နွေလက္ခဏာ
နွေလက္ခဏာ
****************
နွေရထားဟာ
အပူလှိုင်းတွေကြား ခုတ်မောင်းရင်း
ရော်ရွက်တွေကို ခြွေချပြတယ်။
တစ်ပွင့်ကြွေရင် တစ်ပွင့်ဝေကြေးပေါ့
ရွက်နုဖူးတွေလည်းစီရရီ။
နို့သက်နေတဲ့ထန်းပင်ပေါ်
တွဲလဲခိုနေတဲ့ မြူအိုးမည်းမည်းကြီးတွေဟာ
ပင်ကျရည်စစ်စစ်တွေကိုမှ
သူတို့ဝမ်းထဲ ထိုးကြိတ်ထည့်ရင်း
နွေရထားကို ကြိုနေလေရဲ့။
ရာသီရဲ့ ဒီရေအတက်အကျကို
သစ်ပင်ပေါ်မှာနေရင်း လှိုင်းမူးနေတဲ့ဥဩက
ချက်စရာမလိုပဲ နားရွက်က မီးတောက်ကြောင်း
သာယာသံတွေ ဖွဲ့သီပြနေတာဟာ နွေ
ပေါက်နဲ့လက်ပံပွင့်တွေ ခြုံလွှာကြားကကုန်းထ
နီစွေးစွေးမျက်စောင်းပစ်လိုက်တယ်။
လာပြီဆို
ဘူတာတိုင်းဘူတာတိုင်းမှာ
လက္ခဏာရေးပြတာ နွေ။ ။
ညီဆောင်းဦး