မိတ်ကပ်အနုပညာရှင် Gucci Aung နှင့် တွေ့ဆုံမေးမြန်းခြင်း

In & Out အင်တာဗျူးကဏ္ဍအတွက် ရွေးချယ်ထားသူကတော့ Gucci Aung ဖြစ်ပါတယ်။ သူဟာ ရန်ကုန်မြို့မှာနေထိုင်ပြီး မိတ်ကပ်အနုပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်းနေကာ မိတ်ကပ်သင်တန်းတွေကိုလည်း ဖွင့်လှစ်သင်ကြားနေသူတစ်ယောက် ဖြစ်ပါတယ်။ Transgender တစ်ယောက်အနေနဲ့ ရွေးချယ်ထားတဲ့ အလုပ်အကိုင်နဲ့ ဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ စိတ်နေစိတ်ထားနဲ့ ခံယူချက်တွေကို လေ့လာနိုင်ဖို့ မေးမြန်းထားပါတယ်။

Gucciရဲ့ လက်ရှိ အလုပ်အကိုင်လေး ပြောပြပေးပါဦး။

Gucci ရဲ့လက်ရှိ အလုပ်အကိုင်ကတော့ Make Up Artist ပေါ့နော်။ Make Up လိမ်းခြယ်ခြင်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုပါတယ်။ လက်ဦးဆရာကတော့ ညီညီမောင်စမ်းချောင်း ပါ။

လက်ရှိရော Gucci ရွေးချယ်ထားတဲ့ အလုပ်နဲ့ဘဝ ကိုက်ညီမှုရှိရဲ့လား။

လက်ရှိအခြေအနေထိကတော့ ကိုယ်ရွေးချယ်ထားတဲ့ လမ်းကြောင်းတစ်ခုမှာ နေထိုင်ချင်တဲ့ပုံစံနဲ့လည်း ကွက်တိဖြစ်တဲ့ အတွက် ကိုက်ညီမှုရှိပါတယ်။

Gucci ကိုယ့်ကိုယ်ကို gayတစ်ယောက်ဖြစ်တယ်ဆိုတာ ဘယ်အရွယ်လောက်ကတည်းက စသိလာတာလဲ။

အမှန်အတိုင်းပြောရရင် ငယ်ငယ်တည်းက ဆော့ပြီဆို အရုပ်လေးတွေနဲ့ ဆော့တယ်။ နောက် ထုပ်စီးထိုးတာ။ ဒီထိုးတာတို့၊ မိန်းကလေးသူငယ်ချင်း အပေါင်းအသင်းတွေနဲ့ပဲ ပေါင်းတာများတယ်။ အဓိက အဒေါ်တွေနဲ့နေလို့ ဒီဘဝ ဒီစိတ်ဖြစ်တာ မဟုတ်ဘူး။ တချို့ကထင်တယ်၊ အစ်မတွေများလို့၊ အဒေါ်တွေနဲ့ နေရတာများလို့ အဲလိုဖြစ်တယ်ဆိုပြီး။ Gucciတို့ သိတတ်စ အရွယ်လောက်ကတည်းကကို ကိုယ့်စိတ်က ဖြစ်နေပြီ။ ညဘက် အိပ်ပြီဆိုရင် နှုတ်ခမ်းနီဆိုးအိပ်တယ်။ ဂါဝန် ဖားဖားရှည်ရှည်ကြီးတွေ ဝတ်အိပ်တယ်။ ကျောင်းတက်တဲ့အရွယ်ကျတော့ အခြောက်၊ အခြောက်ဆိုပြီး Gucci အစခံရတယ်။ အဲဒီတုန်းက ကိုယ့်ကိုစပြီဆို ကိုယ်က စိတ်ဆိုးတယ်။ ဒါပေမဲ့ အရွယ်ရောက်လာတဲ့အခါကျတော့ မိန်းကလေးကို စိတ်မဝင်စားဘဲ ယောက်ျားလေးကိုပဲ စိတ်ဝင်စားတယ်။ အဲကတည်းက ကိုယ့်ရဲ့ဒီစိတ်က ငယ်ငယ်ကတည်းကပဲ ဖြစ်နေပြီ။ မိန်းကလေးလိုပြောင်းပြီးတော့ နေဖြစ်တာကတော့ ၂၀၁၀ လောက်မှာ မိုးဟေနဲ့ လိုက်တယ်။ နောက်ပိုင်း စင်းလုံးချော မိန်းမလိုဝတ်တာကို ပြောင်းလိုက်တယ်။ အရင်တုန်းက ယောက်ျားလေးလိုပဲ နေတယ်။ စိတ်ကတော့ မိန်းကလေးစိတ်ပေါ့နော်။ ပွဲလမ်းသဘင်ရှိလို့ သွားမယ်လာမယ်ဆိုရင် ဆံပင်တု စွပ်တယ်။ မိတ်ကပ်ပြင်တယ်။ ကျန်တဲ့အချိန်ဆို ယောက်ျားလေးလို အဲလိုနေတာများတယ်။

LGBT အနေနဲ့ ပတ်ဝန်းကျင်လက်ခံလာအောင် ဘယ်လိုထိန်းသိမ်းရမလဲ။

အဓိကကတော့ နေတာထိုင်တာ အဆင့်တန်းရှိဖို့ လိုတယ်။ ပညာအရည်အချင်း မရှိလည်း ကိုယ့်ရဲ့ ပြုမူပြောဆိုပုံကို ထိန်းသိမ်းဖို့လိုတယ်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သွားတဲ့ အဖြစ်အပျက်တွေမှ အများကြီးပဲ။ ဒါကြောင့် ကိုယ့်စည်းကမ်းနဲ့ ကိုယ် နေစေချင်ပါတယ် စည်းလွတ်ဘောင်လွတ် နေထိုင်ပြောဆိုတာမျိုးတွေ မဖြစ်စေချင်ဘူး။

အလုပ်အကိုင်အခွင့်အလမ်းပေါ် LGBT အလုပ်ရှင်နဲ့ အလုပ်သမားတွေအပေါ် Gucciရဲ့ အမြင်လေး။

Beauty Diary တို့ ဘာတို့မှာ gay ကလေးတွေကို အလုပ်ခေါ်ထားတာ တွေ့တယ်။ အစိုးရအလုပ်ကျတော့ ရှေ့နေပဲ ထားပါဦး ။ မိန်းကလေးတစ်ယောက်လို ပြင်ဆင်ပြီးသွားဖို့ကျ မသင့်တော်သလို လူတွေအမြင်မှာ ပြောင်းလဲဖို့ လိုသေးတယ်။ ကိုယ်လည်း ပညာတတ်တစ်ယောက်ပဲ ကိုယ်သွားချင်တဲ့၊ ကိုယ်လုပ်ချင်တဲ့အပေါ်မှာ လေးစားမှုရှိဖို့ လိုတယ်။ ကိုယ့်ကို လက်မခံတဲ့သူရဲ့ ကဲ့ရဲ့မှုကို ခံမလား၊ ဒီနေရာဒီအပြင်အဆင်နဲ့ သင့်တော်မလားဆိုတာ စဉ်းစားဖို့ လိုတယ်။ Gay တွေလို မျက်ခုံးမွှေးခြယ်တယ်၊ Eyeliner အထဲကို ထည့်တယ်၊ အဲလောက်လေးဆို မဆိုးဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အတွင်းစိတ်ကို Detail ချပြတာထက်စာရင် ကိုယ်က စိတ်ကိုဖြေတဲ့နည်းနဲ့ နေတဲ့ပုံကို ထောက်ခံတယ်။

အခုနောက်ပိုင်းမှာ Gay တွေ မုဒိမ်းကျင့်ခံရတာ သတ်ဖြတ်ခံရတာတွေ ရှိလာတယ်။ LGBT တွေအပေါ် ခြိမ်းခြောက်လာနိုင်မှုတွေ တိုးလာနိုင်လား။ ဘယ်လိုသုံးသပ်မိပါသလဲ။

အခုကျတော့လေ Gucci လည်း ကြားမိတယ်။ သက်ငယ်မုဒိမ်းတင်မကဘူး။ LGBT တွေလည်း ဖြစ်လာတယ်။ LGBT တွေ အနေနဲ့ အနေအထိုင် အသွားအလာ ဆင်ခြင်သင့်တယ်။ အသက်ကို ဉာဏ်စောင့်တယ်ဆိုတဲ့ စကားအတိုင်းပေါ့နော်။ သူငယ်တစ်ယောက်တွေ့လို့ ဆင်လို့ ပါသွားတယ်။ ပစ္စည်းအားဖြင့်ရော မပြောစလောက်လေးကို အသတ်ခံလိုက်ရတာတွေ ကြားတယ်။ ဒါတွေလည်း မြင်နေ၊ တွေ့နေ၊ ကြားနေရတာပဲလေ။ ကိုယ့်ဉာဏ်လေးနဲ့ယှဉ်ပြီး ကိုယ့်ကိုယ်ကို ကာကွယ် စောင့်ရှောက်နိုင်အောင် ထိန်းသိမ်းရမှာပဲလေ။ အသတ်ခံလိုက်ရတဲ့သူတွေအတွက်လည်း ဝမ်းနည်းမိပါတယ်။ အဲဒါနဲ့ပတ် သက်ပြီး လုံလုံလောက်လောက် ဥပဒေတွေ ပြဋ္ဌာန်းစေချင်ပါတယ်။

LGBT မျိုးဆက်လေးတွေကို ပတ်ဝန်းကျင်က လက်ညိုးထိုးမခံရအောင် ဘယ်လိုနေထိုင်သင့်လဲ ပြောပြပေးပါဦး။

ငယ်ငယ်ကတည်းက အကျိုးပေး အကြောင်းတရား မလှလို့ အတန်းပညာ မထူးချွန်ခဲ့ရင်တောင် စိတ်ဓာတ်မကျပါနဲ့။ ခွဲခြားဆက်ဆံခံရလို့ ဘဝကို ကြုံသလို မဖြတ်သန်းပါနဲ့။ အသက်မွေးဝမ်းကြောင်းပြုဖို့ ကိုယ်ဝါသနာပါရာ ပညာရပ်တစ်ခုကို ရွေးချယ်ပါ။ ကိုယ်ရွေးချယ်တဲ့လမ်း ဆုံးခမ်းတိုင်အောင် လျှောက်ကြပါ။ အမြဲ ဆူးညှောင့်ခလုတ်တွေ ရှိခဲ့ရင်တောင် ဇွဲမလျှော့ပဲ ကိုယ်ဝါသနာပါတဲ့အလုပ်ကို အဆုံးထိ လျှောက်လှမ်းပြီး ကိုယ်ဟာ တန်ဖိုးရှိကြောင်း ပြသလိုက်ပါလို့ ပြောချင်ပါ တယ်။

ခေတ်သစ်လူ
စီစဉ်တင်ဆက်သည်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.