Transgender မော်ဒယ်၊ သရုပ်ဆောင် စစ်ပိုးအိမ်နှင့် တွေ့ဆုံမေးမြန်းခြင်း

ယခုလရဲ့ In & Out ကဏ္ဍအတွက် ရွေးချယ်ထားသူကတော့ စစ်ပိုးအိမ်ပဲ ဖြစ်ပါတယ်။ စစ်ပိုးအိမ်ဟာTransgender အမျိုးသမီးတစ်ဦးဖြစ်ပြီး Miss Grand Transgender International Yangon 2018 ပြိုင်ပွဲမှာ Miss ATT Award၊ Miss Internet Award ဆုနဲ့ Yangon East Winner Award ဆုကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။ မော်ဒယ်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သူမဟာ ဝါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း တစတစ အောင်မြင်လာတာကို တွေ့ရပါတယ်။ သူမဖြတ်သန်းရာ ငယ်ဘဝခံစားချက်တွေနဲ့ ရှေ့ဆက်လုပ်ကိုင်မယ့် စိတ်ကူးအိပ်မက်တွေကို မေးမြန်းတင်ဆက်ထားပါတယ်။

အနုပညာလှုပ်ရှားမှုတွေ ဘယ်လိုလုပ်ဖြစ်သွားတာလဲဆိုတာ ပြောပြပေးပါဦး။

ညီမ လောလောဆယ် Model လုပ်နေပါတယ်။ ညီမရဲ့ အနုပညာသက်တမ်းက ဘယ်လောက်မှမရှိသေးဘူး။ ၂၀၁၇ ဩဂုတ်ကမှ စစ်ပိုးအိမ်ဆိုတဲ့နာမည်ကို စသိလာကြတာ။ ညီမက အစောကြီးကတည်းက ဓာတ်ပုံတွေရိုက်တာ ဝါသနာပါတော့ ဓာတ်ပုံတွေရိုက်တယ်။ သူငယ်ချင်းတွေနဲ့ Shooting တွေဖန်တီးပြီး ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ်တင်ရင်းနဲ့ ညီမကို သိလာကြတယ်။

ဓာတ်ပုံရိုက်တာကို ငယ်ငယ်ကတည်းက ဝါသနာပါတာလား။ ဘယ်လို လူသိများလာခဲ့တာလဲ။

ဓာတ်ပုံရိုက်တာ အရင်ကတည်းက ဝါသနာပါတယ်။ Instagram နဲ့ Website တွေထဲမှာ ဝင်ကြည့်ပြီးတော့ အဲ့လိုပုံစံလေးတွေကို လိုက်ရိုက်တယ်။ တစ်ရက် Instagram မှာ နိုင်ငံခြားသူ ကောင်မလေးတယောက် ရိုက်ထားတာကိုတွေ့ပြီး သဘောကျတယ်။ ရိုက်ကြည့်ချင်တယ်။ အဲဒါကို ဓာတ်ပုံဆရာနဲ့တိုင်ပင်ပြီး ရိုက်ဖြစ်သွားတယ်။ အဲဒါလေးက Nude Art ဆိုတော့ အင်္ကျီဘရာစွပ်လေးနဲ့ ကျောပုံစံလေးတွေ၊ အဲဒီပုံလေးတွေကို လူတွေစပြီး သတိထားမိသွားတာ။ ဒါပေမဲ့ မိန်းမလျာဖြစ်တယ်လို့ သတိမထားမိကြဘူး။ နောက်ပိုင်းပုံတွေအားလုံးကို စုပြီးတင်မှ Transgender ပါလို့ ပြောလိုက်တယ်။ အဲတော့မှ လူတွေပိုပြီး သတိထားမိလာတယ်။ နောက်ပိုင်း Interview တွေ ရိုက်ဖြစ်ပြီးတော့ Commercial တွေပါ ရိုက်ဖြစ်လာတယ်။

လူမှုကွန်ယက်ပေါ်မှာ လူတွေရဲ့တုံ့ပြန်မှုက ဘယ်လိုရှိခဲ့လဲ။ ဝေဖန်မှုတွေကိုကော ဘယ်လိုရင်ဆိုင်ခဲ့သလဲ။

လူတွေက ကောင်းတာတွေရော၊ မကောင်းတာတွေရော ပြောနေကြတာပါပဲ။ အကောင့်တွေကလည်း အများကြီးဖွင့်လို့ရတဲ့အခါကျတော့ မြန်မာမိန်းကလေးဆိုရင် ဒီလိုမဝတ်သင့်ဘူးဆိုပြီး ရေးကြတယ်။ မိန်းကလေးလို့ထင်ပြီး ရေးကြတာပေါ့။ ချစ်လို့ခင်လို့ ပြောကြတဲ့ လူတွေရှိသလို ကိုယ့်ရဲ့အားနည်းချက်တွေကိုကြည့်ပြီး ပြောကြတဲ့လူတွေလည်းရှိတာပေါ့။ တစ်ခါတလေကျ စိတ်မကောင်းဖြစ်ပေမယ့် ကိုယ်ရွေးချယ်ထားတဲ့ အရာတစ်ခုကို ဆုံးခန်းတိုင်အောင် ဆက်လုပ်ဖို့ အားတင်းရှေ့ဆက်ရတာပါပဲ။

Transgender တစ်ယောက်အနေနဲ့ ငယ်ဘဝကို ဘယ်လိုရင်ဆိုင်ခဲ့ရသလဲ။

ညီမတို့ရခိုင်မှာ မိန်းမလျာဆိုရင် လက်ခံချင်ကြတဲ့လူမရှိဘူး။ သိပ်ပြီးတော့ လူရာလည်းမသွင်းချင်ကြဘူး။ ညီမကိုယ်တိုင်လည်း နယ်မှာနေတုန်းက ကောင်းကောင်းမွန်မွန်နေခဲ့တယ်။ အရမ်းလည်း အပြင်မထွက်ဘူး။ ကိုယ့်မိသားစု ကျောထောက်နောက်ခံလည်းရှိတော့ အရမ်းကြီးမပြောကျပါဘူး။ ဒါပေမဲ့ မကြိုက်ကျဘူးပေါ့နော်။ ဘယ်လိုပဲဖြစ်ပါစေ၊ လူတိုင်းလုပ်လေ့လုပ်ထရှိတဲ့ လုပ်ရပ်တွေကို သူများတွေ ဘယ်လိုပဲလုပ်လုပ် ပြဿနာမရှိပေမယ့် ကိုယ်တွေလုပ်ခဲ့မိရင် အပြစ်ပြောချင်ကျတယ်။ နယ်မှာတော့ နယ်ဓလေ့ထုံးစံအတိုင်း ကြုံခဲ့ရတယ်။

အိမ်နဲ့ကော ဘယ်လိုမျိုး အတိုက်အခံတွေလုပ်ခဲ့ရလဲ။

အိမ်ကတော့ ကိုယ့်သား မိန်းမလျာစိတ်ရှိတယ်ဆိုတာ ငယ်ငယ်ကတည်းက သိမယ်ထင်တယ်။ ငယ်ငယ်ကတည်းက မိန်းကလေးကစားနည်းတွေကိုပဲ ကစားတယ်။ မျက်နှာသုတ်ပဝါတွေနဲ့ ဆံပင်အတုဖန်တီးပြီး ဆော့တာတွေကြောင့် မိဘတွေက ရိပ်မိမှာပဲ။ ဒါပေမဲ့ ပထမနှစ်ရောက်မှစပြီးတော့ မိန်းကလေးလိုနေတယ်။ မိန်းကလေးလို ပုံစံတော့ မဟုတ်ဘူးပေါ့။ အဲ့နောက်မှ စပြီးတော့ ပြင်ပြင်ဆင်ဆင်လေးနေဖြစ်တယ်။ တဖြည်းဖြည်းနဲ့ ဆံပင်လည်းရှည်လာတော့ ဝတ်တာလေးတွေလည်း ပြောင်းလာတယ်။ နယ်မှာဆိုတော့ အရမ်းကြီး အမြင်ကပ်အောင် မဝတ်ဖြစ်ဘူး။

တက္ကသိုလ်မှာကော ဘယ်လို ဝတ်စားဆင်ယင်ခဲ့လဲ။

ကျောင်းက စည်းကမ်းဆိုတော့ ကိုယ်ကပြုပြင်လို့မရဘူး။ ပုဆိုးလေးနဲ့ပဲ ဝတ်ခဲ့ရတယ်။

ရုပ်ရှင်ဇာတ်ဝင်တေးတစ်ပုဒ်ကို MTV ရိုက် ဖြစ်တဲ့အကြောင်း ပြောပြပေးပါဦး။

MTV က “ဂယ်ပဲသရဲနဲ့ သူငယ်များ” ရုပ်ရှင်ဇာတ်ဝင်တေးဖြစ်တဲ့ “အယောင်ဆောင်ဝင်္ကပါ” ဆိုတဲ့ သီချင်းလေး။ ကိုအာကာဟိန်းက ညီမကိုကမ်းလှမ်းလာတာ။ Transgender တွေ အများကြီးထဲမှ ကိုယ့်ကိုရွေးတယ်ဆိုတော့ အကောင်းဆုံးကြိုးစားခဲ့တာပေါ့နော်။ ကိုအာကာဟိန်းက အစအဆုံးသင်ပေးတယ်။ MTV ထွက်လာတော့လည်း Transgender တွေကြားမှာ တော်တော်လေးပေါက်တယ်။ အိမ်ကိုပြောပြတော့ အိမ်ကလူတွေက ဝမ်းသာတယ်။ အားလုံးအားပေးကြတယ်။

ရုပ်ရှင်လောကမှာ LGBT တွေကို သဘာဝလွန် ဟာသဇာတ်ရုပ်တွေအနေနဲ့ ပုံဖော်ရိုက်ကူးနေတာကိုကော ညီမအနေနဲ့ ဒီအပေါ်မှာ ဘယ်လိုထင်မြင်ယူဆပါသလဲ။

အရင်တုန်းကဆို ပိုဆိုးတာပေါ့။ ရုပ်ရှင်မှာဆိုရင် Transgender တွေက ဖြစ်ကတတ်ဆန်း အမြင်ရိုင်းတဲ့ နေရာတွေမှာပဲ သရုပ်ဆောင်ရတယ်။ အပြင်မှာတကယ်မရှိတဲ့ သရုပ်ဆောင်တာတွေကို မရှိစေချင်ဘူး။ အခု မြန်မာ့ရုပ်ရှင်အစည်းအရုံးကလည်း LGBT တွေကို နှိမ့်ချတဲ့ပုံစံမျိုး ရိုက်ကူးတာကို တားမြစ်ထားတယ်လို့ သိရပါတယ်။ ညီမတော့ အဲဒါကို လက်ခံထောက်ခံပါတယ်။

မိန်းကလေးတစ်ယောက်လိုဖြစ်ဖို့ ခွဲစိတ်ဖို့ရောရှိလား။

ဆန္ဒရှိပါတယ်။ မိန်းကလေးတစ်ယောက်အဖြစ် ခွဲစိတ်လို့လည်း မိန်းကလေးတစ်ယောက် ဖြစ်သွားတာတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်နဲ့ အနီးစပ်ဆုံးတူတဲ့ မိန်းကလေးတော့ ဖြစ်ချင်တာပေါ့။ Miss Universe တွေမှာလည်း Sex ချိန်းထားတဲ့သူတွေ ဝင်ပါခွင့်ရတယ်ဆိုတာ ကြားမိတယ်။

မျိုးဆက်သစ် LGBT တွေကို အားပေးစကားလေးတွေလည်း ပြောပေးပါဦး။

ဘာမှအားငယ်စရာမရှိပါဘူး။ LGBT ဘဝကို ပုန်းကွယ်နေစရာမလိုပါဘူး။ လူတွေကို အပြစ်တင်စရာလည်းမလိုဘူး။ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းကို အကောင်းဆုံးနေထိုင်ပါ။ ကိုယ်ကျွမ်းကျင်တဲ့ပညာရပ်နဲ့ နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်အောင်လုပ်ပြီး နေထိုင်သွားကြပါလို့ ပြောချင်ပါတယ်။

ခေတ်သစ်လူ
စီစဉ်တင်ဆက်သည်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.