မျိုးမပွားနိုင်အောင် အတင်းအကြပ် သင်းကွပ်ခံခဲ့ရတဲ့ Transgender တွေကို လျော်ကြေးပေးသွားမယ့် ဆွီဒင်နိုင်ငံ
လွန်ခဲ့တဲ့ နှစ်ကာလတွေအတွင်း မျိုးမပွားနိုင်အောင် အတင်းအကြပ် ဆောင်ရွက်ခံခဲ့ရတဲ့ Transgender တွေကို နစ်နာကြေးတွေ ပေးအပ်သွားဖို့ ဆွီဒင်နိုင်ငံ ပါလီမန်လွှတ်တော်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
မတ်လ (၂၁) ရက်နေ့က ဆွီဒင်ပါလီမန်လွှတ်တော်မှာ ဆုံးဖြတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်အရ ၁၉၇၂ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် အတွင်း ဥပဒေအရ အတင်းအကြပ် သင်းကွပ်ခံခဲ့ရတဲ့ Transgender ဦးရေ (၇၀၀) ခန့်အတွက် အကြုံးဝင်မှာ ဖြစ်ပါတယ်။
RFSL အဖွဲ့ရဲ့ ဝဘ်ဆိုက်မှာ ရေးသားဖော်ပြထားချက်အရ မျိုးမပွားနိုင်အောင် လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ Transgender တွေဟာ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၇၀၀၀ ခန့် လျော်ကြေးငွေအဖြစ် နစ်နာကြေးတွေရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆွီဒင်ပါလီမန်ရဲ့ ဒီဆုံးဖြတ်ချက်ကို LGBT တွေရဲ့ အခွင့်အရေးအတွက် ဆောင်ရွက်နေတဲ့ RFSL ဆိုတဲ့အဖွဲ့က ကြိုဆိုလိုက်ပါတယ်။ RFSL အဖွဲ့ဟာ ဆွီဒင်နိုင်ငံမှာ LGBT တွေရဲ့အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်ရာမှာ အထူးထင်ရှားပြီး ဩဇာတိက္ကမကြီးမားတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
“အလိုမတူဘဲ မျိုးပွားမှုစွမ်းဆောင်ရည်တွေ ဆုံးရှုံးသွားခဲ့ရတဲ့အတွက် နစ်နာဆုံးရှုံးခဲ့ရတာတွေအပေါ် ပိုက်ဆံက ဘာမှ ပြန်မလုပ်ပေးနိုင်ဘူး။ ဒါပေမဲ့ အတိတ်က ဆုံးရှုံးနစ်နာခဲ့ရတဲ့သူတွေကို ပြန်လည်ကုစားဖို့ဆိုရင် ငွေကြေးအရ နစ်နာကြေးတွေ ပေးအပ် တယ်ဆိုတာဟာ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်” လို့ RFSL ရဲ့ ပြောရေးဆိုခွင့်ရှိသူ Emelie Mire Asell က ပြောပါတယ်။
ဆွီဒင်နိုင်ငံဟာ Transgender တွေ လိင်ဝိသေသအသွင်အပြင် (ဂျင်ဒါ) ပြောင်းလဲဖို့အတွက် အကူးအပြောင်းကာလမှာ ဥပဒေအရ မဖြစ်မနေ လုပ်ဆောင်ရတဲ့ မျိုးပွားအင်္ဂါအား မျိုးမပွားနိုင်အောင် ပြုပြင်ရတဲ့အစီအစဉ်ကို ၂၀၁၃ ခုနှစ်မှာ ပြန်လည်ဖျက်သိမ်းခဲ့ပါတယ်။