သာယာတဲ့ သက်တံမိသားစုဘဝတွေကို ဘယ်လိုတည်ဆောက်ကြမလဲ

ဒီတစ်ခေါက် LGBT အရေးဆွေးနွေးဖလှယ်ကဏ္ဍမှာ ရွေးချယ်ထားတဲ့ အကြောင်းအရာကတော့ သာယာတဲ့မိသားစုလေးဖြစ်ဖို့ ဘယ်လိုလုပ်သင့်သလဲဆိုတဲ့ ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို မေလ (၁၇) ရက်က ကျင်းပပြီးစီးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအား မုန်းတီးရွံရှာမှုကို ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာလည်း အစီအစဉ် တစ်ရပ်အနေနဲ့ ဆွေးနွေးထားခဲ့ပြီး ဖြစ်ပါတယ်။

ဒီကဏ္ဍအတွက် Gay ဖြစ်သူ ဟန်လင်းနဲ့ သူ၏မိခင်၊ Lesbian များဖြစ်ကြတဲ့ သက်မြတ်နိုး၊ လင်းလက်ဖြူနဲ့ ၎င်းတို့၏ မိခင်များအား မေးမြန်းထားတာကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်

 

သက်မြတ်နိုး (Lesbian)

အစကတည်း အမေက ညီမရဲ့ဖြစ်တည်မှုကို ရိပ်မိတယ်ဆိုတာတော့ ကိုယ်ကသိတယ်။ ဒါပေမဲ့ ကြားကာလထဲမှာကျတော့ ဟုတ်တယ်လည်း မပြောဘူး၊ မဟုတ်ဘူးလည်း မပြောဘူးပေါ့။ ကျွန်မတစ်ရက်မှာ Coming Out လုပ်ဖို့ စဉ်းစားမိတယ်။ Coming Out လုပ်လိုက်တော့ အမေနဲ့ကိုယ့်ကြားမှာ ပိုပြီးပွင့်လင်းလာတယ်။ ကျွန်မလည်း ကျွန်မချစ်သူနဲ့ လုပ်ချင်တဲ့အစီအစဉ်တွေ ရှိတယ်ပေါ့။ အဲ့ဒါနဲ့ပတ်သက်ပြီး ပိုတိုင်ပင်လာလို့ရလိမ့်မယ်လို့လည်း မျှော်လင့်တယ်။ တကယ်တမ်း အမေက အရမ်း Supporting ဖြစ်ပါတယ်။ စာပေးလိုက်တဲ့အချိန် အမေက လက်ခံပေးတာ ကျွန်မအတွက် ခွန်အားဖြစ်စေပါတယ်။ အစကတည်းက အမေက ညီမရဲ့ဖြစ်တည်မှုကို ခန့်မှန်းထားပြီးသား။ အဓိကက မိသားစုမှာ ကြုံနေတဲ့ပြဿနာတွေကို ဖြတ်ကျော်သွားဖို့ပါ။


ဒေါ်သင်းနွယ်စိုး (သက်မြတ်နိုးအမေ)

သမီး Coming Out လုပ်ထားတဲ့အခါ တကယ်တမ်းပြောရင်တော့ အန်တီက မျှော်လင့်ပြီးသားပါ။ စောကြီးကတည်းက သိလည်း သိပါတယ်။ ဒါက သားအမိကြားထဲမှာ ဝန်ခံရလောက်အောင် ဖြစ်စရာလိုတဲ့ ကိစ္စမဟုတ်ဘူးလို့ ယူဆတယ်။ လွန်ခဲ့တဲ့(၁၀)နှစ်လောက်က သင်တန်းတစ်ခုတက်ခဲ့ရတယ်။ ဘာရလိုက်လဲဆိုတော့ Center ထားတဲ့ အကြောင်းပေါ့။ ကိုယ့်ကိုယ်ကိုထားလား သားသမီးကို ထားလားပေါ့။ ကျွန်မက အမေတစ်ယောက်အနေနဲ့ ဖြစ်စေချင်တဲ့ဟာလေးတွေ အရင်ဆုံးလုပ်ပေမယ့် ကျွန်မဖြစ်ချင်တဲ့ဟာ ဖြစ်တာနဲ့စာရင် သူတို့ဖြစ်ချင်တာလေးကို မြေတောင်မြှောက်ပေးလိုက်တာ ပိုကောင်းမယ်ပေါ့။ အဲ့ဒါလေး ကျွန်မသိလိုက်တယ်။ သူတို့ဖြစ်ချင်တာလေးတွေကိုပဲ ကောင်း၏မကောင်း၏၊ သင့်တော်၏မတော်၏ကိုပဲ လုပ်ပေးတယ်။ သူဘယ်သူပဲဖြစ်ဖြစ် ကျွန်မက ချစ်နေမှာပါ။ သူတို့ရဲ့ ဖြစ်တည်မှုကိုပဲ ကျွန်မက အမြဲတမ်းမြေတောင် မြှောက်ပေးမှာပါ။ ကျွန်မအတွက် ထူးထူးခြားခြား မရှိခဲ့ပါဘူး။


ဟန်လင်း (Gay)

ကျွန်တော်ဘဝမှာ တကယ်တော့ အများကြီး ညှိစရာမလိုခဲ့ပါဘူး။ အမေက အရာရာတိုင်း တကယ်နားလည်ပေးတဲ့ အမေပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်ကလည်း ကိစ္စတစ်ခုဆို ဖုံးကွယ်ထားလေ့ မရှိဘူး။ ဒီလိုကိစ္စတွေမှ မဟုတ်ဘူး။ ငယ်ငယ်တုန်းက ကျောင်းပြန်လာရင် ဘာတွေဖြစ်ခဲ့တာကအစ အမေ့ကို အသေးစိတ်ပြောပြတာဆိုတော့ ဒီလိုမျိုးဖြစ်တဲ့အချိန်မှာလည်း ဘာမှမဖုံးကွယ်ထားဘူး။ ပွင့်ပွင့်လင်းလင်း ပြောတဲ့အလျောက်ပဲ အမေက နားလည်ပေးတယ်။ အဲ့တာတော့ ကျွန်တော်အတွက် ဘုရားပေးတဲ့လက်ဆောင်ပေါ့။


ဒေါ်စိန်စိန်ဝင်း (ဟန်လင်းအမေ)

အန်တီမှာ သား(၃)ယောက်ရှိတယ်။ အငယ်ဆုံးသားလေးပါ။ အစ်ကိုတွေနဲ့လည်း သိပ်အဆင်မပြေတော့ဘူး။ အဲ့လိုလေးဖြစ်လာတယ်။ သားကို တဖြည်းဖြည်း ဂရုစိုက်လာမိတယ်။ နောက်မှ တဖြည်းဖြည်းသိလာတယ်။ တကယ့်အရေးကြီးဆုံးကလေ ကြီးကြီးကျယ်ကျယ်ပြောရင် တစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံးအထိတောင် မရောက်သေးဘူး၊ ကိုယ့်မိသားစု တစ်ခုထဲမှာပဲ အကုန်စိတ်ချမ်းသာဖို့ အဓိကဆိုတော့ သားလေးကိုလည်း အရမ်းစိတ်ချမ်းသာစေချင်တယ်။ ကိုယ်က အဲဒီကနေစပြီး သူ့ကို လက်ခံတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် ချစ်နေရင်ပြီးရော၊ လောကကြီးမှာ ဘာမှကိစ္စမရှိဘူး၊ အားငယ်စရာမလိုဘူး။ အဲလို ရပ်တည်ခဲ့ပါတယ်။ ယနေ့ထက်တိုင်အောင် သားလေးစိတ်ချမ်းသာရင်ပြီးရော။


လင်းလက်ဖြူ (Lesbian)

LGBT အပေါ်ခံယူထားတာကတော့ လူလို့ဖြစ်လာရင်တော့ ရွေးချယ်ချက်တွေ အများကြီးရှိတယ်လေ။ ယောက်ျားချင်းဖြစ်စေ မိန်းမချင်းဖြစ်စေ ဘယ်လိုပဲကြိုက်ကြိုက်ပါ လူသားချင်းကြိုက်တာပဲဆိုတော့ ဒီအပေါ်ခံယူထားတဲ့ စိတ်ကတော့ အချစ်ဟာ အချစ်ပါပဲ။ အချစ်ဟာ လိင်မှုကိစ္စမဟုတ်သလို လိင်မှုကိစ္စကလည်း အချစ်မဟုတ်ပါဘူး။ ဘယ်လိုပဲ ချစ်ချစ်ပါ။ အဓိက သစ္စာရှိပြီး ချစ်ဖို့အရေးကြီးပါတယ်။ လူနှစ်ယောက်ဟာ လက်နက်ကိုင်ပြီးတော့ တိုက်ခိုက်နေတာထက်စာရင် ချစ်နေတာက ပိုကောင်းပါတယ်။ ကျွန်တော် ငယ်ငယ်လေးကတည်းက ယောက်ျားလေးဆို စိတ်မဝင်စားခဲ့ဘူး။ မိန်းကလေးပဲ စိတ်ဝင်စားတယ်။ ကိုယ် Lesbian ဖြစ်နေတာ မသိခဲ့ဘူး။ (၉)တန်းနှစ်လောက်မှ Facebook စသုံးရင်း သိလာခဲ့တာပါ။ ကိုယ်ဖြစ်တည်တဲ့အပေါ် အခုထိလည်း အမေက လက်မခံပါဘူး။ ယောက်ျားလေးလိုဖြစ်ချင်တာ အမေက ခွင့်မပြုဘူး။ မိန်းကလေးလိုမွေးလာရင် မိန်းကလေးလိုဝတ်ရမယ် စိတ်ထားရမယ်လို့ ပြောတယ်။ ကိုယ်ကတတ်နိုင်သလောက် ကြိုးစားရတယ်။ မိသားစုကို အတိုက်အခံလုပ်ရတယ်။


 

 

ဒေါ်ဝင်းဝင်း (လင်းလက်ဖြူ အမေ)

ဒီ (IDAHOT-2018) ပွဲကို သမီးလာချင်တယ်ဆိုလို့ သမီးတွေ စိတ်ချမ်းသာအောင် လိုက်ပို့တာပါ။ မိဘတစ်ယောက်အနေနဲ့ခံစားရတာတော့ ကလေးတွေအားလုံး သူတို့ ဆန္ဒလေးတွေ လုပ်တယ်လို့ပဲ။ အခုလို လိုက်လာတာ ပျော်ပါတယ် စိတ်ချမ်းသာပါတယ်။ ခွင့်လွှတ်ပေးရတာပေါ့နော်။ သမီးက အဲ့အဖွဲ့ဝင်ဖြစ်နေတာပဲပေါ့။ မိဘတစ်ယောက်အနေနဲ့ ပထမလက်ခံတာတော့ မခံနိုင်ဘူးပေါ့ကွယ်။ လာမယ်ဆိုတာတောင် ခွင့်မပြုဘူး။ သူတို့လာမယ်ဆိုလို့ အစ်မကိုယ်တိုင်လိုက်လာတာပါ။ အခုပွဲကို အခုလိုဆိုတော့ ပျော်တယ်။

 


ကြယ်စင်လင်း
တင်ဆက်သည်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.