MR TV 4 ရဲ့ Style Secret Season 4 မှာ LGBT ကိုယ်စားပြု သက်တံအလံမှာပါတဲ့ အရောင်တွေကို အခြေခံပြီး ဒီဇိုင်နာတွေက ဖန်တီးယှဉ်ပြိုင်သွားမယ်

MRTV-4 မှာ အောင်မြင်နေတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Style Secret အစီအစဉ် (၄)မှာ LGBT အသိုက်အဝန်းကို ကိုယ်စားပြုတဲ့ Rainbow အလံမှာပါရှိတဲ့ အရောင် (၆)ရောင်ကို ဖက်ရှင်တွေနဲ့ ဒီဇိုင်နာ (၆) ဦးက ဖန်တီးယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒီတပတ်ကတော့ LGBT ကို ကိုယ်စားပြုတဲ့ အလံကို ကိုယ်စားပြု ဖန်တီးတဲ့ ဒီဇိုင်းတွေ အများဆုံးပါမယ်။ ဒီလို လူတွေရဲ့ ခံစားချက်တွေကို အမိအရဖမ်းပြီး ဖန်တီးရတဲ့အပိုင်းတွေမှာ ဒီဇိုင်နာတွေ ဖန်တီးလိုက်တဲ့အရာနဲ့ အံဝင်ခွင်ကျဖြစ်ရဲ့လား ဆိုတဲ့အပေါ်မှာ ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုပွဲလေး လုပ်ပေးတဲ့အတွက် သူတို့ အရမ်းပျော်နေကြပါတယ်။ ဒီပွဲအတွက် LGBT တွေရဲ့ မှတ်တမ်းတင်တော့မှ သူတို့ဘယ်လောက်ထိ ခံစားရတယ်ဆိုတာ၊ သူတို့ပြောပြမှ ကျွန်တော်တို့ မသိသေးတာတွေ သိလိုက်ရတာတွေ အများကြီး ရှိလာရပါတယ်”လို့ MRTV-4 ရဲ့ Style Secret အစီအစဉ်ရဲ့ ကိုဇင်အောင်က ပြောပါတယ်။

ဒီပွဲရဲ့ အကြိုမိတ်ဆက်ပွဲကို စက်တင်ဘာလ(၂၆)ရက်နေ့က ပြည်သူ့ရင်ပြင်မှာရှိတဲ့ Yangon Restaurant မှာ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံကျော် မိတ်ကပ်ပညာရှင်တွေ၊ အနုပညာရှင်တွေနဲ့ MY PLACE ရဲ့ တာဝန်ရှိတွေ အပြင် LGBT အသိုင်းအဝိုင်းမှ မဖိတ်ခေါ်ထားသူတွေပါ တခဲနက် တက်ရောက်အားပေခဲ့ကြပါတယ်။

“ဒီအစီအစဉ်မှာ တဆင့်ပြီးတဆင့်ပြိုင်လာတာ ဒီဇိုင်နာ(၆)ဦး ကျန်တဲ့အချိန်မှာ Rainbow ရဲ့ အရောင်ကလည်း (၆)ရောင်ဆိုတော့ ဒီတစ်ပတ်ကို LGBT အစီအစဉ်အနေနဲ့ ပြုလုပ်ဖို့ ကိုဇင်အောင်နဲ့ တိုင်ပင်တယ်။ Rainbow တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အဓိပ္ပါယ်တွေကို ဒီဇိုင်နာတွေကို ရှင်းပြတယ်၊ ဂိုက်လိုင်းတွေပေးတယ်။ ကျွန်တော်တိုရဲ့ လိင်စိတ်ကိုင်းညွတ်မှုရဲ့ စိတ်ခံယူချက်တွေကို ဒီဇိုင်းဖန်တီးရာမှာ အထောက်အကူပြုစေဖို့ ရှင်းပြပါတယ်”လို့ MY PLACE Café& Restaurant ပိုင်ရှင်၊ MRTV-4, Style Secret အစီအစဉ် (၄)ရဲ့ ဒိုင်တစ်ဦးဖြစ်သူ ကိုJD က ပြောပါတယ်။

မြန်မာနိုင်ငံမှာ LGBT ယဉ်ကျေးမှုက အရမ်းနည်းပါးနေသလို အသုံးအဆောင်တွေ ၊ အဝတ်အစားတွေကအစ အရမ်းကို ရှားပါးကြတဲ့အတွက် ဒီဇိုင်နာတွေကသာ LGBT အလံအရောင်ပေါ်အခြေခံတဲ့ အဝတ်အစားတွေကို တီထွင်ဖန်တီးချုပ်လုပ် ရောင်းချပေးစေလိုပြီး ဒီလိုပွဲတွေကတဆင့် မြန်မာနိုင်ငံမှာ Rainbow ယဉ်ကျေးမှု ထွန်းကားလာစေရန် မျှော်မှန်းထားတယ်လို့ ကိုJD က ထပ်မံပြောပြပါတယ်။

“ညီမအနေနဲ့ LGBT ကို ပုံဖော်တဲ့အချိန်မှာ သုံးထားတဲ့အရောင်က အဖြူရောင်ကို အခြေခံထားပါတယ်။ ဘာကြောင့်လဲဆိုတော့ LGBT တွေပဲဖြစ်ဖြစ် ပုံမှန်လူသားပဲဖြစ်ဖြစ် အားလုံးက လူဆိုပြီးတော့တစ်ခုခုကို ကိုယ်စားပြုခြင်လို့ သုံးထားတာပါ။ ညီမ ချုပ်ရမှာက LGBT ထဲမှာမှ Gay အမျိုးအစားကို ချုပ်ရမှာပါ။ Gay အလံမှာပါတဲ့ အရောင်တွေကို သုံးထားပါတယ်။ ဒီဇိုင်းနာတစ်ယောက်အနေနဲ့ သူတို့အပြင်ထွက်တဲ့အချိန်မှာ သူတို့ရဲ့အလံမှာပါတဲ့ အရောင်တွေနဲ့ ပုံဖော်ထားတဲ့ ဒီဇိုုင်းလေးနဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်ကျကျဖြစ်အောင် တွေးပြီး လုပ်ပေးထားပါတယ်”လို့ ပြိုင်ပွဲဝင် ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ ဒီဇိုင်နာ ခိုင်ခင်ရွှေဝင်းက ပြောပါတယ်။

ဒီဇိုင်းနာတွေအနေနဲ့ LGBT ကို ကိုယ်စားပြုတဲ့ အလံရဲ့ အရောင်(၆)ရောင်ရဲ့ သဘောထားတွေကို နားလည်စေဖို့ရန် LGBT တွေနဲ့ တွေ့ဆုံကာ သူတို့ဘဝခံစားချက်တွေကို အရင်ဆုံး လေ့လာမှတ်တမ်းတင်ခဲ့ကြရပြီး ဒီအပေါ်မှာ ခံစားသက်ဝင်၍ ဖန်တီးယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.