Bright Pride မြန်မာ လယ်စဘီယံအဖွဲ့ ထူထောင်တဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ မိဘမဲ့ကျောင်းမှာ အလှူပြုလုပ်

Bright Pride မြန်မာ လယ်စဘီယံအဖွဲ့ စတင်တည်ထောင်တဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အဝါရောင်မျိုးဆက်သစ် ပရဟိတ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ အလှူငွေနှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၂၇)ရက်က ပြုလုပ်ခဲ့တဲ့ အဆိုပါ တစ်နှစ်ပြည့်အလှူမှာ အလှူငွေကျပ် (၄) သိန်းကျော်အပြင် ကလေးဦးရေ အယောက် (၁၇၀)အတွက် ကလေးအသုံးအဆောင်ပစ္စည်းများအဖြစ် ဒိုက်ပါအိတ် အကြီး၊ အသေး အထုပ် (၂၀)၊ တစ်ရှူးအစိုထုပ် (၄၀) ထုပ်တိို့ကို လှူဒါန်းခဲ့ပါတယ်။

“ဒီကျောင်းကို လှူဒါန်းဖြစ်တာက ကလေးတွေက အရမ်းများလွန်းလို့ ဖြစ်ပါတယ်။ အပြင်မှာ အနှီးလေးတွေနဲ့ ထုတ်ထားရတယ်။ ဒိုက်ပါတွေလည်း မရှိဘူးပေါ့။ အဲလိုတွေကြားလို့ စိတ်ကူးပေါက်ပြီး လုပ်ဖြစ်လိုက်တာပါ။ ဒီပွဲက Lesbian နဲ့ Transgender အမျိုးသားတွေ များတယ်။ အလှူရှင်တွေကတော့ အနယ်နယ်အရပ်ရပ်က ပါဝင်ထားပါတယ်” လို့ Bright Pride Myanmar Lesbian အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ ဒေါ်စုစုလှိုင်က ပြောပါတယ်။

Bright Pride အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့တာ ဇွန်လ (၁၀) ရက်နေ့မှာ တစ်နှစ်ပြည့်ခဲ့တာဖြစ်ပြီး အခုလို မိဘမဲ့ကျောင်းတွေထံ လှူဒါန်းမှုပြုခဲ့တာဟာ ယခုအကြိမ်အပါအဝင် (၁၁) ကြိမ်မြောက် ရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။

Bright Pride ဟာ မန္တလေးမြို့အခြေစိုက် Lesbian အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Lesbian, Bisexual, Transgender တွေနဲ့ ပတ်သက်တဲ့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေကို ပြုလုပ်နေတဲ့ Lesbian အဖွဲ့အစည်းတစ်ရပ်ဖြစ်ကာ တခြားမိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးလည်း ကမ်ပိန်းတွေ၊ လူထုစည်းရုံး လှုံ့ဆော်မှုနဲ့ LGBT ဆိုင်ရာ အထိမ်းအမှတ်ပွဲ အခမ်းအနားတွေ၊ လူမှုပရဟိတလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.