Melody World Season 9 တေးအယ်လ်ဘမ်က တေးသံရှင် မောင် (ခ) မေသဇင်မောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ဒီတစ်ပတ် အင်တာဗျူးအစီအစဉ်မှာ Transgender Man တစ်ဦးလည်းဖြစ်၊ Melody World 2015 Season 9 ရဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ မေသဇင်မောင်ပဲ ဖြစ်ပါတယ်။ ရင်းနှီးသူအများစုကတော့ “မောင်” လို့ ခေါ်ကြပြီး သူရဲ့ အသံပါဝါအားကောင်းတဲ့ သီဆိုဟန်တွေကြောင့် ပြိင်ပွဲကာလမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာရရှိခဲ့ပါတယ်။ အခု အင်တာဗျုးကဏ္ဍမှာ LGBT တွေဟာလည်း နယ်ပယ်အသီးသီးမှာ မလျော့တဲ့ ဇွဲလုံ့လတွေနဲ့ အောင်မြင်မှုတွေရဖို့ ကြိုးစားနေတယ်ဆိုတာကို ပြသလိုတဲ့အတွက် မေသဇင်မောင် သို့မဟုတ် မောင် အကြောင်း တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

မင်္ဂလာပါ ။ စာဖတ်သူကို မောင်ရဲ့ နာမည်လေးနဲ့ အလုပ်အကိုင်လေးအကြောင်း မိတ်ဆက်ပေးစေလိုပါတယ်။

ကျွန်တော်နာမည်က မေသဇင်မောင် ပါ။ ရင်းနှီးသူတွေကတော့ Maung လို့ ခေါ်ပါတယ်။ လက်ရှိ အလုပ်အကိုင်ကတော့ Civil Engineer တစ်ယောက်ပါ။ အခုက Brighter Energy Co,Ltd မှာ Senior QA/QC Inspector ပါ။ Construction Site က သီလဝါ စက်မှုဇုံမှာပါ။

မောင်က ရန်ကုန် ဇာတိပဲလား။ မွေးချင်းတွေကရော ဘယ်လောက်ရှိလဲ။

ကျွန်တော်ဇာတိက မြိတ်ကပါ။ ဒါပေမယ့် ရန်ကုန်ရောက်တာ ကြာပါပြီ။

ဂီတကို ဘယ်တုန်းကတည်းက စိတ်ဝင်စားခဲ့တာလဲ။ ဘယ်ကတည်းက ဝါသနာပါခဲ့တာလဲ။

ကျွန်တော်က ဝါသနာအရ သီချင်းဆိုပါတယ်။ လွတ်လပ်မှုအရ ယောက်ျားလေးလို နေပါတယ်။ ကျွန်တော်ရဲ့ စိတ်ထွက်ပေါက်က ဂီတပဲ။ ငယ်ငယ်တုန်းကတော့ လျှောက်အော်တာပေါ့လေ။ ကြီးလာတော့ စနစ်တကျလေးဖြစ်အောင် အတတ်နိုင်ဆုံး လေ့လာခဲ့တာပေါ့။ ဂီတလမ်းကြောင်းကတော့ ပြိုင်ပွဲကပဲ တက်ခဲ့တာပါ။ ဘာအဆက်မှ မရှိပါဘူး။ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်ကစပြီး ပြိုင်ပွဲတွေဝင်၊ သီချင်းတွေ လိုက်ဆိုခဲ့တာပါ။

ဘယ်လိုသင်တန်းတွေ တက်ခဲ့လဲ။

တက်ခဲ့ပါတယ်။ ကျောင်းတတ်တုန်းက မနက်ပိုင်းကျူရှင်ပြီးရင် ညနေပိုင်းဆို ဂီတသင်တန်း သွားတက်တာ။ ဆရာဦးစောနုဆီမှာ အဆိုနဲ့ ဆရာဇော်လင်းရှိန်ဆီမှာ ဂစ်တာတီးတာ သင်ခဲ့ပါတယ်။

ကိုယ်ပိုင်စီးရီးခွေ ထုတ်ဖို့ကော အစီအစဉ်ရှိလား။ အခက်အခဲတွေရှိရင်လည်း ပြောပြနိုင်ပါတယ်။

အခွေထုတ်ဖို့က နည်းနည်းတော့ ကြာဦးမယ်။ ဘာပဲဖြစ်ဖြစ် အခုချိန်က အသစ်တယောက်ဆို နားထောင်ဖို့ ခက်ခဲတယ်လေ။ လက်ရှိက professional အလုပ်ဖြစ်တဲ့ Engineer လည်း လုပ်နေရတော့ သီချင်းဘက်ကို သိပ်မလှည့်နိုင်ဘူး ဖြစ်နေတာ။ ဒါပေမဲ့ တပုဒ်ချင်းစီကိုတော့ online က ဖြန့်ဖို့ အစီအစဉ်ရှိတယ်။ ရှေ့လထဲမှာ တစ်ပုဒ် စတင်မယ်။ ပြီးလို့ တစ်ခွေစာသီချင်းရရင် တစ်ခွေ လုပ်မယ်။ ပရိသတ်ကို ချပြမယ်။ ဒါက ကျွန်တော် ပန်းတိုင်သက်သက်ပဲ။ ရောင်းကောင်းတာ မကောင်းတာ မဆိုင်တော့ဘူး ။ လက်ရှိအနေနဲ့ကတော့ တစ်ခွေလုံးကို တစ်ခါထဲ လုပ်ဖို့လည်း မဖြစ်နိုင်သေးဘူးလေ။ အလုပ်တဖက်နဲ့မို့ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ကြိုးစားသွားမှာပါ။

မောင်တို့ စုပေါင်းထုတ်ထားတဲ့ season 9 အခွေလေး လတ်တလော ထွက်ထားတယ်ဆို။ အခြေအနေ ဘယ်လိုရှိလဲ။

Melody World အခွေက မတ်လ (၇) ရက်နေ့မှာ စာနယ်ဇင်းရှင်းလင်းပွဲ လုပ်ခဲ့တယ်။ မတ်လ (၈) ရက်နေ့က တော့ လှည်းတန်းစင်တာမှာ promotion ပွဲပေါ့။ အောင်မြင်မှု အတိုင်းအတာတစ်ခုထိ ရခဲ့တယ်လို့ သုံးသပ်လိုု့ရပါတယ်။

မောင်က ငယ်ငယ်ကတည်းက အခုလို ယောက်ျားလေးလိုမျိုး နေခဲ့တာလား။ မိဘတွေကကော ဘယ်လိုသဘောထားလဲ။

ငယ်ငယ်ကတည်းက ဒီလိုမျိုးနေခဲ့တာ။ မိဘတွေကတော့ ဒီလိုနေထိုင်တာကို ဘာမှတော့ မပြောပါဘူး။ အဖေက ယောက်ျားလေး လိုချင်တာလေ။ ဒါကြောင့် အခုလိုနေတာ မတားမြစ်တာလား မပြောတတ်ဘူး။ မွေးချင်းကလည်း တစ်ယောက်ထဲလေ။ ငယ်ငယ်ကတည်းက ဆော့ကစားရင် သေနတ်တို့၊ သဲအိတ်တို့၊ ချက်စ်တို့ပဲ ဆော့တာလေ။ အိုးပုတ်တို့၊ ဘိုမရုပ်တို့နဲ့ မဆော့တတ်ဘူး။ သီချင်းစဆိုတာကို အားပေးတာကတော့ မိဘတွေက ထိပ်ဆုံးကပေါ့။

ဒါဆို မောင်အနေနဲ့ မိဘတွေရဲ့အားပေးထောက်ခံမှုတွေ အများကြီး ရထားတယ်လို့ ဆိုနိုင်တယ်ပေါ့။ ပြီးတော့ LGBT တွေအပေါ်မှာ ဘယ်လိုသဘောထားလဲ။

လူတိုင်းမှာ ကိုယ့်ရဲ့လွတ်လပ်ပိုင်ခွင့် ကိုယ်စီရှိကြပြီး ကိုယ့်လွတ်လပ်ပိုင်ခွင့်ကို ကိုယ်ကြိုက်သလို အသုံး ပြုလို့ရပါတယ်။ သူတပါးကို မထိခိုက်တဲ့ လွတ်လပ်ပိုင်ခွင့်မျိုး ဖြစ်ဖို့တော့ အရေးကြီးတယ်လို့ ယူဆပါတယ်။ ပြီးတော့ ကိုယ် ရွေးချယ်တဲ့လမ်း ကိုယ် လျှောက်ကြတာမို့ သူတို့ကို အထင်သေးရှုတ်ချစရာလည်း မလိုပါဘူး။ လူက လူပါပဲ ။ လူစိတ် ရှိနေသရွေ့ လူပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း Tomboy တယောက်ပါ။

မောင်အနေနဲ့ LGBT လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်နေတာမျိုး ရှိလား။

ကျွန်တော်အနေနဲ့ LGBT လှုပ်ရှားမှုတွေမှာ အလုပ်တစ်ဖက်နဲ့မို့ သိပ်ပြီးအထိအတွေ့မရှိပေမယ့် LGBT လှုပ်ရှားမှုတွေနဲ့ ပတ်သက်ရင် အမြဲထောက်ခံအားပေးနေသူ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.