Edify Myanmar ကုမ္ပဏီရဲ့ Co-Founder, Executive Director မရတနာဇော်

Edify Myanmar ကုမ္ပဏီရဲ့ Co-Founder, Executive Director တစ်ယောက်လည်း ဖြစ်သလို လူငယ်တွေဘဝ တိုးတက်မြင့်မားဖို့ ဟောပြောပို့ချနေသူ တစ်ယောက်လည်းဖြစ်တဲ့ စွန့်ဦးတီထွင် အမျိုးသမီးလုပ်ငန်းရှင် မရတနာဇော်ကို LGBT လူငယ်တွေကို အောင်မြင်တဲ့သူတွေဖြစ်လာဖို့ မိမိကိုယ်တိုင် ပြင်ဆင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းတွေကို မေးမြန်းတင်ဆက် ပေးထားပါတယ်။

မေး-မင်္ဂလာပါ အစ်မ။

ဖြေ- မင်္ဂလာပါ။

မေး- အစ်မက စွန့်ဦးတီထွင် အမျိုးသမီးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အပြင် လူငယ်တွေ တိုးတက်မြင့်မားဖို့ ဟောပြောပို့ချနေသူ တစ်ယောက်လည်း ဖြစ်တယ်ဆိုတော့ LGBT လူငယ်တွေအတွက် အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကိုယ့်ကိုယ်ကို ဘယ်လို ပြင်ဆင်သင့်သလဲဆိုတာ ပြောကြားပေးပါ။

ဖြေ- LGBT လူငယ်တွေဆိုတာထက် လူတစ်ယောက် ဘယ်လို တိုးတက်အောင် လုပ်မလဲ၊ နေထိုင်မလဲ ဆိုတာလေးကို ပြောချင်ပါတယ်။ အဓိကကတော့ အချိန်ကို နံပါတ်(၁) အကျိုးရှိစွာ အသုံးချတတ်ဖို့၊ နောက်တစ်ခုက ကိုယ့်ရဲ့ အားသာချက်နဲ့ အားနည်းချက်ကို သိဖို့ပေါ့။ သိပြီး ကိုယ့်ကိုယ်ကို လူတစ်ယောက်ဆိုတာမျိုးကိုပဲ လက်ခံပြီး ကိုယ်လုပ်ရမယ့် ကိစ္စကို လုပ်၊ ကိုယ်ကြိုးစားရမယ့် ကိစ္စကို ကြိုးစားပေါ့။ ဘာကြောင့် ဘယ်သူတွေက ဘာတွေ ပြောပါတယ်၊ ဘယ်လို ထင်ပါတယ် ဆိုတာမျိုးကို ခေါင်းထဲထည့်စရာ မလိုဘူး။ ကိုယ့်မှာ ရှိနေတာကိုပဲ လက်ခံ၊ မရှိတာကိုလည်း လက်ခံပြီး အဲဒါကိုပဲ အဓိက ကြိုးစားသွားမယ်ဆိုရင် LGBT လူငယ်ရယ်၊ ရိုးရိုးလူငယ်ရယ်ဆိုပြီး ခွဲခြားပြီးတော့ ပြောနေဖို့ လိုမယ် မထင်ပါဘူး။

မေး- နောက်ပြီး လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေအတွက်ကော Professional တစ်ယောက်ဖြစ်လာဖို့ ဘယ်လိုပြင်ဆင်ထားသင့်သလဲ။

ဖြေ- Professional တစ်ယောက်ဖြစ်လာဖို့ ဘယ်လိုပြင်ဆင်ထားသင့်သလဲဆိုရင် (၂)မျိုး ပြောချင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုနဲ့ ကိုယ့်အရည်အချင်း တိုးတက်အောင် ပြင်ဆင်မှုပါ။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုအပိုင်းမှာဆိုရင် ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားမှုနဲ့ Professional တစ်ယောက်ဆိုတဲ့စိတ်ကို ကိုယ့်ကိုယ်ကို ပြင်ဆင်သွားဖို့ လိုတယ်။ အဓိက ကိုယ်လုပ်တဲ့အလုပ်ကို ကောင်းစွာစီစဉ်ရမယ်။ ကိုယ်လုပ်တဲ့အလုပ်ကို အဓိပ္ပါယ်ရှိရှိ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ရမယ်။ ကိုယ့်ဆီမှာ ရှိတာ၊ မရှိတာတွေကို လက်ခံဖို့ လိုတယ်။ နောက်ပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့လိုတယ်။ နောက်တစ်ခုကတော့ ကိုယ့်အရည်အချင်း တိုးတက်အောင် ပြင်ဆင်မှုဆိုရင် မြန်မာနိုင်ငံပညာရေးအခြေအနေက နောက်ကျပါတယ်။ အဲလို နောက်ကျမှုပိုင်းတွေမှာ တကယ်ကျွန်မတို့ကိုယ်တိုင် လေ့လာသင်ယူပြီး ကိုယ့်ဘဝကို တိုးတက်အောင် လုပ်လို့ရတဲ့အနေအထားတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အင်တာနက်လို့ ပြောလိုက်ရင် Facebook သုံးတာနဲ့ Game ဆော့တာ ဒီလောက်နဲ့ပဲ အချိန်တွေ ကုန်နေကြတယ်။ အဲအတွက် ကိုယ်ဘယ်လမ်းကြောင်းကို သွားမှာလဲ။ အဲဒီလမ်းကြောင်းကို လျှောက်မယ်ဆိုရင် ရှိသင့်ရှိရမယ့် ပညာရပ်ပိုင်းဆိုင်ရာလေးတွေကို သေချာပြင်ဆင်ထားဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်။

မေး- Professional ကို အစ်မအနေနဲ့ ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုချင်ပါသလဲ။

ဖြေ- Professional မှာက (၂)မျိုး ရှိပါတယ်။ တစ်မျိုးကတော့ Professional နဲ့ တစ်မျိုးကတော့ Professionalism ပါ။ Professional က တော့ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို ဓါတ်ပုံပညာဆို ဓါတ်ပုံပညာရပ်ကို သင်ကြားလာတယ်။ HR ဆိုရင်လည်း HRနဲ့ ပတ်သက်ပြီး ဘွဲ့ယူ လာတယ်။ အင်ဂျင်နီယာဆိုလည်း အင်ဂျီနီယာဘွဲ့ကို ယူလာတယ်။ ဒါက Professional ပေါ့။ Professionalism က ကိုယ်ကျရာ ဒေသ၊ နေရာ၊ ကိုယ်ပါဝင်ရမယ့် အခန်းကဏ္ဍမှာ တာဝန်ကျေပွန်စွာ လုပ်ဆောင်ခြင်း၊ ပညာရှိပီသစွာ လုပ်ဆောင်ခြင်းပေါ့။ ဥပမာ- သန့်ရှင်းရေးသမားမှာပဲ ဖြစ်ဖြစ်၊ အမှိုက်ကောက်သမားမှာပဲ ဖြစ်ဖြစ်၊ ညစောင့်ပဲ ဖြစ်ဖြစ် သူတို့အလုပ်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိတယ်။ ဒါတွေကို ခွဲခြားပြီး သိမြင်ရမယ်။ ကိုယ်သည် သူများဆီမှာသွားပြီး ရုံးအကူ လုပ်တယ်ပဲထား အဲဒီ ရုံးအကူတစ်ယောက်ရဲ့ Duty and Responsible ကျေညက်အောင် တာဝန်ကျေအောင် လုပ်ရမယ်။ ကိုယ်ဘာလုပ်ရမလဲဆိုတာ သေချာတိကျစွာ လုပ်ရမယ်။

မေး- ခွဲခြားခံနေရတဲ့ LGBT လူငယ်တွေအတွက် ကြုံလာမယ့် အခွင့်အလမ်းတွေကို ဖမ်းဆုပ်နိုင်ဖို့ကိုလည်း ဘယ်လိုမျိုး တိုက်တွန်း ပြောကြားချင်ပါသလဲ။

ဖြေ- ကျွန်မသူငယ်ချင်းတွေထဲမှာ LGBT တွေ အများကြီးပါပဲ။ ကျွန်မကိုယ်တိုင်လည်း မိန်းကလေးကျောင်းက ထွက်တယ်။ နောက်ပြီး ကျွန်မသူငယ်ချင်းတွေထဲမှာ Gay တွေ Transgender တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာမှ လုပ်ငန်းခွင်ထဲမှာ အရမ်းအောင်မြင်နေတဲ့ သူတွေ၊ ကိုယ့်စီးပွားရေးကို ဦးဆောင်နေတဲ့သူတွေ အများကြီးပဲ။ တချို့တွေဆိုရင် မိဘက Support လုပ်နိုင်တယ်။ တချို့ဆို မိဘက Support မလုပ်နိုင်ပေမယ့် တကယ့်ကို အောင်မြင်ပြီးတော့ ကိုယ်ဒူးကိုယ်ချွန် လုပ်နေတဲ့သူတွေ အများကြီးပဲ။ ကိုယ့်ရဲ့ လိင်စိတ်ခံယူမှုကို ကိုယ့်ဖာသာသတ်မှတ်ပြီးသွားရင် ဒါအတွက်ကို You have to be brave and bold. သတ္တိရှိရမယ်။ ကိုယ့်ကို သူများက လိုနေရမယ်။ ကိုယ့်မှာ Skill self ရှိမယ်။ သူများထက် တော်နေတယ်၊ ထူးချွန်နေတယ်ဆိုရင် ကိုယ်LGBT ဖြစ်ချင်း၊ မဖြစ်ချင်းနဲ့ မဆိုင်တော့ဘူး။ လူတစ်ယောက်ကို လိုအပ်ချင်း၊ မလိုအပ်ချင်းနဲ့ပဲ ဆိုင်တော့တယ်။ နေရာဒေသတစ်ခုမှာ သွားတော့မယ်၊ လုပ်တော့မယ်ဆိုလို့ရှိရင် ကိုယ့်ကိုယ်ကို ပြင်ဆင်ပါ။ Professional ကျအောင် နေထိုင်ပါ၊ ပြောဆိုပါ။ သူများက ခွဲခြားတာတို့၊ သူများကြောင့်မလို့ အခွင့်အရေးမရတာတို့ မကြည့်ပါနဲ့။ LGBT တူတူချင်းမှာကို မတူညီတဲ့ အခွင့်အရေးရနေပြီး အောင်မြင်နေတဲ့သူတွေ အများကြီး။ ဒီလူတွေ ဘာကြောင့် အောင်မြင်သလဲဆိုတာ တစ်ချက်ပြန်ကြည့်ပါ။ ပြန်ကြည့်ကြည့်ရင် ကိုယ်ဘာကြောင့် မအောင်မြင်သေးတာလဲ။ ကိုယ်ဘာကြောင့် အခွင့်အရေးမရသေးတာလဲဆိုတာ တွေ့လာပါလိမ့်မယ်။

မေး- လူငယ်တွေနဲ့ LGBT တွေအတွက် Professional ဖြစ် လာဖို့ ဘယ်လို အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်မလဲ။

ဖြေ- အဓိက စိန်ခေါ်မှုတွေမှာ Overcome မလုပ်နိုင်ဘူး။ ဒါတွေကို မကျော်လွန်နိုင်ဘူးဆိုတဲ့ အဓိက အကြောင်းရင်းက Fear ကြောက်ရွံ့မှု ရှိနေလို့။ အဓိက ဒီကြောက်ရွံမှုမျိုးက ဘယ်လို ကြောက်ရွံ့မှုမျိုးလဲပေါ့။ ဥပမာ- သူများက ကိုယ့်ကို ဝေဖန်မှာ၊ ပြောဆိုမှာ တိုက်ခိုက်မှာမို့ (ဒါမှမဟုတ်) ဘာကိုကြောက် ရွံ့နေမှန်း မသိတာပေါ့။ ကိုယ့် Fear ကို သိအောင် လုပ်ပါ။ ဘာလဲဆိုတာ သိရတဲ့အခါ ကိုယ်က Overcome  လုပ်လာနိုင်မယ်။ ဒါကို ကျော်လွန်ဖို့ နည်းလမ်းကောင်းကို စဉ်းစားလာနိုင်မယ်။ တချိန်တည်းမှာပဲ ကျွန်မဘာကို ပြောချင်လည်းဆိုတော့ မိမိကိုယ်ကိုတန်ဖိုးထားမှုနဲ့ လေးစားမှုပေါ့။ အဲဒါဘာနဲ့ ပေါင်းစပ်ထားသလဲဆိုရင် လေးစားမှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အဲဒီနှစ်ခုကို ပေါင်းစပ်ထားပါတယ်။ အဓိကကတော့ အရမ်းရှင်းတယ်။ သူများကိုယ့်ကို လုပ်တဲ့ကိစ္စတစ်ခုကို ကိုယ် မကြိုက်ဘူးမလား၊ သူများကို ပြန်မလုပ်မိစေနဲ့။ အဲဒီအမှုအကျင့်တွေ အကုန်လုံးကို သူများဆီကနေ သေချာပြန်သင်ယူ၊ သင်ယူပြီး ကိုယ့်ရဲ့ပတ်ဝန်းကျင် နေရာဒေသတစ်ခု ကောင်းအောင်လုပ်။ နံပါတ်(၁) ဘာသိရမလဲဆိုရင် ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်ကို သိရမယ်။ ကိုယ့်ရဲ့ Nation မှာ ဘာလိုနေတာလဲ။ အဲဒီပေါ်မှာ မူတည်ပြီး ကိုယ့်ရဲ့ ပို့ကုန်၊ သွင်းကုန်တွေကို ဘယ်လို တိုးတက်အောင် လုပ်မလဲ၊ ဘယ်လို ရွေး ချယ်မလဲ။ အဲဒီလိုမျိုးလေး အကြံဉာဏ်ပေးချင်ပါတယ်။

မေး – LGBT လူငယ်တွေအတွက် စွန့်ဦးတီထွင်လုပ်ငန်းတွေ လုပ်ကိုင်လာနိုင်ဖို့ ဘယ်လို အကြံပေးချင်ပါသလဲ။

ဖြေ- လူငယ်တွေ ကိုယ့်လုပ်ငန်းကို လုပ်မယ်ဆိုရင် ဘယ်ကစလုပ်မှာလည်းဆိုတာ Plan အရင်ချပါ။ ကိုယ့်ဆီမှာ လုပ်ငန်းတစ်ခုကို စလုပ်တဲ့အခါ ခံနိုင်ရည်ရှိပြီလား၊ ဆုံးရှုံးမှုအတွက်ကော နောက်ပြီး အောင်မြင်မှုအတွက်ကော။ နောက်တစ်ခု ဒါတွေကို အကောင်အထည်ဖော်ဖို့ ပြည့်ဝတဲ့အရည်အချင်း ရှိပြီလား။ ကျွန်မပြောတဲ့ အထဲမှာ ငွေမပါဘူးနော်။ ဒီခေတ်က ငွေက ရှာလို့လွယ်တယ်။ တကယ် ကိုယ့်မှာ Plan ကောင်းကောင်း ရှိမယ်၊ Idea ကောင်းကောင်းရှိမယ်ဆိုရင် ရင်းနှီးမြုပ်နှံသူက ရှာလို့ လွယ်တယ်။ အဲအတွက်ကြောင့် လုပ်ငန်းလုပ်မယ့်လူတွေ ကိုယ် ဘယ်သွားချင်တာလဲ၊ ကိုယ် ဘာဖြစ်ချင်တာလဲ၊ ကိုယ်ဘာလုပ်ချင်တာလဲ။ အဲပေါ်မှာ မူတည်ပြီး ပါးစပ်ကနေပဲ မပြောပဲနဲ့ ချရေး၊ ချလုပ်ပါ။ ကွန်ပျုတာ ဖြစ်ဖြစ် စာရွက်နဲ့ ဖြစ်ဖြစ် ကိုယ်လုပ်ချင်တဲ့ အလုပ်လေးကို ချရေးပါ။ကျွန်မ တို့နိုင်ငံမှာ အလုပ်လုပ်ပြီဆိုရင် “ဟေ့…မင်းမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ…ငါ့မှာ ပိုက်ဆံဘယ်လောက် ရှိတယ်။ ငါတို့ အလုပ်တစ်ခုခု အတူတူ လုပ်ကြမယ်” ဆိုတာမျိုး လုပ်ကြတယ်။ Business Plan ကိုဆွဲပြီး (၁)နှစ်၊ (၂)နှစ်၊ (၅)နှစ်အထိ မဆွဲကြဘူး။ ဂျပန်မှာဆိုရင် နှစ်(၂၀) Plan ကို ဆွဲကြတယ်။ အဲဒီဟာတွေမှာ အောင်မြင်မှုတွေက ကွာခြားသွားတယ်။ နောက်ပြီး ကိုယ့်ကို နည်းမှန်၊ လမ်းမှန် ပြပေးနိုင်မယ့် လူမျိုးတွေနဲ့ စကားပြောရမယ်၊ ချည်းကပ်ရမယ်၊ အကြံဉာဏ် ယူရမယ်။ သူတို့ရဲ့ အောင်မြင်မူကိုပဲ မမြင်ဘဲ သူတို့ ဘဝမှာလည်း ကျရှုံးတာတွေ ရှိခဲ့ဖူးပြီ။ အရှုံးတွေကို ကျော်ပြီးမှ အောင်မြင်တဲ့ဘဝကို ရရှိခဲ့တာဖြစ်တဲ့အတွက် အဲဒီလိုမျိုး လူတွေဆီက အကြံ ဉာဏ်တောင်းခံဖို့၊ သင်ယူဖို့ ဝန်မလေးပါနဲ့လို့ ပြောချင်ပါတယ်။ သေချာ Plan ချပြီး အောင်မြင်တဲ့လုပ်ငန်းတွေ လုပ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။

မေး- အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် အစ်မကို ကျေးဇူးတင်ပါတယ်။

ဖြေ- ကျွန်မကလည်း အခုလို မေးမြန်းတင်ဆက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

 ​                                                                                                                                                  ကြယ်စင်လင်း

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.