LGBT ကို အထင်သေးတဲ့ စိတ်မရှိပါဘူးဆိုတဲ့ ဆုပန်ထွာနှင့် တွေ့ဆုံမေးမြန်းခြင်း

ယခုလ In & Out ကဏ္ဍအတွက် ရွေးချယ်ထားသူကတော့ ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် ဆုပန်ထွာပဲ ဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဆုပန်ထွာဟာ “မကြီးစန်းနဲ့ သူ၏ချစ်သူများ” ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါကြောင့် ဆုပန်ထွာရဲ့ LGBT တွေအပေါ် အမြင်နှင့်အယူအဆကို မေးမြန်းလိုက်ပါတယ်။

ပန်ပန်အနေနဲ့ LGBT အသိုင်းအဝိုင်းကို ဘယ်လိုမြင်လဲ။

ပန်ပန်တို့နဲ့ကျတော့ မိတ်ကပ်ပြင်တဲ့ အလှဖန်တီးရှင်တွေနဲ့ အမြဲတမ်းလက်တွဲလုပ်နေတာဆိုတော့ မိန်းမလျာလေးတွေနဲ့ပတ်သက်ပြီး သူတို့စိတ်လေးတွေ၊ သူတို့ခံစားချက်တွေကို နားလည်တယ်။ တကယ်စစ်မှန်တဲ့၊ နွေးထွေးတဲ့ မေတ္တာလေးတွေကို သူတို့မှာလည်း အမှန်တကယ်လိုအပ်တာပဲ။ LGBT တွေရဲ့ ခံယူချက်တွေက တစ်ယောက်နဲ့တစ်ယောက်မတူဘူး။ တချို့ကျ အချစ်ကိုတန်ဖိုးထားတဲ့သူရှိတယ်။ တချို့ကျတော့လည်း သူတို့ မိန်းမလျာလေးတွေကိုဆိုရင် ဘယ်ယောက်ျားလေးကမှ အတည်တကျယူမှာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ ကောင်လေးတွေအများကြီးလျှောက်ထားပစ်တာရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။

LGBT တွေထဲမှာ အများခေါ်ကြတဲ့ မိန်းမလျာတွေ၊ ယောကျာ်းလျာတွေကို ပတ်ဝန်းကျင်က အထင်သေးကြ၊ နှိမ့်ချတာတွေရှိတာကို ပန်ပန်အနေနဲ့ ဘယ်လိုပြောချင်လဲ။

ဘယ်သူမှတော့ မိန်းမလျာ၊ ယောက်ျားလျာ မဖြစ်ချင်ပါဘူး။ ဒါပေမဲ့လည်း သူတို့မှာ ဒီလိုဖြစ်ရမယ်ဆိုတဲ့ဟာ ပါလာလို့ ဒီလိုဖြစ်တာလေ။ မိန်းမလျာဆိုပြီး နှိမ်တာမျိုး၊ အခြောက်မဆိုပြီး နင်ဘယ်လိုဖြစ်တယ်ပေါ့၊ အဲဒါဆို သူတို့ ခံစားကြရမှာပဲလေ။ မိသားစုထဲမှာဆိုရင်လည်း ဒီလိုဖြစ်လာတယ်ဆိုရင် လက်မခံနိုင်ဘူး။ ယောက်ျားပီပီသသနေပါလား၊ ဘာလို့ ခြောက်သွားတာလဲဆိုတာမျိုး၊ အပြစ်ပြောတာမျိုးတွေရှိတယ်။ ဒါပေမဲ့လည်း တကယ်တမ်းအောင်မြင်လာတဲ့အခါကျတော့ မိန်းမလျာလေးတွေ ယောက်ျားလျာလေးတွေ အနားမှာထိုင်ပြီးတော့ စားနေကြတဲ့ မိသားစုတွေအများကြီးရှိနေတာပဲလေ။ အထင်သေးလို့မရဘူး။

ဟုတ်… ဒါဆို ပန်ပန်ကိုယ်တိုင်အနေနဲ့ကော သူတို့ကို Support လုပ်ပေးတာတွေ ရှိခဲ့လား။

သူတို့တွေ မပြောနဲ့။ သာမန်မိန်းမ၊ ယောက်ျားတွေတောင် စိတ်ဓာတ်ကျတာတွေ ရှိတယ်မဟုတ်လား။ သူတို့တွေဆို ပိုဆိုးတာပေါ့။ တချို့တွေဆို သူတို့ကို နှိမ်တာရှိတယ်။ ဟယ်အခြောက်မကြီးပေါ့။ ချစ်စနိုးနဲ့ ခေါ်ကြတာလည်းရှိမှာပေါ့။ တချို့လည်း နှိမ်တဲ့ပုံစံမျိုးတွေ ရှိတဲ့အခါကျတော့ ဒီနေ့ဒီချိန်အထိ မိန်းမလျာလေးတွေ ယောက်ျားလျာလေးတွေအတွက်ဆို သူတို့ဘက်က ပန်ပန် အမြဲရပ်တည်တယ်။ စရင်နောက်ရင် “မကြိုက်ဘူး၊ မစနဲ့ သူတို့လည်းလူပဲ” ဆိုပြီး အမြဲတမ်းပြောပြတယ်။ ပန်ပန်တို့ပတ်ဝန်းကျင်မှာ အနုပညာအလုပ်၊ မိတ်ကပ်ပညာ၊ ဒီဇိုင်းနာပညာတွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ပြီး သာမန်လူတွေထက်တောင် တကယ်ပိုက်ဆံရှာနိုင်တဲ့ မိန်းမလျာလေးတွေ အများကြီးရှိတယ်။ သူတို့မှာလည်း သူတို့အရည်အချင်းနဲ့ သူတို့ရှိတယ်လေ။ မိန်းမလျာမို့၊ ယောက်ျားလျာမို့ဆိုပြီး နှိမ်လို့မရဘူး။ သူတို့က ပိုတောင်မှ သာမန်မိန်းမ၊ ယောက်ျားတွေထက်တော်မယ်လို့ထင်တယ်။ သူတို့စိတ်ထဲမှာ သိမ်ငယ်နေတဲ့ စိတ်ကလေးတွေနဲ့ သူတို့ ပိုကြိုးစားကြတယ်။

တကယ်လို့ LGBT နဲ့ ပတ်သက်တဲ့ ဇာတ်ကားတွေရိုက်ဖို့ ပန်ပန်ကို ကမ်းလှမ်းမယ်ဆိုရင် လက်ခံသွားမလား။

ပန်ပန်အနေနဲ့ ရိုက်မယ်ဆိုရင် ရိုက်လို့ရတာပေါ့။ ပန်ပန်တို့နဲ့ကျ ပိုပြီးနီးနီးစပ်စပ်ရှိတယ်။ သူတို့တွေရဲ့ အမူအကျင့်လေးတွေ၊ စိတ်ဓာတ်လေးတွေ၊ ခံယူချက်လေးတွေနဲ့က နီးနီးကပ်ကပ်အမြဲရှိနေတော့ အလိုလိုချစ်နေပြီးသားပေါ့နော်။ သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့ သူတို့နဲ့က အမြဲလက်တွဲလုပ်နေရတော့ သူတို့ရှိရင် အရမ်းပျော်စရာကောင်းတယ်။ ပန်ပန်ကတော့ သူတို့ကိုချစ်တယ်။ ဒါကြောင့် ကမ်းလှမ်းလာလို့ရှိရင် ကြိုးစားပြီးသရုပ်ဆောင်မှာပါ။

LGBT တွေအတွက် ဘာစကားလက်ဆောင်လေး ပြောချင်ပါသေးလဲ။

သာမန်မိန်းမ၊ ယောကျာ်းတွေတောင်မှပဲ လူ့ လောကကြီးထဲမှာ လောကဓံနဲ့ ကြုံရတာပဲ။ LGBT တွေ ဖြစ်တဲ့အတွက် ပိုပြီးတော့ လောကဓံကလာမှာပဲ။ ဒါကြောင့် ကြံ့ကြံ့ခံနိုင်ရမယ်။ ဘယ်သူမဆို လူတိုင်းမှာ သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။ ကိုယ့်မှာရှိတဲ့တန်ဖိုးကို လူတွေ အားလုံးသိအောင် ချပြဖို့ လိုပါတယ်။ ပညာတတ်မှ မတတ်မှမဟုတ်ဘူး။ တချို့က ပညာမတတ်ပေမယ့်လည်း သူ့မှာလုပ်နိုင်တဲ့ အရည်အချင်းတွေရှိတယ်။ ဇွဲအပြည့်နဲ့ လူတွေသိအောင် ချပြဖို့ လိုပါတယ်။

ခေတ်သစ်လူ
စီစဉ်တင်ဆက်သည်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.