေလည်းဖြစ်တဲ့အပြင် LGBT နဲ့ပတ်သက်တဲ့ ဖိတ်ကြားမှုတွေကြောင့် ရောက်ရှိလာတာပါ” လို့ အဆိုပါဆိုင်ဖွင့်ပွဲသို့ တက်ရောက်ခဲ့တဲ့ ညီညီမောင် (စမ်းချောင်း) ခေါ် သုသု က သူရဲ့အမြင်ကို ပြောကြားခဲ့ပါတယ်။

အလားတူ ဆိုင်မျိုးတွေကို ရန်ကုန်မြို့အပြင် အခြားသောပြည်နယ်နှင့် တိုင်းတွေမှာ ဆက်လက်ဖွင့်လှစ်သွားရန် ရည်ရွယ်ထားတယ်လို့လည်း ခိုင်နှင်းဝေနှင့် ကို Terry Jop တို့က ပြောကြားခဲ့ပါတယ်။

အဆိုပါ My Place Cafe & Restaurant ဆိုင်ဖွင့်ပွဲသို့ နာမည်ကြီး အနုပညာရှင်အသိုင်းအဝိုင်းမှ ဧည့်သည်များနဲ့ LGBT အရေး လှုပ်ရှားသူများက တက်ရောက်အားပေးခဲ့ကြပါ တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.