ဦးတည်ရာမဲ့

တိမ်စိုင်လို မျောလွင့်နေတဲ့ ငါ့စိတ်ကို
ကြိုးစားကာ စုစည်းမရတဲ့ အဆုံး
ပြင်းထန်လှသော မုန်တိုင်းပမာ
သက်ပြင်းရှည်ကြီးကို ‘ဟင်း…ခနဲ’ ချလိုက်ပြီး
လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်…။

စိတ်အကျဉ်းသားဟာ အရင်ဆုံး
ဘယ်ကိုသွားခဲ့တယ်လို့ မင်းထင်လဲ…?
ဟုတ်တယ်…
အရင်က တရားလိုအဖြစ်
တိုင်တန်းစွပ်စွဲခဲ့တဲ့ မင်းဆီကိုပဲ…

တစ်ချိန်က ခပ်ညံ့ညံ့ ခပ်ပျော့ပျော့ကောင်တွေ
စာရင်းဇယားမှာ နာမည်တင်ခြင်း မခံရတဲ့ ငါက
သိက္ခာကို ဖိနပ်ခုံလုပ်
မာနကို သဲကြိုးတပ်စီးပြီး
သတ္တိဆိုတဲ့ ဦးထုပ်ဆောင်းကာ
လိုချင်တပ်မက်မှု စိတ်သာရှိတဲ့
သုံးခါလည် ကလေးအရွယ်စိတ်နဲ့
မင်းဆီ အခစားဝင်ခဲ့တာ….
ဒါပေမဲ့ မင်းက ငါ့မျှော်လင့်ချက်ကို
ရိုက်ချိုးပြီး ထင်းစိုက်လိုက်တယ် ။

ဘဝဆိုတာ တိုက်ပွဲလို့ ပြောကြပေမဲ့
ငါ့အတွက်တော့ ဘဝဆိုတာက
ခံစားမှု၊ နာကြည်းမှု၊ ပူဆွေးမှုတွေကို
ချိတ်ဆွဲပြသထားတဲ့ ပြတိုက်တစ်ခုပါ။

သစ္စာရှိမှုကို ဖောင်ဒေးရှင်းချ
ယုံကြည်မှုကို တိုင်ထောင်ပြီး
နားလည်မှုကို အမိုးမိုးကာ
အချစ်အိမ်တည်ဆောက်ဖို့ ကြိုးစားတုန်း
မိုးမလင်းခင် တစ္ဆေခြောက်လို့ လန့်နိုးခဲ့ရတယ်…။

ဘူတာရုံနားမှာ တဝဲလည်လည်နဲ့
ပလတ်စတစ်ကောက်နေတဲ့ ကလေးထက်
ပိုပြီး သနားစရာကောင်းတဲ့ အကြည့်နဲ့
ငါ့ကိုကြည့်နေတဲ့ မင်းကို
စကားတစ်ခွန်းနဲ့ ပစ်ပေါက်လိုက်မယ်
‘ စိတ်နာနာနဲ့ တမ်းတနေဆဲ’ ပဲလို့…

တစ်ခါတစ်ခါ အချစ်မရှိတဲ့ကမ္ဘာကို သွားချင်ပေမဲ့
အဲဒီကမ္ဘာကိုသွားဖို့ မင်းလိုက်ပို့ပါလို့
တောင်းဆိုချင်မိပြန်ရော …
ရေကို ဓားနဲ့ ငါ ခုတ်လိုက်ပြန်ပြီ
ခုတော့ နွားခြေရာခွက်ထဲက ဖားငယ်လောက်တောင်
ပျော်ရွှင်ခြင်းတွေ မရှိတော့…

ပင်လယ်ထဲမျောနေတဲ့ တက်မရှိတဲ့ လှေလို
ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက်ပါစေ
မင်းကို သမင်လည်ပြန်ကြည့်ရင်း
အဝေးဆုံးကို ထွက်ခွာသွားပါတော့မယ်…

                                                                               

                                                                                                                         ဇင်ပိုင်ဖြိုး(ကံမ)

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.