အမျိုးသမီးမို့ ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း ယုံကြည်မှု အပြည့်ရှိပါတယ်လို့ဆိုတဲ့ အလှမယ် ထက်ထက်ထွန်း

လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ကိုယ်စားလှယ်လောင်းရွေးချယ်ပွဲမှာ အမျိုးသမီးမို့ မဖြစ်နိုင်ဘူးလို့ ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း ယုံကြည်မှုအပြည့်ရှိလို့ ပါဝင်ယှဉ်ပြိုင်တာပါလို့ အလှမယ် ထက်ထက်ထွန်းက ဆိုလိုက်ပါတယ်။

လာမယ့် မတ်လ(၃၁)ရက်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ပြီး အလှမယ် ထက်ထက်ထွန်းအနေဖြင့် မဲဆန္ဒနယ် (၃) မှ ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

“လူငယ်လည်း ဖြစ်တယ်။ နောက်တခုက အမျိုးသမီးပေါ့။ မဖြစ်နိုင်ဘူးလို့ ပြောကြတယ်။ အဲလို တွေးတဲ့သူတွေအတွက်က အခက်အခဲလို့ ပြောလို့ရတယ်။ ထက် အမြင်မှာတော့ လူငယ်က ပိုခွန်အားရှိတယ်။ အတွေးအမြင်အသစ်တွေ ရှိတယ်။ အမျိုးသမီးမို့ ပျော့ညံ့တယ်၊ လုပ်နိုင်ပါ့မလားလို့ ဝေဖန်နေသူတွေကို ထက်က အလုပ်နဲ့ပဲ သက်သေပြမှာပါ။ ထက် ယုံကြည်မှုအပြည့်ရှိလို့ ဝင်ပြိုင်တာပါ”လို့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်ထက်ထက်ထွန်းက ပြောသည်။

ထက်ထက်ထွန်းအနေဖြင့် သူမ ပါဝင်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ် (၃) အတွင်းရှိ မြို့နယ်တွေမှာ ရင်ဆိုင်နေရတဲ့ နောက်ဖေးလမ်းကြား အမှိုက်ပြဿနာ၊ ကားပိတ်ခြင်းနဲ့ ကားပါကင်ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြည်သူတွေကို ကတိပေးထားပါတယ်။

“အမျိုးသမီးတွေဆို ပျော့ညံ့တယ်လို့ ထင်ကြတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကိုဆို အိမ်မှုကိစ္စတွေ လုပ်ပြီးတော့ ရှေ့ထွက်ရမယ့် ကိစ္စတွေဆို သူတို့နဲ့ မဆိုင်သလိုမျိုး ပြောကြတယ်။ နယ်ပယ်အားလုံးမှာ အောင်မြင်နေတဲ့ အမျိုးသမီးတွေလည်း ရှိတယ်။ ထက်လည်း ယုံကြည်မှုရှိပါတယ်။ ဒီရန်ကုန်မြို့ကို ပြောင်းလဲပေးချင်တဲ့ စိတ်စေတနာ ရှိပါတယ်။ အပင်ပန်းခံနိုင်တဲ့ ခွန်အားရှိပါတယ်။ အမျိုးသမီး၊ အမျိုးသားဆိုပြီး မခွဲခြားစေချင်ပါဘူး။ အများပြည်သူကို အကျိုးပြုနိုင်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်။ ဒါ ထက်ရဲ့ ဆန္ဒပါ” လို့ ထက်ထက်ထွန်းက ထပ်မံပြောပါတယ်။

သူမအနေနဲ့ Best National Costume Award in Miss Universe 2016 at Philippine ဆုနဲ့ Miss Universe Myanmar 2016 ဆု စသည်တို့ကို ရရှိထားသူဖြစ်ပြီး ၎င်းယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်အတွင်းက ဈေးသည်တွေကိုလည်း စနစ်တကျ ဈေးရောင်းနိုင်ဖို့ ဖန်တီးပေးချင်တယ်လို့ ထပ်မံပြောထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.