Z & Honey ဟာ အမျိုးသမီးချင်း ချစ်သူစုံတွဲတွေဖြစ်ပြီး ၎င်းတို့နှစ်ဦးရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ဓါတ်ပုံလေးတွေကို လူမှုကွန်ရက်စာမျက် နှာပေါ်တင်ခဲ့ရာမှ လူအများရဲ့ ကဲ့ရဲ့တိုက်ခိုက်မှုတွေကြောင့် လူသိများ ထင်ရှားလာခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်ခံရမှုတွေကို သူတို့အနေနဲ့ ဘယ်လိုကြံကြံခိုင် ရင်ဆိုင်ခဲ့လဲ၊ ချစ်ခရီးလမ်းမှာလည်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုနားလည်မှုတွေနဲ့ လျှောက်လှမ်းနေကြသလဲဆိုတာကို မေးမြန်း တင်ဆက်ပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ နှစ်ယောက်သား စတွေ့ ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါလား။

Z- ပထမဆုံး စတွေ့ဖြစ်တာကတော့ Z ရဲ့ သူငယ်ချင်းက မိတ်ဆက်ပေးတာပေါ့။ အဲဒီကနေ သူ့ Facebook ကို ဝင်ကြည့် ဖြစ်တယ်။ သူ့ပုံလေးတွေ save ထားတယ်။ နောက် တဖြည်းဖြည်း စိတ်ဝင်စားလာတော့ သူ့ကို ဖွင့်ပြောဖြစ်ခဲ့တယ်။

Honey-သူ စကားတွေ ဘာတွေ လာပြောတယ်။ ပထမတုန်းကတော့ သူ့ခံစားချက်တွေကို သိပ်မသိဘူး။ သူ စကားလာပြောတယ်။ ပြန် ပြောပေးတယ်။ ဒီလောက်ပဲ။ ကိုယ်က အလုပ်တစ်ဖက်နဲ့ မအားပေမယ့် သူ့ကို အချိန်ပေးဖြစ်တယ်။ နောက်ပိုင်းကြတော့မှ သူ ကိုယ့်ကို ချစ်တာကို သိလာခဲ့တာ။

ကိုယ်က LGBT စုံတွဲဖြစ်တဲ့အတွက် ဘယ်လို ပြဿနာတွေကို ရင်ဆိုင်ရလဲ။

Z- သူနဲ့ ချစ်သူစဖြစ်ချိန်မှာ ရင်ဆိုင်ရတာက သူငယ်ချင်းတွေပေါ့။ ကိုယ့်အချစ်ဆုံး သူငယ်ချင်းတွေက လက်စဘီယံတွေ၊ LGBT တွေဆိုတာကို နားလည်မပေးကြဘူး။ အကုန်လုံးက ဘုရားဟောတဲ့ ဝဋ်ကြွေးဆိုတာနဲ့ ကိုင်ပေါက်ကြတယ်။ ဒီဘဝမှာ နင်ဒီစိတ်တွေကို မပြင်ဆင်ဘူးဆိုရင် နောက်ဘဝတွေမှာ ဒီစိတ်ကြီး ပါလာလိမ့်မယ်၊ နင် ဒီလိုဖြစ်နေတာ ရှက်ဖို့ ကောင်းတယ်၊ ပြုပြင်သင့်တယ်ဆိုပြီး ပြောကြတယ်။ ဝိုင်းတားတယ်။ ဒါပေမဲ့ Z- ကလည်း သူတို့တွေ တစ်ချိန်ကြရင် နားလည်လာလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် ငါ သူ့လက်ကို မလွှတ်ဘူးဆိုပြီး ရှေ့ဆက်ခဲ့တယ်။

Honey- သူ ဖွင့်ပြောလာတုန်းက ငြင်းခဲ့တယ်။ သူ့ကိုလည်း မယုံရဲသလို တစ်ဘဝစာကြီးအတွက် သေချာလား ဆိုတာကိုလည်း ကိုယ့်ကိုယ်ကို စဉ်းစားတယ်။ ကိုယ်ချစ်တဲ့ လူကိုပဲ ကိုယ့်ဘဝတစ်လျှောက်လုံး လက်တွဲသွားချင်တယ်။ ဟန်နီက ဖုံးကွယ်ထားရတာတွေ၊ ပုန်းလျှိုး ကွယ်လျှိုး လုပ်ရတာတွေ မကြိုက်ဘူး။ ကိုယ့်အိမ်ကလည်း ကိုယ် ယောကျာ်းယူမှာ မဟုတ်ဘူးဆိုတာ သိတယ်။ နောက်ပြီး ကိုယ့်ပတ်ဝန်း ကျင်မှာက Trans man (ယောကျာ်းလျာ)တွေလည်း အများကြီးရှိတယ်။ ချစ်ခင်ကြတယ်။ ဒီတော့ ဟန်နီဖက်က အဲလောက် ပြဿနာမရှိဘူး။ ဟန်နီကိုယ်တိုင်လည်း တနေ့နေ့မှာ တစ်ယောက်ယောက်ကို တွဲဖြစ်ခဲ့ရင် အားလုံးကို လူသိရှင်ကြား တရားဝင်ချပြနိုင်ရမယ်လို့ တွေးထားပြီးသား။ အဲဒီမိန်းကလေးဟာလည်း ကိုယ့်ဖြစ်တည်မှုရော၊ သူ့ဖြစ်တည်မှုကိုပါ နားလည်ပြီး လက်ခံနိုင်တဲ့ လူမျိုး၊ ကိုယ်ချပြနိုင်သလို သူကလည်း ချပြနိုင်တဲ့သူမျိုး ဖြစ်ရမယ်ပေါ့။ သူနဲ့ကိုယ်နဲ့ ခင်တဲ့တစ်လျှောက်လုံး သူ့မှာက အခက်အခဲတွေ အများကြီးပဲ။ အစကတော့ သူ့မိသားစု၊ သူ့ပတ်ဝန်းကျင်၊ သူ့ လူနေမှုပုံစံတွေကိုကြည့်ပြီး ကိုယ့်တစ်ဘဝလုံး လက်တွဲလို့ရမယ့်သူ မဟုတ်ဘူးလို့ သတ်မှတ်ခဲ့တာပေါ့နော်။ သူ့ ဘေးနားမှာ သူငယ်ချင်းမိတ်ဆွေလိုပဲနေမယ်လို့ပဲ စဉ်းစားထားတာ။ ဒါပေမဲ့ နောက်ပိုင်းတော့ သူ့ကို ချစ်သွားတယ်။

တလောက လူမှုကွန်ရက်စာမျက်နှာပေါ် မြန်မာဝတ်စုံလေးတွေနဲ့ ပုံတွေ တင်လိုက်တာကို တွေ့ရတယ်။ ဘယ်လို ရိုက်ဖြစ်သွားလဲ သိပါရစေ။

Honey- အဲဒါက ဟန်နီတို့သူငယ်ချင်းတစ်ယောက် ရှိတယ်။ အီတလီကပဲ။ သူက မြန်မာနိုင်ငံမှာ ဒီလိုမျိုးစုံတွဲ လေးတွေ ရှိတာကို သဘော ကျတယ်။ သူကိုယ်တိုင်လည်း ဒီလို ဖြစ်တည်မှုတစ်ခုကို လေးစားတယ်။ သူက အဲလိုလေးတွေ အရမ်းချစ်တယ်။ သူနဲ့တွေ့တဲ့အခါတိုင်းလို လို မြန်မာဝတ်စုံလေးတွေ ဝတ်တာမြင်တော့ အရမ်းသဘောကျတာနဲ့ အမှတ်တရအနေနဲ့ ရိုက်ချင်တယ်၊ အဲလိုမျိုးလေး ရိုက်ခွင့်ပေးပါဆိုတာနဲ့ လက်ခံပြီးတော့ ရိုက်ကူး ဖြစ်ခဲ့တယ်။ အဲဒါနဲ့ အမှတ်တရဖြစ်အောင် Facebook မှာ တင်လိုက်တာပါ။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ အဲပုံလေးတွေကြောင့် အတော်လေး ပွဲဆူသွားတာကို တွေ့ရတယ်နော်။

Honey- တင်တုန်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ကိုယ်နေ့စဉ် သွားလာလှုပ်ရှားနေတဲ့ အမှတ်တရလေးတွေတောင် တင်နေသေးတာပဲ။ ဒီပုံလေးတွေလည်း ကိုယ့်အတွက် အမှတ်တရဆိုပြီး တင်လိုက်တာပါ။ အရာအားလုံးက ရိုးရိုးလေးပဲလို့ ထင်ပြီး တင်လိုက်ပေမယ့် Cyber Bullying အများကြီး လုပ်ခံရတယ်။ မြန်မာနိုင်ငံမှာ ဒါမျိုးတွေ လက်ထပ်လို့ ရနေပြီလားတို့၊ စိတ်ပျက်စရာကောင်းတယ်တို့၊ ပြီးတော့ တခြား ရိုင်းစိုင်းတဲ့ မှတ်ချက်တွေလည်း တွေ့ရပါတယ်။ တချို့ဆို နှမသားချင်း မစာနာဘဲ ဆဲဆိုကြတယ်။ ပိုအံ့ဩဖို့ကောင်းတာက မိန်းက လေးအချင်း ချင်း ကိုယ်ချင်းမစာ ဆဲဆိုကြတာကိုပဲ။ အဲဒီပို့စ်ကို Share ကြသူတွေ၊ ဆဲကြသူတွေနဲ့ တော်တော်လေးကို ပွဲဆူသွားခဲ့ပါတယ်။ လူတွေရဲ့ Hate Speech ပေါ့။ တော်တော်ကြောက်ဖို့ ကောင်းပါတယ်။ ကျွန်မတို့ LGBT တွေအနေနဲ့ ဥပဒေရဲ့ အကာအကွယ်လည်း အရမ်းကို နည်းနေပါသေးတယ်။

တချို့ဆိုရင် ညီမတို့ရဲ့ပုံတွေယူပြီး လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းအကောင့် (Sex Account ) တွေတောင် လုပ်ခဲ့ကြတယ်နော်။ ဒီအပေါ်မှာ ဘယ်လို တုံ့ပြန်ခဲ့ကြလဲ။

Honey- ဟန်နီတို့ ဒီလိုဆဲထားတဲ့ Comment တွေကို တစ်ခုမှ မဖျက်ခဲ့ဘူး။ ကျွန်မတို့ရဲ့ အမှတ်တရတွေထဲမှာ ဒီလိုမျိုးတွေ ရှိခဲ့ပါလားဆိုတာ ပြန်သတိရနေအောင်လို့၊ ကျွန်မတို့ ဘယ်လို ခက်ခဲခဲ့လဲဆိုတာ အမှတ်ရနေအောင်လို့။ မြန်မာနိုင်ငံမှာ Gender အပေါ်မှာ မြင်နေတဲ့အမြင်တွေ မပြောင်းလဲသေးတာကိုလည်း တွေ့ရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မကြိုက်တာတော့ အမှန်ပဲ။ ကိုယ့်ကို ဆဲဆိုတာမျိုး ဘယ်အပြောခံချင်မလဲ။ အရမ်းဝမ်းနည်းတယ်။ ဒါပေမဲ့ ကိုယ်ဘယ်လောက်ဝမ်းနည်းပါစေ။ ကိုယ့်ဖြစ်တည်မှုက ပြောင်းလဲမှာ မဟုတ်ဘူး။ အဲဒီတော့ သူတို့လက်ခံလာအောင် ဘယ်လိုလုပ်မလဲ၊ ငါတို့ ဘယ်လိုကြိုးစားကြမလဲ၊ သူတို့တွေရဲ့ Gender ဆိုင်ရာ ခွဲခြားမှုအမြင်တွေကို ငါတို့ ဘယ်လို ပြုပြင်ပြောင်းလဲယူကြမလဲဆိုတဲ့ အပြုသဘောဆောင်တဲ့ အတွေးမျိုးတွေကိုပဲ တွေးတယ်။

Z- Z ကတော့ သူနဲ့စပြီး ချစ်သူဖြစ်ကတည်းက ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေ၊ မိသားစုရဲ့ ရိုက်ခတ်မှုတွေ၊ မိတ်ဆွေအပေါင်းအသင်း သူငယ် ချင်းတွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရတာဆိုတော့ ဘာမှတော့ ထူးထွေပြီး မခံစားရတော့ပါဘူး။ ဒါပေမဲ့ သူတို့ဒီလို တိုက်ခိုက်လေပိုပြီး ခိုင်မာလာလေပဲ။ စိတ်ကပိုပြီး ခိုင်မာလာတယ်။ ငါတို့နှစ်ယောက် ဘယ်လောက်ထိ မြဲမြံတယ်ဆိုတာ သူတို့ သိစေရမယ်ဆိုတဲ့ စိတ်ကို မွေးမြူထားတယ်။

မိသားစုဝင်တွေရဲ့ တုံ့ပြန်မှုကရော ဘယ်လိုရှိလဲ။

Honey- မိသားစုတွေကတော့ ဒီပုံလေးတွေကိုမြင်တော့ မိန်းကလေးပုံစံနဲ့ကျတော့ နှစ်ယောက်လုံးက ချစ်စရာလေးလို့ ပြောတယ်။ Z ရဲ့  အမေက ဒီပုံလေးကို အမျိုးတွေလာရင် သူတို့ နှစ်ယောက်ပုံလေးဆိုပြီး ထုတ်ပြတယ်။ ပျော်ရပါတယ်။

မိသားစုတွေက နားလည်ပေးတယ်ဆိုတဲ့ သဘောပေါ့။ LGBT တွေအတွက် မိသားစုပံ့ပိုးမှုက ဘယ်လောက်အထိ အရေးပါသလဲ။

Honey- အပြင်မှာ အတိုက်အခိုက်တွေ ရှိနေချိန်မှာ မိသားစုက ကိုယ့်ကို နားလည်ပေးတဲ့အတွက် တကယ့်ကို ကျေးဇူးတင်ရပါတယ်။ ဟန်နီတို့လို ခွဲခြားခံရတဲ့ LGBT တွေအတွက် လမ်းမှားရောက် မသွားဖို့ဆိုတာကလေ အမှီတစ်ခု ရှိဖို့လိုတယ်။ အဲဒီအမှီက ကိုယ့်မိသားစုပဲ။ ကိုယ့်မိသားစုက ကိုယ့်ကို တံတိုင်းကြီးလို ကာကွယ်ပေးထားရင် ပတ်ဝန်းကျင်က ဘယ်လိုတိုက်ခိုက် တိုက်ခိုက် ကိုယ့်မှာ နားခိုစရာတံ တိုင်းကြီးကတော့ ရှိနေတာပဲလေ။ အဲတော့ မိသားစုဝင်တွေက ကာကွယ်ပေးနေသရွေ့ ဟန်နီတို့လို LGBT လူငယ်လေးတွေ လမ်းမှား ရောက် စရာမရှိပါဘူး။ မိသားစုကပါ ပစ်ပယ်ထားရင်တော့ လျှောက်ရမယ့်လမ်းက လိုတာထက် ပိုပြီး ခက်ခဲလာမယ်။ ဒါကြောင့် မိသားစုရဲ့ပံ့ပိုးမှုက အရမ်းကို အရေးပါပါတယ်။

လက်ရှိမှာ ဘာတွေလုပ်နေလဲ။ အနာဂတ်မှာ ဘာတွေလုပ်ဖို့ ရှိလဲ။ ဘာတွေ စိတ်ကူးထားလဲ။

Z- Z ကတော့ ငယ်ငယ်လေးကတည်းက အဆိုတော် ဖြစ်ချင်တယ်။ ဒီအတိုင်းလည်း သီချင်းလေးတွေ ရေးတယ်။ ဆိုထားတဲ့ သီချင်းလေးတွေကိုလည်း Online ပေါ် တင်ဖြစ်တယ်။ သူငယ်ချင်းတွေနဲ့ လုပ်ထားတဲ့ သီချင်းလေးတွေ ရှိတယ်။ Studio မှာ သွင်းထားတဲ့ သီချင်းလေးတွေလည်း ရှိတယ်။ ငါ တစ်နေ့ အဆိုတော် ဖြစ်ရမယ်ဆိုတဲ့ စိတ်လေးတော့ ရှိတာပေါ့။ ပြိုင်ပွဲတွေလည်း ဝင်ပြိုင်ဖို့ စဉ်းစားထားတာ ရှိပါတယ်။ လက်ရှိမှာ Honey & Z ဆိုတဲ့ Printing Services လေး လုပ်နေပါတယ်။ တစ်ဖက်ကလည်း Z မိဘတွေရဲ့ လုပ်ငန်းဖြစ်တဲ့ လျှပ်စစ်နဲ့ ကုန်မာဆိုင်၊ ဖယောင်းပုဆိုးဆိုင်တွေနဲ့ စတိုးဆိုင်တွေကို ဦးစီးလုပ်ကိုင်ပေးနေပါတယ်။

Honey- ဟန်နီကတော့ ကျောင်းပြီးတဲ့အချိန်မှာ Professional Auditor အဖြစ် လုပ်ခဲ့တယ်။ ဒါပေမဲ့ ဟန်နီ စိတ်ဝင်စားတာက Filmmaker တစ်ယောက် ဖြစ်ချင်တယ်။ အဲဒီအတွက်လည်း ဟန်နီ အခုချိန်မှာ ကြိုးစားနေတယ်။ နောက်ထပ် အဖြစ်ချင်ဆုံးဆန္ဒကတော့ သူ့ကို သူ ဝါသနာပါတဲ့ဟာနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ပြီး ရပ်တည်လို့ရအောင် အကောင်းဆုံး ပံ့ပိုးချင်တယ်။ ဒါက ဟန်နီ အဖြစ်ချင်ဆုံး ဆန္ဒပါပဲ။

တခြား LGBT တွေအတွက် တစ်ခုခု ဘာပြောချင်လဲ။

Honey- ကိုယ့်ဖြစ်တည်မှုကို လေးစားပါလို့ ပြောချင်ပါတယ်။ တခြားလူတွေ ကိုယ့်ကို လေးစားတတ်ဖို့ဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို လေးစားတတ်ဖို့ အရမ်းကိုအရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။

ဒါနဲ့ တစ်ယောက်ကို တစ်ယောက်ရော ဘာပြောချင်သေးလဲ။

Honey- အဖွားကြီးဖြစ်တဲ့အချိန်ထိ အနားမှာ အတူတူနေ သွားကြမယ်။ လူတိုင်းလူတိုင်းကတော့ ဦးဏှောက်က သိတဲ့အသိနဲ့ နှလုံးသားက ခံစားရတဲ့ ခံစားချက်တွေ ထပ်တူကျတယ် ဆိုတာမျိုး မရှိပါဘူး။ ဒါပေမဲ့ သူနဲ့ပတ်သက်လာရင် ဒါတွေအားလုံး ထပ်တူကျစေရပါမယ်လို့။

Z-  Z တို့နှစ်ယောက်ကြားမှာ မဖြစ်လာသေးတာ ရော၊ ဖြစ်လာခဲ့တာတွေရော အများကြီးပဲ။ ကြုံလာသမျှတွေထဲမှာ အခက်အခဲတွေ ဘယ် လိုပဲရှိခဲ့ရှိခဲ့ သူ့လက်ကို အမြဲဆုပ်ကိုင်ထားပြီး သက်ဆုံးတိုင် အတူတူနေသွားချင်ပါတယ်။

                                                                                                                                                   အညို

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.